သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်သာလန်မိဖုရား မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အကြံပေး


အများပါဝင်ခွင့်ရရှိတဲ့ စီးပွားရေးစနစ် ရှေ့ရှုဆောင်ရွက်ပေးရေးဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ နယ်သာလန်မိဖုရား မက်ဆီမာဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ၃ ရက်ကြာခရီးစဉ်အဖြစ် မြန်မာပြည်ကို ရောက်နေပါတယ်။

မိဖုရားမက်ဆီမာရဲ့ မြန်မာပြည် ၃ ရက်တာခရီးစဉ်အတွင်း လူထုအခြေပြု စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အလေးပေး ပြောကြားသွားတာကို တွေ့ရပါတယ်။ အကြောင်းစုံကို မခွာညိုက တင်ပြထားပါတယ်။

မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁ ရက်နေ့အထိ ကြာမယ့် မိဖုရား မက်ဆီမာရဲ့ ပထမနေ့ခရီးစဉ်မှာပဲ ချက်ထရီယမ်ဟိုတယ်လ်မှာ ဘဏ်လုပ်ငန်း ကိုယ်စားလှယ်တွေ၊ အသေးစားစီးပွားရေးလုပ်ငန်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဘဏ်လုပ်ငန်းတွေ တွင်ကျယ်ဖို့၊ ဘဏ်တွေမှာ ငွေကြေးသိမ်းဆည်းနိုင်တဲ့ saving account တွေ ထားရှိရေး၊ အာမခံစနစ်နဲ့ ပင်စင်ခံစားခွင့်တွေက မရှိမဖြစ်လိုအပ်တယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးကလည်း ယုံကြည်ထားတာပါ။

မတ်လ ၃၁ ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြောတဲ့မိန့်ခွန်းအတွင်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အားပေးတဲ့ နည်းလမ်းတရပ်အဖြစ် ငွေကြေးကဏ္ဍမှာ လူအများပါဝင်နိုင်တဲ့ ဆောင်ရွက်မှုတွေရှိလာဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းတွေရှိဖို့ အရေးကြီးကြောင်းကိုလည်း သူက အခုလို ပြောသွားပါတယ်။

“ကျမပြောလိုတဲ့အချက်ကတော့ ငွေကြေးကဏ္ဍမှာ အများပါဝင်ခွင့် ရရှိမှုဟာ ဘယ်နိုင်ငံမှာမဆို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်တွေဖန်တီးမှုနဲ့ လူမှုရေး တိုးတက်မှုတို့အတွက် အရေးကြီးတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီစနစ်ဟာ စီးပွားရေးမှာ လူအများ ပိုမိုကျယ်ပြန့်စွာ ပါဝင်ခွင့်ရရှိဖို့နဲ့ လူမှုရေးမှာ ပိုမိုပါဝင်လုပ်ဆောင်ခွင့်တို့ကို ထောက်ခံအားပေးရာရောက်တဲ့အပြင် အောင်မြင်ပြီး ရေရှည်ခံတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တည်ငြိမ်တဲ့ လူ့အဖွဲ့အစည်းတိုင်းရဲ့ အခြေခံ မရှိမဖြစ်တဲ့ လိုအပ်ချက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အများပါဝင်ခွင့်ရပြီး ထင်သာမြင်သာရှိတဲ့ စီးပွားရေးစနစ်ကို ကျင့်သုံးမယ်ဆိုရင် ရေရှည်တည်တံ့ခိုင်မြဲမယ့် ဖွံ့ဖြိုးမှုအတွက် ခိုင်မာတဲ့အုတ်မြစ်ကို ချပေးရာလည်းရောက်ပါတယ်။ ဒီလိုဖွံ့ဖြိုးမှုဟာ လူတိုင်းအတွက် အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။”

အဲဒီနေ့ နှောင်းပိုင်းမှာပဲ မိဖုရားမက်ဆီမာဟာ မှော်ဘီမြို့နယ် မြောင်းတကာကိုလည်း သွားရောက်ခဲ့ပါတယ်။ မြောင်းတကာမှာ World Vision က အတိုး ၂ ဒသမ ၅ % တိုးနဲ့ အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်နေတာကို လေ့လာခဲ့သလို ဒေသခံပြည်သူတွေနဲ့လည်း တွေ့ဆုံပြီး အသေးစား ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ဆောင်ရွက်လုပ်ကိုင်မှု အခြေအနေတွေကို သွားရောက်လေ့လာ မေးမြန်းခဲ့ပါတယ်။

ဒီကနေ့ ဧပြီလ ၁ ရက်နေ့မှာတော့ မိဖုရားမက်ဆီမာဟာ မြန်မာအစိုးရက နေပြည်တော်မှာ ကျင်းပမယ့် အများပါဝင်ခွင့်ရှိစေမယ့် စီးပွားရေး လမ်းပြမြေပုံတရပ်ရဲ့ လုပ်ငန်းစဉ်ကို ကြေညာမယ့် အခမ်းအနားကို တက်ရောက်ဖို့ ရှိပါတယ်။ အဲဒီ အစီအစဉ်ကနေ လူတွေရဲ့ဝင်ငွေတိုးလာဖို့၊ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုနိုင်ဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်စေဖို့ မြန်မာအစိုးရက မျှော်လင့်ထားပါတယ်။

နယ်သာလန် မိဖုရား မက်ဆီမာဟာ အများပါဝင်ခွင့်ရရှိတဲ့ စီးပွားရေးစနစ် ရှေ့ရှုဆောင်ရွက်ပေးရေးဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ၂၀၀၉ ခုနှစ်ကတည်းက တာဝန် ထမ်းဆောင်လာခဲ့တာပါ။

ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေက အများကလက်လှမ်းမီတဲ့ စီးပွာရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်တွေကို ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် အဓိကဦးစားပေးအဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG