သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်ခေါင်းဆောင်တွေကို လွတ်လပ်စွာ ဂုဏ်ပြုခွင့် ရှိသင့်


အာဇာနည်နေ့အခမ်းအနား။
အာဇာနည်နေ့အခမ်းအနား။

ဇူလိုင် (၁၉)ရက်နေ့မှာ ကျရောက်မယ့် ( ၆၇ )ကြိမ်မြောက် အာဇာနည်နေ့ မှာ နိုင်ငံတဝှမ်း ဂုဏ်ပြုမယ့် အစီအစဉ်တွေကို ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေက ပိတ်ပင်တားဆီးနေတာမျိုးတွေ ဆက်ပြီးမရှိသင့်တော့ဘူးလို့ ဒီမိုကရေစီရေး ဦးဆောင်လှုပ်ရှားနေသူတွေကပြောပါတယ်။ အာဇာနည်နေ့မှာ ဟွန်းသံ အရှည်ကြီး တီးတဲ့ကားတွေကို လိုင်စင်သိမ်းမယ်ဆိုတဲ့ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်၊ နယ်မြို့တွေမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ် နဲ့ ကျောက်တိုင်တွေမှာ အလေးပြုခွင့် မရှိဘူးဆိုတဲ့ ကန့်သတ်ချက်တွေကို ဒေသ ဆိုင်ရာ အာဏာပိုင်တွေက အာဇာနည်နေ့မတိုင်ခင်က ထုတ်ပြန်ထားပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကပြောပြမှာပါ။

လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင် ၉ ဦး ကျဆုံးခဲ့တဲ့ ဇူလိုင် (၁၉)ရက်မှာ အောက်မေ့ဖွယ် အခမ်းအနားမျိုး ပြည်သူ့ လွှတ်တော်မှာ ကျင်းပဖို့ အစီစဉ်မရှိဘူးလို့ နေပြည်တော် ဥတ္တရသိရီက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူကဆိုပါတယ်။

" လွှတ်တော်မှာတော့ ကျနော်တို့ သီးသန့် အစီအစဉ်တော့ ပြည်သူ့ လွှတ်တော်မှာတော့ မကြားသေးဘူး။ နေပြည်တော် မှာတော့ နေပြည်တော် ကောင်စီကနေပြီး ကြီးမှူးပြီးမှ အာဇာနည်နေ့ ဆွမ်းကျွေး အခမ်းအနားကို အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးတဲ့ ဆွမ်းကျွေး အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နေပြည်တော် ခရိုင်အနေနဲ့ပေါ့လေ အဲ့တာကိုပဲ သီးသန့်ဖိတ်တယ်။ နောက်သက်ဆိုင်ရာ မြို့နယ် ၈မြို့နယ်မှာတော့ အဖွဲ့ချုပ်ပါတီဝင် နှစ်ဦးကျစီ ဖိတ်ထားတာတော့ရှိတယ်။"


ဒါပေမဲ့ ဒီနှစ်အာဇာနည်နေ့ အခမ်းအနားလှုပ်ရှားမှုတွေမှာ အကန့်အသတ်တွေ ပိုပြီးရှိလာတာတွေ့ရတယ်လို့ ဦးမင်းသူကဆိုပါတယ်။

" တက်ကြွလှုပ်ရှားတဲ့ တကသ ကျောင်းသားတွေ၊ နောက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေဟာ အာဇာနည်နေ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးတဲ့ မနက် ဆယ်နာရီ သုံးဆယ့်ခုနှစ် မိနစ်မှာ ကားဟွန်းသံ ပေးတာတို့၊ ဥသြဆွဲတဲ့ သဘောမျိုးပေါ့လေ။ အရင်တုန်းက အထိမ်းအမှတ် လုပ်ခဲ့တာတွေရှိတယ်။ ဒါပေမဲ့ ဒီနှစ်ကိုကျတော့ အဲ့ဒီ့ကိစ္စနဲ့ ပတ်သက်လို့ ဆောင်ရွက်မယ်ဆိုရင် ကားလိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူမယ်ဆိုတာ ပြည်တွင်းမှာ ဒီဟာ ကြေညာချက်တွေ ထုတ်ထားတာလည်း တွေ့ရတယ်။


သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ဒီလို ကန့်သတ်ချက်တွေရှိနေတာဟာ အပြု သဘောဆောင်တဲ့ လက္ခဏာမျိုးမဟုတ်ဘူးလို့ ၈၈မျိုးဆက်ခေါင်းဆောင် ကိုမြအေးကပြောပါတယ်။


"မဆလ ခေတ်က တောင်မှ ဒီဆယ်နာရီ သုံးဆယ့်ခုနှစ် မိနစ်မှာ ဥသြရှည် ဆွဲတာ မြန်မာ့ အသံက ဆွဲတဲ့ကိစ္စ၊ ဒါတွေက လုပ်သင့်တဲ့ ကိစ္စတွေပဲ အဲ့တာတွေကို့လုပ်သင့်တယ်လို့ အသိရှိတဲ့သူတွေက လုပ်တဲ့ကိစ္စကို အရေးယူမယ်လို့ ကြိုတင်ခြိမ်းခြောက်မှု ပြုမူနေခြင်းဟာ အပြုသဘောမြင်ဖို့တော့ တော်တော်ခက်ခဲသွားပြီ။ အာဇာနည်နေ့ကို တိုင်းပြည် တပြည်လုံးက တကယ့်ကို တန်ဖိုးထားပြီး မွန်မွန်မြတ်မြတ် တန်ဖိုးထားပြီး ကြည်ညို ဂါရဝပြုချင်တဲ့ နေ့မှာ ပြည်သူလူထု လွတ်လွတ်လပ်လပ် ကြိုက်တဲ့ပုံစံနဲ့ ဂါရဝပြု ပါစေ။

ကျနော်တို့ ပြည်သူလူထု စည်းကမ်းရှိပါတယ်။ ကျနော်တို့ပြည်သူလူထုဟာ စည်းမဲ့ ကမ်းမဲ့ ပရမ်းပတာ ပြည်သူလူထု မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်တယ်။ အဲ့တော့ အဲ့ဒီ့ဟာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးစေချင်တယ်။ အဲ့တာ ကျနော်တို့ရဲ့ သဘောထားပေါ့လေ။ ဒီအပေါ်မှာ အစိုးရပိုင်းက သဘောထား ထုတ်ပြန်သည်ဖြစ်စေ၊ မထုတ်ပြန်သည်ဖြစ်စေ၊ဒေသန္တရ အာဏာပိုင်တွေက အမျိုးမျိုး ပြောနေတဲ့ဟာကတော့ ကျနော်မြင်တာတော့ စနစ်ဟောင်းရဲ့ အကြွင်းအကျန် လုပ်ရပ်တွေပဲ။ ဒါတွေကတော့ ကျနော်တို့ လက်ခံနိုင်စရာ မရှိဘူး။

အာဇာနည်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဥသြဆွဲ ဂုဏ်ပြုကြဖို့ ကျောင်းသားသမဂ္ဂက ဦးဆောင်လှုပ်ရှားနေတာကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပံ့ပိုးကူညီနေကြောင်းလည်း ကိုမြအေးကပြောပါတယ်။

ဒါအပြင် ကိုမင်းကိုနိုင် အစရှိတဲ့ ၈၈မျိုးဆက်ခေါင်းဆောင်တွေအနေနဲ့ အာဇာနည် ဗိမ္မာန်မှာ သွားရောက်အလေးပြုဖို့ရှိသလို NLD အဖွဲ့ချုပ်မှာကျင်းပမယ့် အခမ်းအနားကိုလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီအပါအဝင် တိုင်းရင်းသားလူငယ်အဖွဲ့ ၃၀ ကျော် ကတော့ ဇူလိုင် ၁၉ ရက် အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားတဲ့ နံနက် ၁ဝး၃၇ မိနစ် အချိန်မှာ နိုင်ငံပိုင် ရုပ်သံမီဒီယာတွေကနေတဆင့် ဥသြဆွဲသံ ၁ မိနစ် လွှင့်ပေးဖို့လည်း တာင်းဆိုထားပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအနေနဲ့ အာဇာနည်ဗိမာန်မှာ ကျင်းပမယ့် နိုင်ငံတော် အခမ်းအနားကိုတက်ရောက်ပြီး လွမ်းသူပန်းခွေချမှာဖြစ်ပါတယ်။ ဒါအပြင် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဆွမ်းကပ်ဖို့ရှိပြီး ဘာသာပေါင်းစုံဆုတောင်းပွဲ လည်းကျင်းပဖို့ရှိတယ်လို့သိရပါတယ်။

အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားတွေကိုတော့ သက်ဆိုင်ရာမြို့နယ် အလိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပသွားဖို့ ရှိပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့မှာတော့ ဒီနှစ်အာဇာနည်နေ့အထိမ်းအမှတ်အနေနဲ့ တစ်မြို့လုံး မီးသတ်ကားတွေ၊ သင်္ဘောတွေကနေ ဥသြဆွဲဂုဏ်ပြုမှာဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှုးက ပြောပါတယ်။


၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁ဝး၃၇ မိနစ်အချိန် ဝန်ကြီးများရုံးမှာ မသမာသူလူ တစုရဲ့ပစ်ခတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင် ၉ ဦး ကျဆုံးခဲ့ပြီး မြန်မာပြည်တပြည်လုံး ယူကြုံးမရ ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။

XS
SM
MD
LG