သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ လူ့အခွင့်အရေး အလေးထားဖို့ ကုလတိုက်တွန်း


လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana
လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ လူ့အခွင့်အရေးကိစ္စကို ဘေးဖယ် ထားတာကြောင့် ဒါဟာ လက်ရှိ ဖြစ်ပေါ် တိုးတက်မှုတွေကိုတောင် ထိခိုက်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်က ဝေဖန် ထောက်ပြ ထားပါတယ်။

မြန်မာနိုင်ငံတွင်း တိုးတက်မှုတွေ ရှိလာပေမဲ့၊ တချိန်တည်းမှာ မဖြေရှင်းရသေးတဲ့ လူ့အခွင့်အရေး ပြဿနာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံကို သွားရောက် လေ့လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်
တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quntana) ကို ကိုသားညွန့်ဦး က ဆက်သွယ် မေးမြန်းထားပါတယ်။

မစ္စတာ ကင်တာနားဟာ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မှာတော့ ရန်ကုန်၊ နေပြည်တော် စတဲ့ မြို့ကြီးတွေအပြင် ပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်တွေ ကိုလည်း သွားရောက်ခဲ့ပါတယ်။

ပြုပြင် ပြောင်းလဲမှုတွေကြောင့် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာတယ်ဆိုတာကို အသိအမှတ်ပြုပေမဲ့၊ လူနည်းစု အခွင့်အရေးနဲ့ ပတ်သက်လို့တော့ စိုးရိမ်စရာ အခြေအနေမှာ ရှိသေးတယ်ဆိုတာကို အဓိက သူ ထောက်ပြခဲ့ပါတယ်။

“နေရာစုံမှာ တိုးတက်မှုတွေ အတော်များများ တွေ့ရပါတယ်။ တဆက်တည်း လူ့အခွင့်အရေး အခြေအနေအပေါ်မှာ အပြုသဘော သက်ရောက်မှုတွေလည်း ရှိပါတယ်။ တချိန်တည်းမှာ တော့ မဖြေရှင်းရသေးတဲ့ စိုးရိမ်စရာ အခြေအနေတွေကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေပါ။ ဒါတွေဟာ လက်ရှိ တိုးတက်မှုတွေကိုတောင် အနှောင့်အယှက် ပေးနိုင်ပါတယ်။”

ပြီးခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တခြား အသွင် ကူးပြောင်းရေး အတွေ့အကြုံတွေလိုပဲ၊ အမှန်တရား ဖော်ထုတ်ရေး ကော်မရှင် ဖွဲ့ပြီး အမှန်တရားနဲ့ တရားမျှတမှု ကိစ္စတွေကို ဖြေရှင်း ဆောင်ရွက်ဖို့ လိုတယ်ဆိုတာ မစ္စတာ ကင်တာနားအနေနဲ့ အာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ နောက်နောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မဖြစ်လာအောင် ပညာပေးတဲ့ သဘောမျိုး ဖြစ်သလို၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက်လည်း အရေးကြီးတယ်လို့ မစ္စတာ ကင်တာနား က ထောက်ပြခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တရပ်လုံးမှာ လူ့အခွင့်အရေးကိစ္စကို
ဘေးဖယ်ထားတဲ့အပေါ် သူ့အနေနဲ့ စိုးရိမ်ကြောင်း ပြောပါတယ်။

“ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေထဲမှာ လူ့အခွင့်အရေးကိစ္စကို အရေးပါမှုအဖြစ် ထည့်သွင်းဖို့ လိုပါတယ်။ မြန်မာ အာဏာပိုင်တွေဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စိုးရိမ်တာတွေတော့ ရှိပါတယ်။ ဒါပေမဲ့လည်း အခုအချိန်အထိတော့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ လူ့အခွင့်အရေးကိစ္စကို ဘေးဖယ်ထားပါတယ်။ ဒါဟာ ပြုပြင် ပြောင်းလဲရေးမှာ မှားယွင်းတဲ့ လုပ်ရပ်ပါ။ စစ်အုပ်ချုပ်မှုကနေ အရပ်သားအုပ်ချုပ်မှုကို ကူးပြောင်းတဲ့ အသွင်ကူးပြောင်းရေး
ဖြစ်စဉ်တိုင်းမှာ လူ့အခွင့်အရေး လေးစားလိုက်နာမှု ဆိုတာဟာ မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်တရပ်ပါ။”

လက်ရှိ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်စရာ အခြေအနေတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ကိစ္စလည်း ပါဝင်နေတုန်းပဲလို့ မစ္စတာ ကင်တာနား က ပြောပါတယ်။ အခု ဒီခရီးစဉ်မှာလည်း
နိုင်ငံရေး အကျဉ်းသားတချို့ကို အကျဉ်းထောင်တွေအထိ သွားရောက် တွေ့ဆုံခဲ့တယ်လို့
ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေလည်း အတော်များများ ကျန်ပါသေးတယ်။ တချို့ကို ရန်ကုန် အင်းစိန်ထောင်ထဲနဲ့ အခြားထောင်တွေမှာ ကျနော် ဒီတခေါက် ခရီးအတွင်း သွားတွေ့ခဲ့ပါတယ်။ ဒီလူတွေ ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်လာဖို့ အရေးကြီးပါတယ်။ ဒီလူတွေကို လွှတ်ပေးဖို့ ကျနော် အကြိမ်ကြိမ် ပြောဆိုနေသလိုပဲ။ နိုင်ငံတကာကလည်း ဒီနိုင်ငံရေး အကျဉ်းသားတွေ လွတ်ဖို့ကိစ္စ အရေးကြီးတယ် ဆိုတာကို နားလည်ဖို့ လိုပါတယ်။”

နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီတရပ် ဖွဲ့ဖို့ အစိုးရအနေနဲ့ ကြိုးပမ်းနေတာကိုလည်း အာဏာပိုင်တွေက သူ့ကို ရှင်းပြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း လက်တွေ့ ဘယ်လို ကိုင်တွယ်
ဖြေရှင်းမလဲ ဆိုတာကိုပဲ သူ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

အခုလို စိုးရိမ်စရာတွေ ရှိနေသေးသလို၊ တိုးတက်လာတဲ့ အခြေအနေတွေကိုလည်း သူ မြင်ခဲ့ရ တယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ သတင်း မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အခြေအနေတွေ လည်း အပါအဝင်ပါ။

“ယာယီ မြန်မာ သတင်း မီဒီယာ ကောင်စီနဲ့လည်း တွေ့ခဲ့ပါတယ်။ မီဒီယာ ဥပဒေ ရေးဆွဲနေမှု အခြေအနေတွေ တိုးတက်မှု ရနေတဲ့ နောက်ဆုံး အခြေအနေကို သိခဲ့ရပါတယ်။ လွှတ်တော်ကနေ ဒါကို သုံးသပ်ပြီး၊ မီဒီယာ ဥပဒေတခု ထွက်လာဖို့ ရှိပါတယ်။ ဒါဟာ အရေးကြီးတဲ့ တိုးတက်မှု တခုပါ။ သတင်း မီဒီယာတွေ လွတ်လွတ်လပ်လပ် ရေးသားခွင့် ရဖို့ ဆိုတာ အသွင်ကူးပြောင်းရေးအတွက် အလွန် အရေးကြီးပါတယ်။”

နိုင်ငံရေး တင်မဟုတ်ဘဲ စီးပွားရေး ပြုပြင် ပြောင်းလဲမှုဆိုင်ရာတွေမှာ လူ့အခွင့်အရေး စံနှုန်းစံထား
တွေ ဘယ်လောက် လေးစားလိုက်နာသလဲဆိုတာ သူ လေ့လာနေတယ်လို့ မစ္စတာ ကင်တာနား က ပြောပါတယ်။

အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ် ဆွဲဆောင်နေချိန်မှာ ဒေသခံ ပြည်သူတွေ သူတို့ရဲ့ အခြေခံ အခွင့်အရေး မဆုံးရှုံးဖို့၊ သူတို့ရဲ့ နေ့စဉ် လူမှုဘဝတွေကို မထိခိုက်စေဖို့ အရေးကြီး တယ်လို့ ပြောပါတယ်။

ဒီအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံ စကားပြောဖို့ ရှိတယ်လို့ မစ္စတာ ကင်တာနားက ပြောပါတယ်။

“အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေချိန် အရေးကြီးတာကတော့ အဆုံးအဖြတ်
ပေးရတဲ့ အစုအဖွဲ့ အားလုံးအနေနဲ့ သတိပြုရမှာက နိုင်ငံတကာ စံနှုန်းစံထားအတိုင်း လိုက်နာရမယ့် တာဝန် ဝတ္တရားတွေ ရှိတယ်ဆိုတာပါ။ စီးပွားရေး လုပ်ငန်းတွေမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ သတ်မှတ်ချက် စံနှုန်းစံထားတွေလည်း ရှိပါတယ်။ ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ်တွေဟာ အခြေခံ လူတန်းစား ပြည်သူတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ထိခိုက် နစ်နာမှုတွေ မဖြစ်ဖို့ လိုပါတယ်။”

“ဥပမာ မြေယာကိစ္စတွေကို ကြည့်ပါ။ ရင်းနှီး မြှုပ်နှံမှုတွေကြောင့် မြေယာ ဆုံးရှုံးတယ်ဆိုတဲ့ စွပ်စွဲ တိုင်ကြားချက်တွေ ကျနော် ရပါတယ်။ အဲ့ဒီမှာ ကြည့်တော့ ဒေသမှာရှိတဲ့ ပြည်သူတွေ၊ လူမှု အဖွဲ့အစည်းတွေကို တိုင်ပင် ညှိနှိုင်းတာမျိုး မရှိပါဘူး။ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကတော့ လုပ်နေတာ တွေ့တယ်၊ ဒါပေမဲ့ အစိုးရရော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေပါ နိုင်ငံတကာ စံနှုန်း အခြေခံတွေကို လိုက်နာကြဖို့ ကျနော် တောင်းဆိုခဲ့ပါတယ်။ ကျနော် ဂျပန်ရောက်တော့ အဲဒီက ဂျပန် တာဝန်ရှိသူတွေနဲ့ အဲ့ဒီကိစ္စကို ပြောဆို တိုက်တွန်းခဲ့ပါတယ်။ အဲ့ဒီကိစ္စကိုလည်း ကျနော် အရေးတကြီး ဆောင်ရွက်မှာဖြစ်ပြီး၊ ကမ္ဘာ့ဘဏ် အပါအဝင် ငွေကြေး အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံ ပြောဆိုဖို့ရှိပါတယ်။”

မစ္စတာ ကင်တာနား အနေနဲ့ အခု သူ တွေ့ရှိချက်တွေကိုတော့ လာမယ့် မတ်လ လူ့အခွင့်အရေး
ကောင်စီ ညီလာခံကို အစီရင်ခံစာ တင်သွင်းမှာဖြစ်ပါတယ်။

မစ္စတာ ကင်တာနား ကို ၂၀၀၈ ခုနှစ် မေလကစပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အဖြစ် လူ့အခွင့်အရေး ကောင်စီကနေ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ် ညီလာခံမှာတော့ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး ကိုယ်စားလှယ် ဆက်ထား မထား ပါဝင်တဲ့ လုပ်ငန်းစဉ် ကိစ္စကို ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ရှိလာပေမဲ့ လူ့အခွင့်အရေး အခြေအနေအရ သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေ မမြင်ရသေးတာကြောင့်၊
မြန်မာအတွက် လူ့အခွင့်အရေး ကိုယ်စားလှယ် ဆက်ထားဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။
XS
SM
MD
LG