သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသစ်အပေါ် လူထုအမြင်နဲ့ မျှော်လင့်ချက်


မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ပြည်သူ့ရွေးကောက်ခံ သမ္မတအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် ယုံကြည်အားထားရသူ ဦးထင်ကျော်ကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲအများစုနဲ့ အတည်ပြုလိုက်ပါပြီ။ ဒီအပေါ် ပြည်သူတွေရဲ့ အမြင်တွေကို မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။

စစ်အစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ တွင်း ပထမဆုံးအကြိမ် အရပ်သား သမ္မတအဖြစ် NLD ပါတီက ရွေးချယ်ခဲ့တဲ့ ဦးထင်ကျော် သမ္မတဖြစ်လာတဲ့အပေါ် လူထုတွေကြားမှာတော့ မျှော်လင့်ချက်တွေက အမျိုးမျိုး ရှိနေပါတယ်။ လူထုအကျိုးပြု ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေသူ၊ ဗြဟ္မစိုရ်တရား လက်ကိုင်ထားသူတဦး သမ္မတ ဖြစ်လာတာဟာ တိုင်းပြည်အနာဂတ်အတွက် ဝမ်းသာစရာပဲလို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

“နှစ်ပေါင်း ၅၀ အတွင်းမှာ အရပ်သားအစိုးရ ဦးထင်ကျော်ဖြစ်သွားတဲ့အတွက် ကျနော်တို့က ဝမ်းသာတယ်၊ ကျေနပ်တယ်။ ပီတိလည်းဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဦးထင်ကျော်က ဒါ အရင်ကတည်းက ကျနော်တို့နဲ့ တွေ့နေကြ၊ ဆုံနေကြ၊ ဦးထင်ကျော်ဟာ တကယ့်ကို လူသားချင်းစာနာစိတ်လည်း ရှိတယ်။ ကျနော်တို့ ပရဟိတသမားတယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဒါ ဗြဟ္မစိုရ်တရား လက်ကိုင်ပြုထားတဲ့ လူသားတဦးလည်းဖြစ်တယ်။ အဲတော့ ဒါကို ကျနော်တို့က ကျေနပ်တယ်။ ဘာကြောင့်လဲဆိုရင် တိုင်းပြည်ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောထားခဲ့တယ်။ တိုင်းပြည်တပြည်ဟာ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးရင် ကပ်ဘေးအမျိုးမျိုး ကြုံတယ်ဆိုတော့ ဒါ ကျနော်တို့ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးတဲ့အတွက် ကျနော်တို့တိုင်းပြည်က ကပ်တွေ ကြုံနေခဲ့တာ။ စစ်ဘေး၊ ရေဘေး၊ မီးဘေး၊ လေဘေး၊ လူမျိုးရေးပဋိပက္ခတွေ၊ ဒါ ဗြဟ္မစိုရ်တရားနဲ့ အုပ်ချုပ်မယ့် သမ္မတကြီးရတဲ့အတွက် ဒါ ကျနော်တို့တိုင်းပြည်က ဒီကပ်တွေနဲ့ လွတ်ကင်းတော့မယ့် ပုံရှိတဲ့အတွက် ကျနော်တို့က ကျေနပ်တယ်။”

လူထုယုံကြည်အားကိုးရတဲ့ နိုင်ငံရေးပါတီကနေ ရွေးချယ်ခံရပြီး နိုင်ငံရေးအကျဉ်းသားတဦးလည်း ဖြစ်ခဲ့ဖူးတဲ့ ဦးထင်ကျော် သမ္မတဖြစ်လာတဲ့အပေါ် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အပါအဝင် တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ လူထုအကျိုးကို ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြသူတွေကတော့ အများအပြားပါ။

“အများကြီးကိုပဲ မျှော်လင့်ထားပါတယ်။ ကိုယ်ယုံကြည်ရတဲ့ ပါတီကနေပြီးတော့မှ သမ္မတဖြစ်သွားပြီဆိုတော့ နိုင်ငံရေးအပြောင်းအလဲပေါ့နော်။ မြန်မာပြည်မှာကဖြစ်နေတဲ့ တိုက်ပွဲတွေပေါ့နော် မငြိမ်းချမ်းတဲ့နေရာတွေမှာ အကုန်လုံး ငြိမ်းချမ်းရေးလည်း ရစေချင်တယ်။ အခု လောလောဆယ်မှာကတော့ ကျမတို့တွေအားလုံး ကြုံတွေ့နေရတဲ့ မတော်မတရားတဲ့ပုဒ်မတွေနဲ့ အတူပေါ့နော် ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အကျဉ်းသားတွေပေါ့နော် ကျမတို့ရဲ့ညီအကိုမောင်နှမတွေ အဲဒါမျိုးလေးတွေကအစပေါ့။ ငြိမ်းချမ်းရေးကိုလည်း သူ လုပ်ဆောင်ပေးနိုင်မယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စကိုလည်း သူ ဆောင်ကြဉ်းပေးနိုင်မယ်လို့ ကျမတို့ကတော့ ယုံကြည်မိပါတယ်။”

“ဦးထင်ကျော်ကို ကျနော်တို့အနေနဲ့ ဘယ်လိုမြင်သလဲဆိုတော့ တိုင်းပြည်နဲ့ လူမျိုးအတွက်ကို အင်မတန် အားထားရလောက်တဲ့ ပုဂ္ဂိုလ်တယောက်အဖြစ်နဲ့ ကျနော်က ကြိုမြင်ထားပြီးသားပါ။ အထူးသဖြင့် ကျနော်တို့သိတာက ဆရာဦးထင်ကျော်ကို ဒလက်ဘန်းအနေနဲ့ သိတာ။ နောက်ပြီးတော့ ကျနော်တို့ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာဆရာကြီးရဲ့သား၊ ဘာပဲပြောပြောပေါ့နော် ကဗျာတွေကို ပြန်ပြီး အသက်သွင်းဖို့ရှိတယ်။ ကျနော်တို့ရဲ့ ပညာရေးအပေါ်မှာ အဆက်အသွယ်ပြန် လုပ်ခွင့်ရှိတယ်။ မျိုးဆက်တွေ ပြန်ပြီးတော့ မြေတောင်မြှောက်မယ်ဆိုတဲ့ သဘောလည်း ကျနော်တို့ မြင်မိတယ်ပေါ့နော်။ ဆရာကြီးရဲ့ အသက်အရွယ်ရယ်၊ ဆရာကြီးရဲ့ အတွေ့အကြုံရယ်၊ ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်ကြည့်မယ်ဆိုရင် ဆင်းသက်လာတဲ့ မျိုးရိုးဇာတိအရပေါ့နော် ဒါတွေအကုန်လုံးကို တိုင်းပြည်နဲ့ လူမျိုးအတွက်ကို အင်မတန် ဝမ်းသာပါတယ်။ အပြင်ကနေပြီး အလွတ်သင် ဆရာတယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့ စစ်တပ်က ရွေးချယ်တာမှန်သမျှ တခုမှ ကျနော်မကြိုက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်။ ကောင်းတာလုပ်လုပ်၊ မကောင်းတာလုပ်လုပ်၊ ကျနော်တို့ အစဉ်လာတလျှောက်လုံး ကျနော်တို့ မ.ဆ.လ လက်ထက်ကပေါ့ ၁၉၆၁-၆၂ ကစလို့ ဒီနေ့အချိန်ရောက်အောင် အခု ကျနော်စကားမပြောခင် အချိန်ထိအောင်ပေါ့နော် တိုင်းပြည်နဲ့ လူမျိုးအတွက်ကို နှိပ်စက်လာတာ။ အဲဒီအတွက် ကျနော်ကတော့ ဘာတခုမှ အကောင်းမမြင်နိုင်ဘူး။”

“ကျနော်တို့က အကောင်းဆုံး မျှော်လင့်ပါတယ်။ နေ့ချင်းညချင်းတော့လည်း မဟုတ်ဘူးပေါ့။ တကယ်တမ်းကျတော့ ၅ နှစ်ဆိုတဲ့ အတိုင်းအတာက ဘာမှမဟုတ်ဘူးပေါ့။ ဒါပေမဲ့ အနည်းဆုံး အစိုးရသစ်မှာပေါ့ သူတို့မှာ ရည်ရွယ်ချက် ကောင်းကောင်းတော့ရှိတယ်။ ဘယ်လို အစီအမံကောင်းကောင်းနဲ့ လုပ်မလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ ကျနော်တို့က ရလဒ်ကောင်းတွေ စောင့်ကြည့်ရမှာပေါ့နော်။”

“ကျနော်တို့က ပထမဆုံးပြောရမယ်ဆိုရင်တော့ ဝမ်းသာတယ်။ ပျော်လည်းပျော်တယ်။ ဗမာတပြည်လုံး ပြည်သူတွေအားလုံးအတွက်လည်း ဝမ်းသာတယ်။ ဘာလို့လဲဆိုတော့ နှစ်ပေါင်း ၅၀ ကျော် လွတ်လပ်ရေးရပြီးကတည်းက ကျနော်တို့တိုင်းပြည်ဟာ တက်လာသမျှ အစိုးရတွေ၊ သမ္မတတွေက တပ်ကကြီးပဲ လာတယ်။ တပ်ကလာတဲ့လူတွေရဲ့ အိုင်ဒီယာက ဒီနေ့ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ကျဉ်းမြောင်းတယ်။ ကျနော်တို့က အခု ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ဆိုရင် ဒီပြောင်းလဲလာတဲ့ အပြောင်းအလဲတွေကို စိန်ခေါ်နိုင်တဲ့ ပညာတတ်၊ အရပ်သား၊ သမ္မတတွေကိုပဲ အလိုရှိတယ်။”

မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက် ပြုပြင်ပြောင်းလဲစရာတွေ အများကြီး ကျန်နေသေးပြီး အားလုံး ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မယ့် အခြေအနေမှာ မျှော်လင့်ချက်တွေ အလွန်အကျွံ မထားမိစေဖို့ သတိပေးသူလည်း ရှိပါတယ်။

“ကျနော့်တယောက်တည်းအမြင်ကတော့ အခုအချိန်မှာ အများကြီးတော့ မျှော်လင့်ထားလို့ မရသေးဘူး။ တဖြေးဖြေးချင်းသွားရမယ့်၊ အားလုံးပေါင်းပြီး လုပ်ရမယ့်အတွက်ကြောင့် ဒီလိုမျိုး ကျနော်တို့ ဒီလိုမျိုး မျှော်လင့်တဲ့သမ္မတ တက်ပြီး တာဝန်ထမ်းဆောင်ရုံလောက်နဲ့တော့ အများကြီး ပြောင်းလဲလာမှာ မဟုတ်သေးဘူး။ အားလုံး ဝိုင်းပြီးတော့ ကြိုးစားပမ်းစား လုပ်ရမယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် ယုံကြည်အားထားရသူ၊ ပြည်သူတွေ လေးစားလောက်တဲ့ ပညာတတ်ပုဂ္ဂိုလ်တဦး ဖြစ်တဲ့အပြင် လူထုအကျိုးပြု ပရဟိတ အဖွဲ့တခုဖြစ်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း စတင် ဖွဲ့စည်းချိန်ကတည်းကနေ အလုပ်အမှုဆောင် အဖွဲ့ဝင်တယောက်အနေနဲ့ ဦးဆောင် လုပ်ကိုင်နေတဲ့ ဦးထင်ကျော်ကို နိုင်ငံတော် သမ္မတသစ်အဖြစ် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တာကြောင့် မကြာခင် ဖွဲ့စည်းမယ့် အစိုးရသစ်ကို ဦးဆောင်ရတော့မှာပါရှင်။

XS
SM
MD
LG