သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနားကို မိတ္ထီလာမှာ ဒေသခံတွေ ဆန္ဒပြ


မိတ္ထီလာကိုရောက်လာမည့် မစ္စတာ ကင်တားနား ယာဉ်တန်းကို ဒေသခံတွေ စောင့်ပြီး ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း) ၂၀ သြဂုတ် ၂၀၁၃။
မိတ္ထီလာကိုရောက်လာမည့် မစ္စတာ ကင်တားနား ယာဉ်တန်းကို ဒေသခံတွေ စောင့်ပြီး ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း) ၂၀ သြဂုတ် ၂၀၁၃။
မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ သုံးသပ်ဖို့အတွက် ၁၀ ရက်ကြာရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) မနေ့ညက မိတ္ထီလာမြို့ကို ရောက်လာတဲ့အချိန် ရာနဲ့ချီတဲ့ ဒေသခံတွေ မြို့အဝင်မှာစောင့်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

မစ္စတာ ကင်တားနားဟာ သူ့ခရီးစဉ်ရဲ့ ၉ ရက်မြောက်နေ့မှာတော့ သမ္မတရုံး ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့ကနေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့အတွက် ၁ဝ ရက်ကြာ ရောက်ရှိနေတဲ့ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံအတွင်း လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ အဓိက မြို့တွေကို သွားရောက် လေ့လာနေတာမှာ မနေ့က ရှမ်းပြည်နယ်ကို သွားရောက်အပြီး မန္တလေးကတဆင့် မိတ္ထီလာမြို့ကို ခရီးဆက်သွားတာ ဖြစ်ပါတယ်။

မိတ္ထီလာမြို့ကို သူရောက်လာတဲ့ အချိန်မှာတော့ ရာနဲ့ချီတဲ့ ဒေသခံတွေ စုဝေးပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ မိတ္ထီလာမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

ဖြေ။ ။ “ဆန္ဒပြဖြစ်ပါတယ်။”

မေး။ ။ လူအင်အားများလား။ ဘယ်လောက်လောက်ရှိသလဲ။ ဘယ်လိုပြကြတာလဲ။
ဖြေ။ ။ “ကျနော်တို့ ခန့်မှန်းလို့တော့ မရဘူးဗျ။ လူအင်အား တော်တော်များတယ်။ မစ္စတာ ကင်တားနား က ည ၁၀ နာရီ ၃၅ လောက်မှာ လာတယ်ပေါ့။ ဒါပေမဲ့ မစ္စတာ ကင်တားနား မလာခင် ညနေ ၅ နာရီခွဲ ၆ နာရီလောက်ကတည်းက ဆန္ဒပြဖို့အတွက် လူစုလူဝေးတွေက ပြင်ဆင်နေတာပေါ့နော်။ သူ ရောက်လာတဲ့အခါကျတော့ ကျနော်တို့ ဒီ လူအုပ်ကြီးက ညပိုင်းရောက်လာတဲ့အချိန်မှာ လူအုပ်က သူ့ကားကို ဝိုင်းပြီးတဲ့အခါကျတော့ ကြွေးကြော်သံတွေ အော်တယ်ပေါ့။”

မေး။ ။ ဘယ်လိုကြွေးကြော်သံမျိုးတွေကို အော်တာလဲ။
ဖြေ။ ။ “ကင်တားနား အလိုမရှိ။ ဆိုင်းဘုတ်တွေလည်း ကိုင်ထားကြတယ်ခင်ဗျ။”

မေး။ ။ ဘယ်လို ဆိုင်းဘုတ်တွေများ ကိုင်ထားလဲ။
ဖြေ။ ။ “ဆိုင်းဘုတ်တွေကကျတော့ ဒီ ဟိုဟာပေါ့ ဘင်္ဂါလီ သွေးထိုးလှုံ့ဆော်သူ ကင်တားနား ထွက်သွားပေါ့။”

မေး။ ။ သူ အဲ့ဒီနေရာမှာ ဘယ်လောက်လောက်ကြာသလဲ။ သူ့ကားတန်းယာဉ်တန်းကြီး ရပ်သွားလား အဲ့ဒီမှာ။
ဖြေ။ ။ ယာဉ်တန်းကတော့ အဲ့ဒီနားမှာ ၅ မိနစ်လောက်တော့ ရပ်လိုက်တယ်ပေါ့နော်။ ၅ မိနစ်လောက်တော့ ရပ်လိုက်ပြီးတော့ သူ ပြန်ထွက်ခွာသွားတယ်ပေါ့နော်။ အဲ့ဒီနောက်မှာတော့ သူ ဟိုဟာကို သွားတယ်လို့ ကျနော်တို့ သတင်းကြားတယ်ပေါ့နော်။ မိတ္ထီလာကန်ဘေးက ဆက်သွယ်ရေး ဧည့်ရိပ်သာမှာ ခဏနေတယ်ပေါ့။

မေး။ ။ သြော် ဟုတ်ပြီ။ ဘယ်သူတွေနဲ့ တွေ့လဲ။ ဘာတွေ ကြားမိသေးလဲ။
ဖြေ။ ။ “ကျနော်တို့ ကြားမိတာကတော့ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးနဲ့လည်း တွေ့သွားတယ်လို့လည်း ကြားတယ်ပေါ့။ ဒီနောက်မှာ ဆန္ဒထုတ်ဖော်တဲ့ မစ္စတာ ကင်တားနားကို ပေးမယ့် အိတ်ဖွင့်ပေးစာကိုလည်း မစ္စတာ ကင်တားနားလက်ထဲကို ခရိုင်အုပ်ချုပ်ရေးမှူးကတဆင့် ရောက်အောင် ပေးလိုက်တယ်လို့လည်း ကြားတယ်ဗျ။”

မေး။ ။ ပြီးတော့ရော မစ္စတာ ကင်တားနား က ဒီကနေ့မနက်မှ ပြန်သွားတာပေါ့ ဒါဆို။
ဖြေ။ ။ “မဟုတ်ဘူး။ ညတွင်းချင်းပဲ သူ ထွက်သွားတယ်လို့ ပြောတယ်ဗျ။”

မေး။ ။ ဒါဆို ခဏလေးပဲ၊ နာရီပိုင်းလေးပဲ နေသွားတာပေါ့။
ဖြေ။ ။ “နာရီပိုင်းလေးပဲဗျ။ အဲ့ဒီ ဆက်သွယ်ရေးဧည့်ရိပ်သာမှာလည်း ၁၅ မိနစ်လောက်ပဲ နေသွားတယ်ဗျ။”

မေး။ ။ သူ့ကားက ဘယ်နှစ်စီးလောက်ပါလဲ။ သူ့ယာဉ်တန်းက။
ဖြေ။ ။ “ကားကတော့ ကျနော်တို့ မြင်ရတာဆိုရင် အားလုံးပေါင်း ၆ စီး၊ ၇ စီးလောက်ပါပဲ။”

မေး။ ။ လက်နက်ကိုင် အစောင့်တွေဘာတွေရော ပါတာလား။ သူ့ယာဉ်တန်းထဲမှာ။
ဖြေ။ ။ “အဲ့လိုတော့ မပါပါဘူး။ ဒီက နယ်မြေခံတွေကပဲ နယ်မြေခံ ရဲတပ်ဖွဲ့ကပဲ သူ့အတွက် လုံခြုံရေးပေးထားတာရယ်၊ နောက် ဒီက ဆန္ဒပြတဲ့လူတွေအတွက်တော့ လုံခြုံရေး ပေးထားတာရယ်။”

မေး။ ။ နောက် မိတ္ထီလာမှာက Curfew (ညမထွက်ရအမိန့်) ထုတ်ထားတယ်ဆိုတော့ အဲ့လို ည ၁၀ နာရီ Curfew (ညမထွက်ရအမိန့်) ဆိုတော့ မစ္စတာ ကင်တားနား ရောက်တာပဲ ၁၀ နာရီကျော်နေပြီ၊ ရဲက မတားဘူးလား။ ဆန္ဒပြတဲ့သူတွေကိုပေါ့။
ဖြေ။ ။ “ကျနော်တို့လည်း အဲ့ဒီကိစ္စကိုပဲ စဉ်းစားနေတာပေါ့နော်။ အရင်ရက်တွေကဆိုရင် ကျနော်တို့ မိတ္ထီလာမှာ Curfew (ညမထွက်ရအမိန့်) ထုတ်ထားတယ်ဆိုရင် ၁၀ နာရီနောက်ပိုင်း ကျော်သွားတယ်ဆိုရင် ဖမ်းဆီးတာတွေ၊ စစ်မေးတာတွေ၊ အဲ့လိုပေါ့ အချုပ်ချတာတွေ၊ ဒါမျိုးတွေ ကျနော်တို့ တွေ့နေရတယ်။ ကြားနေရတယ်ပေါ့။ မနေ့ကကျတော့ ကျနော်တို့ ဒီ လူစုလူဝေးကြီးက ၁၀ နာရီခွဲပြီးတော့ အချိန်ထိကို ရဲတပ်ဖွဲ့တွေက လူစုခွဲမယ်လို့လည်း ပြောမထားဘူးပေါ့နော်။ ဒီအတိုင်းပဲ လွှတ်ထားတဲ့သဘောမျိုး ဖြစ်နေတယ်ပေါ့။”

မေး။ ။ ဘာမှကို မပြောတာလား။ သူတို့က လူစုခွဲဖို့ကိစ္စ တခွန်းမှကို မပြောဘူးလား။
ဖြေ။ ။ လူစုခွဲကို ဘာမှကို မပြောတာပေါ့။ အဖမ်းခံပြီးတော့ကို ဆန္ဒပြမယ်လို့လည်း တချို့တွေက ပြောကြတယ်။

မေး။ ။ မစ္စတာ ကင်တားနားကို ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ဖမ်းတယ်၊ ဆီးတယ်လို့တော့ လုံး၀ မရှိဘူးပေါ့။ အခုအချိန်ထိတော့။
ဖြေ။ ။ “အခုအချိန်ထိတော့ ဖမ်းတယ်၊ ဆီးတယ်လို့တော့ မရှိဘူးပေါ့။ ကျနော်တို့ ထုံးစံအရဆိုရင် ဒါက ဟို ကျနော်တို့ ဥပဒေအရ ကြည့်မယ်ဆိုရင် ဒါက ပုဒ်မ ၁၈ နဲ့ ငြိစွန်းတယ်လို့လည်း မြင်တယ်ပေါ့။”

မစ္စတာ ကင်တားနားဟာ သူ့ရဲ့ မြန်မာပြည်ခရီးစဉ် အစ ရခိုင်ပြည်နယ်ကို သွားရောက်တဲ့အခါတုန်းကလည်း ဒေသခံတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။

မစ္စတာ ကင်တားနားဟာ မိတ္ထီလာမြို့ကနေ ဒီကနေ့ နေပြည်တော်ကို ရောက်သွားပြီး မနက်ပိုင်းမှာ ပြည်ထောင်စု ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်းတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ မစ္စတာ ကင်တားနားတို့ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးကြတယ် ဆိုတဲ့ အသေးစိတ် အချက်အလက်ကိုတော့ နှစ်ဘက်စလုံးက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

မစ္စတာ ကင်တားနားဟာ သူ့ရဲ့ ခရီးစဉ်အတွင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ မနက်ဖြန် သူ မြန်မာနိုင်ငံက ပြန်လည်မထွက်ခွာခင် သူ့ခရီးစဉ်နဲ့ပတ်သက်လို့ ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။
XS
SM
MD
LG