သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား နိုင်ငံရေး အကျဉ်းသားတွေနဲ့တွေ့


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားဟာ သူ့ရဲ့ခရီးစဉ် အစအဖြစ် တနင်္လာနေ့မှာပဲ နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တွေ့ဆုံ ပါတယ်။ ရန်ကုန်၊ အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ဆုံရာမှာတော့ ကျန်းမာရေး ဆိုးရွားနေသူတွေလည်း ပါဝင်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ ကပြောပြပေးမှာ ဖြစ်ပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့၊ နေလည်ပိုင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ်၊ အိုဟေးကင်တားနားက အင်းစိန်ထောင်က နိုင်ငံရေး အကျဉ်းသားတွေ နဲ့ တွေဆုံခဲ့တာပါ။ မစ္စတာကင်တာနားနဲ့ တွေ့ဆုံခွင့်ရလိုက်တဲ့အထဲမှာ ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားလို့မရတဲ့ ဝေဒနာနဲ့အသည်းကင်ဆာ နောက်ဆုံးအဆင့် ဖြစ်နေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်လည်း ပါဝင်ခဲ့ပါ တယ်။ အင်စိန်းဆေးရုံမှာ ကိုဖြိုးဝေအောင်နဲ့ တွေ့ဆုံချိန်မှာ မစ္စတာကင်တားနားကို ကျန်းမာရေး အခြေအနေ အကြောင်း ပြောခွင့်ရခဲ့တယ်လို့ ကိုဖြိုးဝေအောင်ရဲ့ ဇနီး မဌေးဌေးက ပြောပါတယ်။

“ကျန်းမာရေးအကြောင်းကတော့ သူ ဘာပြောလဲ ဆိုတော့ - စဖြစ်တာက ဘယ်နှစ်လပိုင်း ကတည်း က စဖြစ်တယ်၊ ပြီးတော့ အသည်းမှာ အကြိတ်တွေ တွေ့တယ်ဆိုတာ ၃ လပိုင်းမှာ သိပြီပေါ့နော်။ သိပြီးတဲ့အချိန်မှာလည်း ထောင်ကနေပြီးတော့ အသည်းအထူးကုနဲ့ မပြပေးဘူး၊ အပြင်ဆေးရုံ ထုတ်မပြဘူးပေါ့။ မပြပေးဘဲနဲ့ ၂ လကျော်ကြာပြီးတော့မှ ထုတ်ပြတဲ့အချိန်မှာ အသည်းမှာ အကြိတ်တွေ အများကြီး ဖြစ်သွားပြီပေါ့။ ပြီးတော့ အောက်ပိုင်း သေသွားတယ်ပေါ့။ အဲဒါနဲ့ပတ်သက် လို့ သူပြောတာကတော့ အသည်းကင်ဆာဆိုတာတော့ သူ့ကုသိုလ်ကံအရ ဖြစ်တာ သူ ဘာမှ မပြောလိုဘူးပေါ့။ အောက်ပိုင်းသေတဲ့ ကိစ္စကတော့ ဆေးကုပေးတာ နောက်ကျတဲ့အတွက် ကင်ဆာဆဲလ်က ကျောရိုးကိုပြန့်ပြီး သေသွားတာကို၊ အဲဒါ သူ့ဘဝတခုလုံး ပေးလိုက်ရတယ်ပေါ့။ ကျမ အမျိုးသားက အဲလိုမျိုး ပြောတယ်ရှင့်။”

ကုလသမဂ္ဂရဲ့ လူအခွင့်အရေး ကိုယ်စားလှယ်ဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် မြန်မာအာဏာပိုင်တွေကို ထပ်မံ ဖိအားပေးပြောဆိုသွားအုံးမှာ ဖြစ်တဲ့အကြောင်း နိုင်ငံရေး အကျဉ်းသာေးတွရဲ့ ကျန်းမာရေးအခြေအနေကို နိုင်ငံတကာသိအောင် ပြောပြပေးသွားမယ်လို့ ဆိုပါတယ်။

“သူကတော့ ဘာပြောလဲဆိုတော့ပေါ့နော်။ သူ အပါအဝင် နိုင်ငံတကာက အဖွဲ့အစည်းတွေ ကနေပြီးတော့ လူသားချင်း စာနာမှုအရ လွှတ်ပေးဖို့ ဆိုပြီးတော့ ဒီက အာဏာပိုင်တွေကို တောင်းဆိုထားတာကို သိလား၊ ပြုလား၊ ကျမယောကျ်ားကို မေးတယ်ပေါ့နော်။ ကျမတို့ကလည်း သိပါတယ်။ ကျေးဇူးတင်ပါတယ်ပေါ့နော်။ ဒါပေမဲ့ အခုထိ မလွှတ်ဘူးပေါ့။ မလွှတ်တဲ့ အပေါ်မှာ အဲဒီကိစ္စကို သူထပ်ပြီး လုပ်နေတယ်၊ ပြီးတော့ ကျမ အမျိုးသားက လိုအပ်တဲ့ ဆေးကုသမှု မရလို့ အခုလို အောက်ပိုင်းသေတယ်၊ အသည်းကင်ဆာ ဆဲလ် ပြန့်သွားတဲ့ အပေါ်မှာ နိုင်ငံတကာ သိအောင် သူလုပ်ပေးပါ့မယ်၊ ဆက်ပြီးတော့လည်း သူ လုပ်သင့်တာ လုပ်မယ်၊ ပြီးတော့ လတ်တလော ဘာလုပ်ပေးဖို့လိုလဲ၊ လိုအပ်တာရှိရင် လုပ်ပေးမယ်ပြောပါတယ်။ ကျမတို့အနေနဲ့ ကတော့ လတ်တလောကတော့ ဘာမှ လုပ်လို့ မရဘူးပေါ့နော်။ ဆေးတွေနဲ့ပဲ သူ အဲလိုမျိုး ထိန်းပြီးတော့ နေရတဲ့ကာလဆိုတော့ အခု ဒီ ခြေထောက်ကြီး အောက်ပိုင်း သေသွားတာကလည်း ခွဲလို့လည်း ပြန်မှ မကောင်းတော့တာ။ အသည်းမှာ အကြိတ်တွေ ပြန့်နေတာလည်း မပျောက်တော့ တဲ့ဟာ - အဲဒီတော့ အခု လတ်တလောတော့ မလိုပါဘူးပေါ့နော်။ ကျေးဇူးတင်ပါတယ်။ ကျနော် ဒီအတိုင်းလေးပဲ နေပါ့မယ်လို့ သူက ပြောလိုက်တယ်။”

မစ္စတာကင်တာနားဟာ ကိုဖြိုးဝေအောင်အပြင် အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂ ဦးကိုလည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျသူပေါင်း ၄၄၀ ကျော် ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒီအထဲက ကျန်းမာရေးဆိုးနေသူတွေ အများအပြားရှိနေသေးကြောင်း၊ အင်းစိန်ထောင်တွင်းက ကျန်းမာရေး ဆိုးဝါးနေတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ဦးခန့်နဲ့ တွေဆုံဖို့ကိုတော့ မစ္စတာကင်တာနားကို စာရေးသား မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ အထွေထွေအတွင်းရေးမှူး ကိုတိတ်နိုင် ပြောပြတာက -

“ကိုဖြိုးဝေအောင်၊ ကိုစံရှား၊ ကိုအောင်ကျော်မင်းတို့ ဆိုလို့ရှိရင် ကျန်းမာရေး တော်တော်ကို မကောင်းတဲ့ အထဲမှာ ပါပါတယ်။ ဆေးရုံ ခဏ ခဏ တက်နေရတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီလူတွေကိုတော့ အဓိကထား တွေ့ဖို့ပေါ့လေ။ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီးတော့ မစ္စတာကင်တားနားအနေနဲ့ လက်ရှိအစိုးရကို ပြတ်ပြတ်သားသားလုပ်ဖို့ ပြောပြခဲ့ပါတယ်။”

မစ္စတာကင်တားနားရဲ့ခရိးစဉ်အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကြိုစား ဆောင်ရွက်မှုတွေအပေါ်မှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေက အကျဉ်းသားတွေ ပြန်လွတ်မြောက်ရေးအတွက် မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG