သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဦးလွင်မှာ ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ ကော်မရှင်ကတိပြု


တပ်မတော်သားအများစုနေထိုင်ရာ တပ်မြို့လို့ခေါ်နိုင်တဲ့ ပြင်ဦးလွင်မြို့ရဲ့ လာမယ့် ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူလူထုရဲ့ဆန္ဒအပေါ်မှာပဲ မူတည်တယ်လို့ ပြင်ဦးလွင်ခရိုငိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တစ်ဦးက ပြော ဆိုလိုက်ပါတယ်။ ဒီ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မြင့်မြင့်ခိုင် တင်ပြပေးထားပါတယ်။

ပြင်ဦးလွင်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ ကြိုးပမ်းသွားမှာမို့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှာဖြစ်ပြီး ရွေးကောက် ပွဲရလဒ်ကတော့ မဲဆန္ဒရှင်တွေအပေါ်မှာပဲ မူတည်တယ်လို့ ပြင်ဦးလွင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့လုပ်နေတာက လွတ်လပ်သော ကျနော်တို့ ရွေးကောက်ပွဲပါခင်ဗျာ။ လွတ်လွတ်လပ်လပ်နဲ့ ဖြစ်မယ်လို့ ယူဆပါတယ်ခင်ဗျာ။ ကျနော်တို့က ဒါ ပြည်သူလူထုပေါ်မှာ မူတည်ပါမယ်။ ပြည်သူလူထု မဲဆန္ဒပြုတဲ့အပေါ်မှာပေါ့ မူတည်ပြီးတော့ အနိုင်အရှုံးပြောသွားမှာပါ။ ကြိုတင်မဲကတော့ သက်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေနဲ့အညီ လုပ်သွားမှာပါ။ အခုအချိန်ထိအောင်က ကြိုတင်မဲက ဘယ်လိုလုပ်မယ်ဆိုတာကို ကျနော်တို့ဆီ သီးသီးသန့်သန့်လေးတော့ အဖြေထွက်မလာသေးပါဘူးခင်ဗျာ။”

စစ်တပ်မိသားစုဝင်တွေအပါအဝင် မဲဆန္ဒရှင်တွေအနေနဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်စွာမဲပေးခွင့်ရမယ်ဆိုရင် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ နိုင်မယ့် အလာအလာရှိတယ်လို့ ပြင်ဦးလွင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်ကနေ လက်ရှိ မန္တလေးဝန်ကြီးချုပ် ဦးရဲမြင့်နဲ့ ယှဉ်ပြိုင်ရမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာခင်မောင်ဌေးက ပြောပါတယ်။ တပ်မိသားစုဝင်တွေ အများစုနေထိုင်တဲ့ ရပ်ကွက်တွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ နိုင်ဖူးတာမရှိဘူးလို့ သူက ဆိုပါတယ်။

“၂၀၁၂ တုန်းက ကျနော်တို့ ကျနော့်ဘက်ခြမ်းမှာ ငါးအုပ်စုရှုံးတယ်။ ငါးအုပ်စုရှုံးတဲ့အထဲမှာ ဒီမြို့ပေါ်မှာက DSA ရှိတဲ့ ဒီမှာကတော့ ရပ်ကွက်ကြီး ၃ လို့ခေါ်တာပေါ့နော်။ ရပ်ကွက်ကြီး ၃ ရဲ့လူအင်အားက အကြမ်းဖျဉ်းပြောရင် ၁၃,၀၀၀ လောက်ရှိတယ်။ အဲဒီမှာ ၈,၀၀၀ ၊ ၉၀၀၀ လောက်က DSA ကဖြစ်နေတော့လေ။ ကျန်တဲ့ ၃၀၀၀၊ ၄၀၀၀ ပတ်ဝန်းကျင်ကတော့ အရပ်သားဖြစ်တယ်ဆိုတော့ အဲဒီ ဘက်မှာ ကတော့ ကျနော်တို့ ပြောရရင်တော့ ကျနော်တို့ ပြိုင်ခဲ့သမျှ မနိုင်ဘူးပေါ့လေ။ အဲဒါတော့ သူတို့ လွတ်လပ်စွာမဲပေးဖို့ ခွင့်ပြုမယ်လို့တော့ ဒါက ကာချုပ်ကလည်း ပြောတော့ ပြောထားတယ်ပေါ့လေ၊ ဒါပေမယ့် ဘယ်လောက်သူတို့ ပေးခွင့်ရှိလဲ မရှိလဲ၊ သူတို့ စိတ်ထဲမှာ ဘယ်လောက် ဖြစ်သလဲဆိုတာကတော့ ကျနော်တို့ မျှော်မှန်းလို့မရပါဘူး။”

လက်ရှိအခြေအနေမှာတော့ အာဏာရ ပြည်ခိုင်ဖြိုးပါတီဘက်ကရော၊ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဘက်ကပါ အရပ်ဖက် ဒေသခံတွေကိုပဲ အင်တိုက်အားတိုက် မဲဆွယ်စည်းရုံးမှုတွေလုပ်ဆောင်နေကြပြီး တပ်မတော်သားတွေကိုတော့ မဲဆွယ်စည်းရုံးတာတွေ မရှိသေးပါဘူး။

အာဏာရပြည်ခိုင်ဖြိုးပါတီဘက်ကတော့ လက်ရှိ အစိုးရသက်တမ်း ၄ နှစ်ကျော်ကာလအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ထားတာကြောင့် ဒေသခံပြည်သူတွေရဲ့ ထောက်ခံမှုပိုများလာတယ်လို့ ယုံကြည်ကြောင်း ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆန္ဒနယ် အမှတ် (၁) ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဌေးကျော်က ပြောပါတယ်။ တပ်မတော်သားတွေအနေနဲ့ လွတ်လပ်စွာ မဲပေးခွင့်ရ၊ မရဆိုတာကတော့ တပ်ရဲ့ ညွှန်ကြားချက်နဲ့ပဲ သက်ဆိုင်တယ်လို့ သူက ဆိုပါတယ်။

“လက်ရှိအနေအထား တပ်ထဲကိုဝင်ပြီးတော့ စည်းရုံးတာတော့မရှိသေးဘူး။ သူတို့ အခု အရပ်ဖက်တွေပဲ စည်းရုံးနေတယ်။ အဲဒါကတော့ မဲပေးခြင်းအပိုင်းကတော့ ဒါ တပ်ရဲ့ သဘောပါပဲ။ တပ်က သူတို့ ညွှန်ကြားချက်တွေ ဘယ်လိုရှိမလဲ၊ နိုင်ငံသားတွေရဲ့လုပ်ပိုင်ခွင့်အရ ကိုယ်ပေးချင်တဲ့ပါတီ ပေးခွင့်ရမရဆိုတာကတော့ ဒါကတော့ သူတို့ရဲ့အပိုင်းပါပဲ။ တပ်မှာ အခုထက်ထိတော့ ဒါကို စည်းရုံးရေးဆင်းတာ မရှိသေးဘူး။ တပ်တင်မက တို့ အရပ်ဖက်မဲဆန္ဒရှင်များအနေနဲ့ကလည်း ဒီပြင်ဦးလွင် ပြည်ခိုင်ဖြိုးပါတီပေါ့နော်။ အန်ကယ်တို့ပါတီရဲ့ အရင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ထားမှုအပိုင်းမှာ ပြည်ခိုင်ဖြိုးပါတီပေါ်မှာ ဒေသမဲဆန္ဒရှင်တွေအနေနဲ့က အားကိုးမှုယုံကြည်မှု၊ အရင်ကာလတွေထက်ပိုပြီးတော့ အားကိုးယုံကြည်မှုလေးတွေ ပိုများလာတယ်။”

စစ်အစိုးရလက်ထက်ကတည်းက မြန်မာ့တပ်မတော်ရဲ့ အရာရှိ ဗိုလ်လောင်းများကို မွေးထုတ်ပေးတဲ့ စစ် တက္က သိုလ်တည်ရှိရာ ပြင်လွင်ဦးမြို့ မှာ လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အပြိုင်အဆိုင် မဲဆွယ် စည်းရုံးမှုတွေလုပ်ဆောင်နေကြပါတယ်။

XS
SM
MD
LG