သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲအကြမ်းဖက်မှု ပြုပြင်ပြောင်းလဲရေးကို ထိခိုက်နိုင် ကင်တားနားသတိပေး


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana.
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana.
မြန်မာနိုင်ငံ အနောက်ခြမ်း သံတွဲမြို့မှာ အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာတဲ့အပေါ်မှာ စိုးရိမ်မကင်းဖြစ်ရပြီး၊ ဒီလို အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနား (Tomas Ojea Quintana) က ပြောလိုက်ပါတယ်။

အကြမ်းဖက်မှုမှာ တာဝန်ရှိတဲ့ အာဏာပိုင်တွေကို အရေးယူဖို့ သူပြောဆိုအကြံပြုထားပေမဲ့၊ လက်တွေ့မှာ ဒီလိုဆောင်ရွက်မှုမျိုးတွေ မတွေ့ရသေးဘူးလို့လည်း မစ္စတာ ကင်တာနား က ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။

ဘာသာရေးနဲ့ လူမျိုးရေးအရ အကြမ်းဖက်မှုတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မတည်ငြိမ်မှုတွေ တိုးလာတဲ့အထဲ မနေ့ကတော့ သံတွဲမြို့အနီး ကျေးရွာတရွာကို လူအုပ်စုလိုက် မီးဝင်ရှို့ တိုက်ခိုက်ရာကနေ အသေအပျောက်တွေပါ ရှိခဲ့တာပါ။ ဒီလိုအကြမ်းဖက်မှုမျိုးတွေဟာ မြန်မာနိုငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေအတွက် အန္တရာယ်ကြီးတဲ့ အခြေအနေဖြစ်တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက ပြောဆိုသွားပါတယ်။

“လူ့အခွင့်အရေး ကိုယ်စားလှယ်တဦးအနေနဲ့ လူတွေအကြမ်းဖက် သတ်ဖြတ်ခံရတာတွေ အထူးသဖြင့်တော့ မူဆလင် လူမှုအသိုင်းအဝိုင်းတွေကို ပစ်မှတ်ထား အကြမ်းဖက်တဲ့ လုပ်ရပ်တွေအပေါ်မှာ စိုးရိမ်ပူပင်မိပါတယ်။ ဒါဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စိုးရိမ်ချက်လည်း ဖြစ်ပါတယ်။ အသွင်ကုူးပြောင်းရေး လုပ်ဆောင်နေတဲ့အချိန်မှာ အခုလို အကြမ်းဖက်မှုမျိုးတွေ မရှိသင့်ပါဘူး။ စိုးရိမ်စရာကောင်းတဲ့ ဒီလို အကြမ်းဖက်မှုမျိုးတွေဟာ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေအပေါ်မှာ အန္တရာယ်ရှိပါတယ်။ ဒါကို မြန်မာအစိုးရအနေနဲ့ ကောင်းကောင်း နားလည်မယ်ထင်ပါတယ်။”

အခုလို သံတွဲမြို့ဝန်းကျင်မှာ မငြိမ်သက်မှုတွေ ဖြစ်နေချိန် မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ်ကို ရောက်ရှိနေပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေနဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေတွေကို ကိုယ်တိုင်လေ့လာဖို့ ရောက်ရှိနေတာလို့ သိရပါတယ်။

အခုလို အခြေအနေမျိုးမှာ သမ္မတကိုယ်တိုင် အဲဒီဒေသဘက်ကို သွားရောက်ဖို့ ဆုံးဖြတ်တာဟာ အင်မတန် သင့်တော်ကောင်းမွန်တဲ့လုပ်ရပ် ဖြစ်တယ်လို့ မစ္စတာ ကင်တာနား က မြန်မာအစိုးရကို ချီးကျူးပါတယ်။

“သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်ကို ရောက်နေပြီး၊ အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့နေရာတွေကိုလည်း သွားရောက်ကောင်း သွားရောက်နိုင်ပါတယ်။ လူတွေ သေဆုံးပြီး အကြမ်းဖက်မှုတွေ ဖြစ်တဲ့နေရာကို သွားရောက်ဖို့ဆိုတာ မြန်မာအစိုးရအနေနဲ့ အရေးကြီးပြီး အပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက်ပါ။ ဒီလို ဆောင်ရွက်ချက်မျိုးအတွက် ကျနော့်အနေနဲ့ ဝမ်းမြောက်မိပါတယ်။”

မြန်မာအစိုးရအနေနဲ့လည်း မြန်မာနိုင်ငံမှာ ဒီနှစ်ပိုင်းအတွင်း ဖြစ်နေတဲ့ ဘာသာရေးနဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်မယ်လို့ ပြောသလို၊ မနေ့ကပဲ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီလိုအခြေအနေမျိုးဖြစ်အောင် လှုံ့ဆော်ကြိုးပမ်းသူတွေအပေါ် ဘယ်လိုမှ သည်းခံမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး က ကတိပေးခဲ့ပါတယ်။ မစ္စတာ ကင်တာနားကတော့ အစိုးရအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ လက်တွေ့ လုပ်ဆောင်သွားဖို့ လိုအပ်ပြီး၊ အထူးသဖြင့်တော့ အကြမ်းဖက်မှုမှာ တာဝန်မကင်းတဲ့ အာဏာပိုင်တွေကို ဖော်ထုတ်အရေးယူဖို့ကို တိုက်တွန်းပါတယ်။

“ဒီလိုကိစ္စတွေမှာ အစိုးရအနေနဲ့ ဘယ်လိုမှ သည်းခံမှာ မဟုတ်ဘူးလို့ ပြောဆိုတာတွေ ကြားရတာ ကျေနပ်စရာပါ။ ဒါပေမဲ့ ဒါ တကယ်အမှန် လက်တွေ့ဖြစ်ဖို့ လိုပါတယ်။ လက်ရှိ အခြေအနေအထိတော့ အကြမ်းဖက်မှုတွေကို တားဆီးဖို့ ဆောင်ရွက်တာတွေ၊ အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူတာမျိုးတွေ မတွေ့ရသေးပါဘူး။ အချို့နေရာတွေမှာ ဗုဒ္ဓဘာသာဝင်အချို့ကို တရားရုံးကနေ အပြစ်ပေး ထောင်ချတာတွေ ရှိပါတယ်။ ဒါပေမဲ့ ပြဿနာက လုံခြုံရေးတပ်ဖွဲ့တွေ ကိစ္စပါ။ အခုလို အသွင်ကူးပြောင်းရေးမှာ ရဲတပ်ဖွဲ့ရဲ့အခန်းကဏ္ဍက ဘာလဲဆိုတာကို မေးခွန်းထုတ်ရပါလိမ့်မယ်။ ဒီအကြမ်းဖက်မှုမျိုး မဖြစ်အောင် ရဲတပ်ဖွဲ့တွေက အကာအကွယ် ပေးတာမျိုး မတွေ့ရပါဘူး။”

“တချိန်တည်းမှာပဲ စစ်တပ်ရဲ့ အခန်းကဏ္ဍကိုလည်း မေးခွန်းထုတ်ရပါမယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို ၈ ကြိမ်တိုင်တိုင် ရောက်ပါတယ်။ အကြမ်းဖက်မှုတွေ မဖြစ်အောင် အစိုးရအာဏာပိုင်တွေအနေနဲ့ အရေးယူ လုပ်ဆောင်စရာတွေ ကျန်ရှိနေပါတယ်။ ဒီအထဲမှာ impunity လို့ခေါ်တဲ့ အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို အရေးမယူနိုင်တဲ့ ကိစ္စလည်း ပါဝင်ပါတယ်။”

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံက မူဆလင်လူနည်းစုတွေ အကြမ်းဖက် တိုက်ခိုက်ခံရမှု အခြေအနေကို ဝေဖန်ပြောဆိုခဲ့တာကြောင့်၊ သူ့ရဲ့ ပြီးခဲ့တဲ့ မြန်မာပြည် ခရီးစဉ်အတွင်း ဆန္ဒပြကန့်ကွက်မှုတွေ ရင်ဆိုင်ခဲ့ရသလို ဘက်လိုက်တယ်ဆိုပြီး ဝေဖန်ပြစ်တင်တာတွေလည်း ခံခဲ့ရပါတယ်။

ဒီခရီးစဉ်နောက်ဆက်တွဲအဖြစ် လာမယ့် လ ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံမှာ မြန်မာပြည် အစီရင်ခံစာ တင်သွင်းမှာဖြစ်သလို၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် သူ့ရဲ့တာဝန်ယူမှု သက်တမ်းဟာလည်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
XS
SM
MD
LG