သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး အင်အားစုတွေနဲ့ ကင်တားနားတွေ့မည်


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တာနားဟာ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခအရေးစုံစမ်း လေ့လာဖို့ အတွက် မြန်မာပြည်ခရီးစဉ် စတင်တော့မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ဖိတ်ကြားချက်နဲ့ ရောက်ရှိလာတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း မစ္စတာကင်တာနားဟာ အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေး အင်အားစုတွေ၊ ရခိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ရှိသလို အကြမ်းဖက်မူတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသတွေ ကိုလည်း သွားရောက် လေ့လာဖို့ရှိပါတယ်။ ဒီအကြောင်း အသေးစိတ်ကို မဆုမွန်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တာနားဟာ မနက်ဖြန် တနင်္လာနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ မြန်မာပြည် ခရီးစဉ်အတွင်း နေပြည်တော်က ထိပ်တန်း အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို အမျိုးသား လွှတ်တော်ကိုလည်း သွားရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။
မြန်မာပြည်ကို လာတဲ့မစ္စတာ ကင်တာနားရဲ့ ခရီးစဉ်အတွင်း ရခိုင်ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် နဲ့ ရခိုင်အဖွဲ့အစည်းက တာဝန်ရှိသူတွေ ရန်ကုန်မြို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP ရုံးမှာ လာမယ့်သြဂုတ်လ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ရန်ကုန်မှာ UNDP ရုံးမှာ တွေ့ဖို့ ချိန်းထားတာ ရှိတယ်။ သူ့ရဲ့ မေးခွန်းတွေ၊ သူ့ရဲ့ သုံးသပ်ချက်တွေ အပေါ်မှာ အပြန်အလှန် တုံ့ပြန်ပြီး ဆွေးနွေးကြမယ့် သဘောပါပဲ။ မစ္စတာ ကင်တားနား ကိုယ်တိုင်က လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အစီရင်ခံစာတွေ အများကြီး ရေးခဲ့တာ။ သူ ရေးခဲ့တဲ့ အထောက်အထားတွေ အများစုက ပြည်ပကနေ များတာကိုး။ ပြည်တွင်းကို သူ ဝင်နိုင်သေးတာလည်း မကြာသေးတာမျိုး ရှိတယ်။ အဲဒီတော့ ပြည်ပကရတဲ့ သတင်းအချက်အလက်တွေက ဘယ်လောက် အရင်းအမြစ် မှန်လဲ၊ မမှန်ဘူးလဲ ဆိုတာပေါ့နော်။ အခု လာတဲ့ အကြောင်းရင်းက ပြည်ပမှာ ထွက်နေတဲ့သတင်းတွေ ရှိတာပေါ့နော်။ ဒီပဋိပက္ခရဲ့ နက်ရှိုင်းမှုကို သူ သဘောပေါက်ဖို့ လိုပါလိမ့်မယ်။”

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တာနားကို မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း အစစ်အမှန်တွေ၊ ဒေသတွင်း လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ အမှန်တွေနဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ ဇစ်မြစ်ရင်းခံ တွေကိုလည်း ရှင်းပြဖို့ရှိတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ဒီ ဒေသတလျှောက်လုံး ဘူးသီးတောင် မောင်တော လွင်ပြင်မှာ တိုင်းရင်းသားတွေ၊ အထူးသဖြင့် ရခိုင်မျိုးနွယ်စုတွေ အရင်တုန်းက ရွာကြီးပေါင်း များစွာ ရှိတယ်။ အခုချိန်ခါမှာ ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ် ဆိုတဲ့သဘောကို ပြန်ကြည့်ရင် ဒီအခြေချနေထိုင်လာတဲ့ ပုဂ္ဂိုလ်တွေရဲ့ ရည်မှန်းချက် ရှိရှိနဲ့ နိုင်ငံရေး၊ နိုင်ငံတကာအရေး၊ ခုနကလို နိုင်ငံတကာနဲ့ ချိတ်ဆက်ထားတဲ့ UN အေဂျင်စီကအစ INGO အဆုံး ချိတ်ဆက်ပြီးကာမှ ပြည်ပက အင်အားစုတွေ အများစုကို ယူနိုင်ခဲ့တယ် ဆိုတာကအစ၊ စပြီးတော့ ဖြစ်လာတဲ့ ကွင်းဆက် အကုန်လုံးကို ဆက်နွယ်ပြီးတော့ ကျနော်တို့က တင်ပြဖို့ ရှိတယ်လို့တော့ ကျနော်တို့ သိရပါတယ်။”

ရခိုင်ဒေသတွင်း ဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ပတ်သတ်ပြီး ပြည်ပနိုင်ငံတချို့ရဲ့ ခြိမ်းခြောက် သတိပေးနေမှုအပေါ် ကုလသမဂ္ဂ အနေနဲ့ အလေးထား စဉ်းစားသင့်တဲ့ အကြောင်း ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ကို ဆွေးနွေးတင်ပြမယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

“အထူးသဖြင့် ဘာသာမတူတဲ့ နိုင်ငံတွေက ကုလသမဂ္ဂကို တင်တာရှိတယ်။ ကုလသမဂ္ဂက ဝင်ရောက် စွက်ဖက်ဖို့ ညွှန်းတယ်လို့ ကြားပါတယ်။ ဆိုတော့ ဒီဖြစ်ရပ်မှန်တွေကို ကျနော်တို့က နိုင်ငံတကာ ဆိုတာတွေ၊ ဘာသာစုံ ကိုးကွယ်ကြတဲ့ နိုင်ငံတွေကို သိစေချင်တယ်။ အစ္စလာမ် တိုင်းပြည်တွေကိုလည်း သိစေချင်တယ်။ အဲဒီလိုပဲ ခရစ်ယာန်ဘာသာကို ကိုးကွယ်တဲ့ နိုင်ငံတွေကို သိစေချင်တယ်။ ဒီပြဿနာရဲ့ ဇစ်မြစ်ကို အဖြစ်မှန်တွေကိုလည်းပဲ လာတဲ့ပုဂ္ဂိုလ်တွေက နက်နက်ရှိုင်းရှိုင်း တွေးတောပြီးမှသာ သုံးသပ် ဆုံးဖြတ်တာကို ကျနော်တို့ ဖြစ်စေချင်တယ် ဆိုတာကို တွေ့ဆုံ ဆွေးနွေးတဲ့အခါမှာ ပြောဖို့ရှိပါတယ်။”

မစ္စတာကင်တာနားရဲ့ ဇူလိုင်လ ၃၀ ရက်နေ့ကနေ သြဂုတ်လ ၄ ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ် အတွင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်သလို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အင်အားစုတွေနဲ့လည်း လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ ရခိုင်ပြည်နယ်အရေး တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

မစ္စတာ ကင်တာနားဟာ ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ပြီး ဒေသခံအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်သလို အကြမ်းဖက်မှု ဖြစ်ပွားနေတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံမေးမြန်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ကိုလည်း သွားရောက်ဖို့ ရှိပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မူတွေနဲ့ပတ်သတ်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီရဲ့ မဟာမင်းကြီး နာဗီပီလေး (Navi Pillay) ကလည်း သောကြာနေ့ကပဲ တောင်းဆိုခဲ့ပါတယ်။

မစ္စတာကင်တာနားရဲ့ အခုခရီးစဉ်အတွင်း ဒေသတွင်း အခြေအနေတွေကို ကုလ အထူးကိုယ်စားလှယ် အနေနဲ့ ကိုယ်တိုင် လေ့လာနိုင်သလို အကြမ်းဖက်မူ ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီး အခြေအနေမှန်ကို ကုလသမဂ္ဂမှာ တင်ပြသွားနိုင်မယ် လို့လည်း မြန်မာ့အရေး လေ့လာသုံးသပ်သူတွေက မျှော်လင့်နေကြပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တာနားရဲ့ ခရီးစဉ် အဆုံးသတ်တဲ့နေ့ သြဂုတ်လ ၄ ရက် နေ့မှာတော့ သူ့ရဲ့ ခရီးစဉ်နဲ့ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်မှာဖြစ်သလို သတင်းကြေညာချက်လည်း ထုတ်ပြန်ဖို့ရှိပါတယ်။
XS
SM
MD
LG