သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီးစပ်သူတွေ ကိုယ်ရေးအရာရှိ မခန့်ဖို့ အစိုးရ အမိန့်ထုတ်


 ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေးကျင်းပနေစဉ် ။ ဧပြီ ၂၁၊ ၂၀၁၆ (Photo-president office )
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေးကျင်းပနေစဉ် ။ ဧပြီ ၂၁၊ ၂၀၁၆ (Photo-president office )

အစိုးရသစ်လက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ ကိုယ်ရေးအရာရှိ ခန့်တဲ့အခါ မိသားစုဝင်နဲ့ ဆွေမျိုးနီးစပ်တွေ မခန့်အပ်ရဘူးလို့ သမ္မတရုံး ဝန်ကြီးဒေါ်အောင်ဆန်းစုကြည် က ညွှန်ကြားချက် ထုတ်ပြန်လိုက်တာဟာ အဂတိ လိုက်စားမှု ပပျောက်ရေး လုပ်ငန်းစဉ်ထဲက ခြေလှမ်းတရပ်အဖြစ် သုံးသပ်ရှု့မြင်ကြပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေဘက်ကလည်း ကိုယ်ရေးအရာရှိ ခန့်အပ်တဲ့ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ချက် အတိုင်းဆောင်ရွက်မယ်လို့ စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့ဝန်ကြီးချုပ် ကလည်း ပြောပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရလက်ထက် မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ ကိုယ်ရေးအရာရှိ ခန့်အပ်တဲ့အခါ ဇနီး၊ ခင်ပွန်း၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ သားမက်၊ ချွေးမ၊ တူ တူမနဲ့ မြေးမြစ်တွေကို ခန့်အပ်ခြင်းမပြုရဘူးဆိုပြီး သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၁ရက်နေ့ နေ့စွဲနဲ့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။

ကိုယ်ရေးအရာရှိတွေကို ခန့်အပ်တဲ့အခါ ဌာနဆိုင်ရာဝန်ထမ်းကိုသာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့အညီ ရွေးချယ်တာဝန်ပေးဖို့ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေပါ ညွှန်ကြားချက်ကို လိုက်နာဖို့ ဖြန့်ဝေထားတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က သူ့အစိုးရအဖွဲ့တခုလုံး ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နေတယ်လို့ ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ဘက်ကအနေနဲ့ကတော့ အခု PSO တွေကို ကိုယ့်အမျိုးတွေထဲကတော့ ထားဖို့ ဘာမှမရှိသေးပါဘူး။ အဲဒီဟာဘာမှ ပြဿနာမဖြစ်သေးပါဘူး။ ဒီအချိန်ဒီကာလမှာ အခု အကူးအပြောင်းကာလမှာ တို့ပါတီက ချမှတ်တဲ့မူအတိုင်း ဆရာတို့က တသွေမတိမ်း လိုက်နာမှာပဲ။”

သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ခန့်အပ်ခြင်းနဲ့ပတ်သက်ပြီး ရုံးတွင်းထုတ်ပြန်တဲ့ ကြေညာချက်ကို အခု သမ္မတရုံးက တရားဝင် အများပြည်သူသိအောင် ထုတ်ပြန်တာဟာ အစိုးရသစ်လက်ထက် အဂတိလိုက်စားမှု လာဘ်ပေးလာဘ်ယူပြဿနာ ပပျောက်အောင် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းက ရှု့မြင်ပါတယ်။

“လာဘ်ပေး လာဘ်ယူမှုကိုဖြစ်စေတဲ့ အကြောင်းတွေထဲက တခုကိုသူ တားဆီးဖို့ကြိုးစားတဲ့ပြင်ဆင်မှုလို့ ကျနော်တို့သုံးသပ် ပါတယ်ခင်ဗျ။ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းတွေရော ၊တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရကော၊ လွှတ်တော်ရော ၊ဒီ အစိုးရနဲ့ ပတ်သက်တဲ့ အကြီးအကဲအပိုင်းတွေမှာ ကျနော့်အမြင်အားဖြင့်တော့ ကိုယ်ရေးအရာရှိကို ဆွေမျိုးသားချင်းကနေ ခန့်ထားတာ လုံးဝမလုပ်သင့်ဘူးလို့ ကျနော် မြင်တယ်။”

ဧပြီလဆန်းပိုင်းကတည်း ကထုတ်ပြန်ထားတဲ့ ကြေညာချက်ကို သမ္မတရုံးဝန်ကြီးရုံးက ဒီရက်ပိုင်းမှာ ပြန်လည်ထုတ်ပြန်လိုက်တာဟာ ပြီးခဲ့တဲ့သင်္ကြန်ကာလအတွင်းတုန်းက အရေးကြီးပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးအရာရှိကတဆင့် မီဒီယာကြီးတခုက ငွေသားလက်ဆောင်ပေးခဲ့တဲ့ကိစ္စနဲ့လည်း ဆက်စပ်နေပုံရတယ်လို့လည်း ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

“လက်တလော သင်္ကြန်အတွင်းမှာ သိန်း ၅၀ ပေးတဲ့ကိစ္စမှာလည်းပဲ ဒီမီဒီယာ ကုမ္ပဏီကနေပြီးတော့ ကိုယ်ရေးအရာရှိကိုပေးတာမျိုးဖြစ်နေတယ်။ အဲဒီအခါကျတော့ အဲဒီကိုယ်ရေးအရာရှိတွေဟာ ဆွေမျိုးနီးစပ်တွေ သားသမီးတွေဖြစ်နေမယ်ဆိုရင် တဖက်ကကြည့်မယ်ဆိုရင် အဂတိလိုက်စားမှု လာဘ်ပေးလာဘ်ယူမှုကို ပိုပြီးတော့ ထိန်းချုပ်ရတာခတ်မယ်လို့ ကျနော်မြင်တယ်။ ဆွေးမျိုးသားချင်းမဟုတ်သူတွေကို ကိုယ်ရေးအရာရှိ ခန့်ထားမှသာလျှင် ကိုယ်ရေးအရာရှိကနေတဆင့် သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝန်ကြီးနဲ့ပတ်သက်တဲ့ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝန်တွေနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့အချက်တွေကို သိနိုင်ပြီးတော့ အရေးယူမှု၊ ကြေညာပေးမှု၊ သိသင့်သိထိုက်တာတွေကို ပိုဆောင်ရွက်နိုင်မယ်လို့မြင်ပါတယ်။”

သမ္မတရုံးရဲ့ ညွှန်ကြားချက်ကို သမ္မတဝန်ကြီးကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားပေမဲ့လို့ တကယ်လို့ အစိုးရအဖွဲ့၊ လွှတ်တော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေမှာ ကိုယ်ရေးအရာရှိကို ဆွေမျိုးနီးစပ်ကို ခန့်အပ်ခဲ့ရင် ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတဲ့ အသေးစိတ် ညွှန်ကြားချက် ထုတ်ပြန်ထားတာမျိုးတော့ မတွေ့ရသေးပါဘူး။

XS
SM
MD
LG