သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ ဟန်ပြပြောင်းလဲသူတွေကို မဲမပေးဖို့ ဒေါ်စုတိုက်တွန်း


ပျဉ်းမနား၊ နေပြည်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုသဘောထားခံယူပွဲမြင်ကွင်း။ (နိုဝင်ဘာ ၁၈၊ ၂၀၁၃)
ပျဉ်းမနား၊ နေပြည်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုသဘောထားခံယူပွဲမြင်ကွင်း။ (နိုဝင်ဘာ ၁၈၊ ၂၀၁၃)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲတာမျိုးမလုပ်တဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို တိုက်တွန်းလိုက်ပါတယ်။ ပျဉ်းမနား နေပြည်တော်မှာ တနင်္လာနေ့က ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာပါ။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထု ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို တက်ရောက် ဟောပြောတာဟာ ပထမဆုံးအကြိမ်လို့ ဆိုရမှာပါ။ အဓိက-ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မြန်မာပြည်သူတိုင်းမှာ တာဝန် ရှိတယ်ဆိုတဲ့အပိုင်းကို ဒေါ်အောင်ဆန်းစုကြည်ပြောသွားပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပေါ်ယံဟန်ပြ ပြင်မယ့်ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ သူ့အနေနဲ့တိုက်တွန်းမှာဖြစ်တယ်လို့ ပြောပါတယ်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးမှာ တကယ်ပဲ စေတနာပါလား၊ မပါဘူးလားဆိုတာ-အဲဒါပဲကြည့်ပါ။ တခြားဘာပဲ ပြောပြော၊ ဘယ်လိုပဲပြုံးပြုံး၊ ဘယ်လိုမက်လုံးတွေပဲပေးပေး၊ ဘယ်လိုပဲ တိုင်းပြည်ရဲ့အကျိုးအတွက် လိုလားပါတယ်လို့ ပြောပြော၊ စောစောက ကျမပြောခဲ့သလို- တိုင်းပြည်မှာဆိုရင် ကျမတို့ရဲ့အေးချမ်းသာယာရေးအတွက်၊ တိုးတက်ရေးအတွက်၊ တည်ငြိမ်ရေး အတွက်၊ အားလုံးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးဟာ လိုကို လိုအပ်တယ်။ အဲဒီဟာကို မလိုလားဘူးဆိုရင် ကျန်တာတွေကိုလည်း တကယ် မလိုလားဘူးလို့ပဲ ကျမ သတ်မှတ်ရမှာပဲ။ ဒီတော့ အဲဒါတွေက ကျမတို့ ပြည်သူတွေက သေသေချာချာကြည့်ပါ။ ကျမကတော့လေ- ဗြောင် လောဘ၊ ဒေါသ၊ မောဟတွေကို ထုတ်ဖော်တဲ့သူကို ပိုပြီး သဘောကျတယ်။ အဲဒီတော့မှ သိရတာပေါ့- အခြေအနေ။ ပြုံးပြုံး..ပြုံးပြုံးနဲ့လုပ်တဲ့ဟာက တော်တော် အန္တရာယ်များတယ်။ ဒါကြောင့် ကျမပြောတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ပြားသားမှ မပြောင်းဘူး၊ ရထားတဲ့အခွင့်အရေးကို မလွှတ်နိုင်ဘူးဗျာ-လို့ ပြောတဲ့သူတွေကို ကျမပိုပြီးတော့ လေးစားတယ်။ အဲဒီလိုမပြောဘဲနဲ့ ပြည်သူအတွက် မကောင်းမှာစိုးလို့- ဘာမှ အရေးမကြီးတဲ့ ဟိုအချက်ကလေး၊ ဒီအချက်ကလေးပဲပြောင်းပါရစေဆိုတဲ့- အဲဒီလိုလူတွေကိုတော့ နောက် ဘယ်တော့မှ မဲမပေးနဲ့လို့ ပြောမယ်။”

ဒီလူထုအခမ်းအနားမှာ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်းခဲ့တာနဲ့ ပတ်သက်လို့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက အခုလိုပြောပြပါတယ်။

“လွှတ်တော်ကနေမှ ပြည်သူများဆန္ဒအရ ဖွဲ့စည်းထားတယ်ဆိုတဲ့ ပြည်သူ့ဆန္ဒမဲနဲ့ လွှတ်တော်ကိုယ်တိုင်က ဒီကိစ္စ ဆောင်ရွက်နေတယ်။ အဲဒီတော့ တော်ရိလျော်ရိ ပြင်မယ်၊ ဟန်ဆောင်ပြင်မယ်- ဒီလိုပြင်မယ့်ပါတီ မဲမပေးနဲ့၊ ဒါ ပြတ်ပြတ်သားသား ပြောတယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ ဒီလို ပြည်သူအပေါ် အထင်သေးတဲ့ပုံစံမျိုး၊ တော်ရိလျော်ရိနဲ့ ကဖျက်ယဖျက်ပုံစံမျိုး ဖြစ်လာတယ်ဆိုရင် အဲဒီ ပါတီ၊ အဲဒီပုဂ္ဂိုလ်ကို မဲမပေးနဲ့၊ ဒါ ပြည်သူလုပ်နိုင်တဲ့အင်အား။

နောက်တစ်ခုက အဖွဲ့ချုပ်အနေနဲ့ကလည်း အဲဒီလိုလုပ်မယ်ဆိုရင် ပြည်သူကို စော်ကားတဲ့ပုံစံမျိုး၊ ပြည်သူ့ကို အထင်သေးတဲ့ပုံစံမျိုးနဲ့ ဆောင်ရွက်မယ်ဆိုရင် ဒီဘက်က ဆောင်ရွက်ဖို့ အစီအစဉ်တွေရှိတယ်လို့ပဲ တိတိလင်းလင်း ပြောလိုက်တယ်။ အန်တီကိုယ်တိုင်က၊ ခေါင်းဆောင်ကိုယ်တိုင်က ဒါ သူ့ကို ထောက်ခံချင်တဲ့သူတောင် အခြေခံဥပဒေကို နားမလည်ဘဲနဲ့ မထောက်ခံဖို့ ပြည်သူတွေကို ပြောတယ်။ ပြည်သူတွေကိုယ်တိုင်ကလည်း အခြေခံဥပဒေဆိုင်ရာ အချက်တွေကို ကျနော်တို့ ဥပဒေပညာရှင်တွေက ထောက်ပြတာကို တိတိကျကျနဲ့ ရှင်းလင်းစွာ နားလည်နိုင်တဲ့ဟာတွေကိုလည်း ကျနော်တို့ တွေ့ရှိရတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ၂၅% ပါနေတဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်း စုကြည်က အခုလိုထောက်ပြပြောဆို သွားပါတယ်။

“ကျမက တပ်မတော်ကိုယ်စားလှယ်တွေကိုလည်း ပြောချင်တယ်။ တိုင်းပြည်ရဲ့ အကျိုးကို ကြည့်ပါ။ တကယ်ပဲ တိုင်းပြည်အပေါ်မှာ စေတနာရှိတယ်ဆိုရင် တပ်မတော်ရဲ့အခြေအနေ၊ တပ်မတော်ရဲ့အနေအထားကို ပြန်ကြည့်စရာ မလိုပါဘူး။ ကိုယ့်တိုင်းပြည်တောင့်လို့ရှိရင် တပ်မတော်က တောင့်မှာပါ။ ပြည်သူလူထုက ကိုယ့်အနောက်မှာ မားမားမတ်မတ်ရှိလို့ရှိရင် ဘယ်တပ်မတော်မှ မယိမ်းယိုင်နိုင်ပါဘူးလို့ ကျမက ပြောချင်ပါတယ်။”

ပြည်သူတွေအနေနဲ့ သူတို့ရင်ဆိုင်နေရတဲ့ ဖိနှိပ်မှုအခက်အခဲတွေနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ အကာအကွယ် ပေးနိုင်တဲ့နည်းလမ်းတွေကိုလည်း ဒီလူထု ဟောပြောပွဲမှာ စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူထုဆန္ဒ သဘောထားရယူတဲ့အခမ်းအနားကို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေ ပညာရှင်တွေနဲ့ ဒေသခံ ပြည်သူပေါင်း နှစ်သောင်းကျော်လောက် တက်ရောက်ခဲ့ပါတယ်ရှင်။
XS
SM
MD
LG