သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်သာလန်မိဖုရားရဲ့ မြန်မာခရီး


(ဓာတ်ပုံ - ကိုစည်သူ - ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
(ဓာတ်ပုံ - ကိုစည်သူ - ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)

ငွေရေးကြေးရေးဆိုင်ရာ အကြံဉာဏ်တွေပေးနိုင်ဖို့နဲ့ အများပါဝင်ခွင့်ရရှိတဲ့ စီးပွားရေးလမ်းပြမြေပုံ လုပ်ငန်းစဉ်တွေကို ဆွေးနွေးဖို့အတွက် မြန်မာနိုင်ငံကို မတ်လ ၃၀ ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ နယ်သာလန်မိဖုရား မက်ဆီမာဟာ ဒီကနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ သမ္မတ ဦးသိန်းစိန် အပါအဝင် နိုင်ငံံ့ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အများပါဝင်ခွင့်ရရှိတဲ့ စီးပွားရေးစနစ်နဲ့ အသေးစား ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ရေရှည်တည်တံ့အောင် ထိန်းထားနိုင်ဖို့ အကြောင်းအရာတွေကို မြန်မာအစိုးရနဲ့ ဆွေးနွေးသွားမယ်လို့ မိဖုရား မက်ဆီမာက ဗွီအိုအေကို ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နယ်သာလန်မိဖုရား မက်ဆီမာရဲ့ ခရီးစဉ်အကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်း က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အများပါဝင်ခွင့်ရရှိတဲ့ စီးပွားရေးစနစ် ရှေ့ရှုဆောင်ရွက်ပေးရေးဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် နယ်သာလန်မိဖုရား မက်ဆီမာဟာ ဒီကနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ နေပြည်တော်က သမ္မတအိမ်တော်မှာ သမ္မတ ဦးသိန်းစိန် အပါအဝင် အခြားနိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ နယ်သာလန်မိဖုရားအနေနဲ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံတဲ့အခါ အများပါဝင်ခွင့်ရရှိတဲ့ စီးပွားရေးစနစ်ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ ရေရှည်တည်တံ့ဖို့ ဘယ်လို ထိန်းသိမ်းသွားမလဲ ဆိုတာကို အဖြေရှာဖို့ ဆွေးနွေးသွားမယ်လို့ ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။

“ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့က အဓိက ဖြစ်ပါတယ်။ အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းဆိုတာ ဘဏ္ဍာရေးရဲ့ တစိတ်တဒေသပဲ ဖြစ်နေတာကြောင့် ကျမအနေနဲ့ ဒီကဏ္ဍတခုတည်းကိုပဲ ကွက်ပြီး မကြည့်စေချင်ပါဘူး။ အသေးစား ငွေချေးလုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်ဖို့ အခြားစီးပွားရေးလုပ်ငန်းတွေဆီက အရင်းအနှီးတွေ ရယူရမှာဖြစ်ပြီး ဒီစီးပွားရေးလုပ်ငန်းတွေကလည်း ရေရှည်စီးပွားဖြစ် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါဟာလည်း မြန်မာပြည်သူတွေအတွက် အဓိက စဉ်းစားရမယ့် အချက်ပဲဖြစ်ပါတယ်။ သက်တမ်း ၂ နှစ်လောက်ပဲ ခံမယ် ငွေချေးလုပ်ငန်းဟာ အသေးစား ငွေကြေးဝန်ဆောင်မှုလုပ်ငန်း တခုလုံးအတွက် အဖြေတရပ် မဟုတ်ပါဘူး။ အသေးစား ငွေချေးလုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်ဖို့ အဖြေရှာရပါမယ်။ ဒီအကြောင်းအရာကိုပဲ ကျမတို့ မနက်ဖြန် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးသွားမှာပါ။ မနေ့ကလည်း ဒီအကြောင်းပဲ ဆွေးနွေးတယ်၊ ဒီနေ့ မနက်လည်း ဒီအကြောင်းပဲ ဆွေးနွေးခဲ့ပါတယ်။ အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေအတွက်သာမက အခြားဘဏ်လုပ်ငန်းတွေအတွက် ဘယ်လို အရင်းအနှီးတွေ ရယူမလဲဆိုတာလည်း ဆွေးနွေးကြပါမယ်။ အဆုံးမှာတော့ မြန်မာနိုင်ငံသားတွေရဲ့ စုငွေတွေကနေပဲ ပြန်လည်လှည့်ပတ်ပြီး အများပါဝင်ခွင့်ရတဲ့ ငွေစုငွေချေးစနစ် ဖြစ်သွားမှာပါ။”

မနေ့က မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတုန်းက မှော်ဘီမြို့နယ် မြောင်းတကာမှာရှိတဲ့ World Vision ရဲ့ အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ဒေသခံပြည်သူတွေရဲ့ အခြေအနေတွေကို လေ့လာရင်း ပြောဆိုသွားတာဖြစ်ပါတယ်။ မိဖုရား မက်ဆီမာက မြောင်းတကာ ဈေးအတွင်း လှည့်လည်ကြည့်ရှုပြီး အနီးတဝိုက်က တနိုင်တပိုင် ဈေးဝယ်ရောင်းချနေကြတဲ့ ဒေသခံတွေနဲ့လည်း စကားပြောဆိုခဲ့ပါတယ်။

မှော်ဘီမြို့နယ် အမျိုးသမီးရေးရာ ဥက္ကဌကလည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့နည်းပပျောက်ရေးအတွက် နယ်သာလန်မိဖုရားဆီက အကြံဉာဏ်တွေ တောင်းခံသွားမယ်လို့ ဆိုပါတယ်။

“အမျိုးသမီးများကို အကြမ်းဖက်ရင်နော် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာရှိတယ်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာရှိတယ်။ အားလုံးအကြမ်းဖက်မှုတွေ အဲ့လိုအကြမ်းဖက်မှုတွေ လျော့နည်းပပျောက်ဖို့ ကျမတို့ ပညာပေးတယ်ဆိုတာ အမျိုးသားတွေကို ပညာပေးရတာပေါ့နော်။ အဲ့လိုအကြမ်းဖက်တဲ့ အဲ့ဒီလိုမျိုး ပညာပေးတဲ့အခါမှာ ပိုပြီးတော့ ထိရောက်စွာ ပညာပေးနိုင်ဖို့ပေါ့ ပိုပြီးတော့ ထိရောက်စွာ ပညာပေးနိုင်ဖို့ ဘုရင်မကြီးဆီက အကြံဉာဏ်တွေပေါ့ တကယ်လို့များ အခွင့်အရေးရမယ်ဆိုရင် အကြံဉာဏ်တွေ တောင်းချင်ပါတယ်။”

နယ်သာလန်မိဖုရား မက်ဆီမာဟာ မနေ့က မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မိန့်ခွန်းပြောကြားခဲ့ပါသေးတယ်။ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရောက်ရှိလာတဲ့ နယ်သာလန်မိဖုရားအနေနဲ့ မြန်မာ့ဘဏ်လုပ်ငန်းတွေကို နယ်မြို့တွေအထိ တိုးချဲ့သွားနိုင်ဖို့ အကြံဉာဏ်ကောင်းတွေ ပေးစေလိုတယ်လို့ မိန့်ခွန်းကို လာရောက်နားထောင်တဲ့ ရန်ကုန်တက္ကသိုလ်က ဘဏ်လုပ်ငန်းအထူးပြု မဟာတန်း ကျောင်းသားတဦးက အခုလို ပြောပါတယ်။

“လက်ရှိမှာ နိုင်ငံတကာမှာလိုပဲ ဘဏ်တွေ၊ အဖွဲ့အစည်းတွေကကျတော့ ကျနော်တို့က တောက်လျှောက် အများကြီး နယ်တကာမှာ မရှိသေးတဲ့အခါကျတော့ များများစားစား လုပ်ပေးနိုင်လို့ရှိရင် ဥပမာပေါ့ ဒီတခြား ဘဏ်တွေမရှိတဲ့ နေရာမျိုးတွေမှာ financial institution တွေ များများလုပ်ပေးမယ်။ အဲ့ဒါမျိုးတွေ လုပ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့အနေနဲ့ ငွေကြေးနဲ့ ပတ်သက်ပြီးတော့ အထောက်အပံ့တွေ အများကြီး ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဘုရင်မကြီးအနေနဲ့လည်း ကုလသမဂ္ဂရဲ့ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး အကြံပေးအနေနဲ့ ကျနော်တို့က မြန်မာနိုင်ငံကို လာရောက်တဲ့အခါကျတော့ သူ့မှာလည်း ဒီထက်ကောင်းတဲ့ အကြံဉာဏ်တွေ အများကြီး မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် အကြံဉာဏ်တွေလည်း ရှိကောင်းရှိလာနိုင်ပါတယ်။ အဲဒါမျိုးလေးတွေ လုပ်ပေးနိုင်လို့ရှိရင်တော့ ပိုပြီးတော့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေးစနစ် တဟုန်ထိုး တိုးတက်လာတာကြောင့် ငွေကြေးလွှဲပြောင်းယူမှုနဲ့ အခြားဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေကို မိုဘိုင်းဖုန်း ဆက်သွယ်ရေးစနစ်တွေနဲ့ လုပ်ကိုင်သွားမယ်ဆိုရင် ဘဏ်လုပ်ငန်းဆိုင်ရာ အခက်အခဲတွေ၊ ကုန်ကျစရိတ်တွေ သက်သာသွားမှာ ဖြစ်တယ်လို့ မိဖုရား မက်ဆီမာက ဆိုပါတယ်။ ၂၀၁၉ ခုနှစ်လောက် အရောက်မှာတော့ မြန်မာနိုင်ငံရဲ့ လူဦးရေ ၉၀ %လောက်ဟာ မိမိတို့ရဲ့ ဘဏ်ငွေစာရင်း၊ ငွေကြေးလွှဲပြောင်းမှု စတဲ့ ဝန်ဆောင်မှုတွေကို မိုဘိုင်းဖုန်းနဲ့ပဲ လုပ်ကိုင်နိုင်တော့မှာ ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁ ရက်နေ့ထိ ၃ ရက်တာကြာမြင့်တဲ့ ခရီးစဉ်မှာ မိဖုရားမက်ဆီမာအနေနဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့သလို ဘဏ်လုပ်ငန်းရှင်တွေ၊ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆက်သွယ်ရေးလုပ်ငန်းရှင်တွေအပြင် အသေးစား ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဒေသခံပြည်သူတွေရဲ့ စီးပွားရေး အခြေအနေတွေကို လေ့လာခဲ့ပါတယ်။

နယ်သာလန်မိဖုရား မက်ဆီမာဟာ အများပါဝင်ခွင့်ရရှိတဲ့ စီးပွားရေးစနစ် ရှေ့ရှုဆောင်ရွက်ပေးရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ၂၀၀၉ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

XS
SM
MD
LG