သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Zimmerman အမှု တရားရုံးဆုံးဖြတ်ချက် မြို့ကြီးတွေမှာ ဆန္ဒပြ


အမေရိကန်နိုင်ငံ Florida ပြည်နယ်မှာ လက်နက်မဲ့ အမေရိကန် အာဖရိကန် ဆယ်ကျော်သက်ရွယ် လူငယ် Trayvon Martin ကို အိမ်ယာလုံခြုံရေး စေတနာ့ဝန်ထမ်း စောင့်ကြည့်လေ့လာနေသူ အမေရိကန်လူမျိုး George Zimmerman က သတ်ဖြတ်လိုက်တဲ့အမှုမှာ Zimmerman အပြစ်မရှိကြောင်း တရားရုံး ဂျူရီလူကြီးတွေက ဆုံးဖြတ်လိုက်တဲ့အတွက် အမေရိကန် မြို့ကြီးတော်တော်များများမှာ တနင်္ဂနွေနေ့က ဆန္ဒပြသူတွေ စုရုံးဆန္ဒပြခဲ့ကြပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ လူမျိုးရေးကို အခြေခံတဲ့ စီရင်ချက်ဖြစ်တယ်လို့ ရှုမြင်ကြတဲ့ ဆန္ဒပြသူတွေက နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ ဘော့စတွန်၊ ဒက်ထရွိုက် နဲ့ ချီကာဂို အပါအဝင် မြို့ကြီးတွေမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေမှာ တရားမျှတမှုရှိရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

တနင်္လာနေ့ကတော့ Los Angeles မြို့က Cable News Network အဆောက်အဦးနားမှာ အဓိကရုဏ်း ရဲတပ်ဖွဲ့ဝင်တွေက ဥပဒေနဲ့မညီတဲ့ စုဝေးမှုလို လူစုလူဝေးတွေကို ဖြိုခွင်းခဲ့ပြီး လူ ၆ ယောက်ထက်မနည်း ဖမ်းဆီးခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဖြစ်ပြီး တရားသူကြီးကလည်း ဆုံးဖြတ်ခဲ့ပြီးဖြစ်တာမို့ အားလုံး အေးအေးချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ်ရှိဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက တနင်္ဂနွေနေ့က ပန်ကြားလိုက်ပါတယ်။

ဒီအမှုကို အမေရိကန် ရုပ်မြင်နဲ့ အင်တာနက် သတင်းတွေမှာ လနဲ့ချီဖော်ပြခဲ့ပြီး၊ အမေရိကန်နိုင်ငံရဲ့ ပြစ်မှုနှိမ်နင်းရေးနဲ့ လူမျိုးရေးဆိုင်ရာ အမျိုးသားကိစ္စအဖြစ်နဲ့ ဆွေးနွေးငြင်းခုန်မှုတွေလည်း အရှိန်မြင့် လာခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG