သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးတာဝန်ယူပေးဖို့ မြန်မာအစိုးရပျက်ကွက် ကင်တားနား ဝေဖန်


ရန်ကုန်မြို့က ပြန်လည်မထွက်ခွာခင် လေဆိပ်မှာ မစ္စတာ ကင်တားနား သတင်းစာရှင်းလင်းပွဲပြုလုပ် (၂၁ သြဂုတ် ၂၀၁၃) ဓာတ်ပုံ - ဗွီအိုအေ-မြန်မာပိုင်း
ရန်ကုန်မြို့က ပြန်လည်မထွက်ခွာခင် လေဆိပ်မှာ မစ္စတာ ကင်တားနား သတင်းစာရှင်းလင်းပွဲပြုလုပ် (၂၁ သြဂုတ် ၂၀၁၃) ဓာတ်ပုံ - ဗွီအိုအေ-မြန်မာပိုင်း
မြန်မာနိုင်ငံကို ၁၀ ရက်ကြာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က သူ့ရဲ့ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ ဆန္ဒပြပွဲတွေမှာ အစိုးရအနေနဲ့ လုံခြုံရေးအရ ထိရောက်စွာ တာဝန်ယူပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

သူ့ခရီးစဉ် နောက်ဆုံးနေ့ ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့က မထွက်ခွာခင် ရန်ကုန်လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်တဲ့ တွေ့ကြုံခဲ့ရတဲ့ အခြေအတွေကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်တဲ့အချိန် အဲဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့ အတွက် ရောက်ရှိလာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံအတွင်း လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့နေရာ အတော်များများကို သွားရောက် လေ့လာခဲ့တာမှာ အရင်အခေါက်တွေကနဲ့ မတူတဲ့ ကန့်ကွက် ဆန္ဒြုပပွဲတွေ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါ တယ်။

သူ့ခရီး ပထမဆုံး ခရီးတထောက်အဖြစ် ရခိုင်ပြည်နယ်ကို ရောက်သွားတဲ့အချိန် မစ္စတာ ကင်တားနားဟာ ဒေသခံ ရခိုင်လူမျိုးတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုနဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာတုန်းကတော့ သူစီးလာတဲ့ ကားဘေးမှာ ဆန္ဒပြသူထဲက တချို့ကို သူ့အနေနဲ့ ကားပေါ်က ဆင်းတွေ့ပြီး သူတို့ရဲ့ တောင်းဆိုချက်တွေကို နားထောင်ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

"ကျနော် ရခိုင်ပြည်နယ်ကို ၄ ကြိမ်မြောက်အဖြစ် သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ကျနော့်ကို ဒေသခံတွေက ဆန္ဒပြတာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုလို ဆန္ဒပြတာကို ကျနော့်အနေနဲ့ မမြင်တွေ့လိုပေမဲ့လည်း ဒါဟာ လူထုအနေနဲ့ သူတို့ရဲ့ သဘောဆန္ဒတွေကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရတာကို
တွေ့ရတဲ့အတွက် ဒါကို ကျနော် ကြိုဆိုပါတယ်။ အဲဒီလို ဆန္ဒပြနေကြတဲ့အချိန် ကျနော့်ကားပေါ်ကဆင်းပြီး ဆန္ဒပြနေတဲ့ အမျိုးသမီးတဦးနဲ့ စကားပြောခဲ့ပါတယ်။ အဲဒီ အမျိုးသမီးက ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် သူတို့ ရခိုင် ဗုဒ္ဓဘာသာတွေအနေနဲ့ ဘယ်လောက်အထိ အတိဒုက္ခ ရောက်ကြ ရကြောင်း၊ စိုးရိမ်သောက ဖြစ်ရကြောင်းကို ခံစားချက် ပြင်းပြစွာနဲ့ ကျနော့်ကို ပြောပြခဲ့ပါတယ်။"

သူ ရခိုင်ပြည်ကို သွားရောက်စဉ် အဲဒီမှာ ဒေသခံ အာဏာပိုင်တွေအပြင် ရခိုင်ဗုဒ္ဓဘာသာဝင်တွေရော၊ မူဆလင် အသိုင်းအဝိုင်းနဲ့ပါ တွေ့ဆုံခွင့်ရခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

နောက် သူသွားခဲ့တဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စတဲ့ ဒေသတွေမှာလည်း
ဒေသခံ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ လူမှုရေနဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့် ရခဲ့တဲ့အပြင် ယုံကြည့်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အင်းစိန်ထောင်မှာရော၊ ရခိုင်ပြည်နယ်အတွင်းမှာရော တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ သူ့ခရီးစဉ် အဆုံးမသတ်ခင် ၉ ရက်မြောက်နေ့က မိတ္ထီလာမြို့ကို ရောက်သွားတဲ့အခါမှာတော့ ဆန္ဒပြသူ လူအုပ်ကြီးက သူစီးလာတဲ့ကားကို ဝိုင်းအုံလာပေမဲ့ အနားမှာရှိနေတဲ့ လုံခြုံရေး တာဝန်ရှိသူတွေက ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

"ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကျနော့်လို ပုဂ္ဂိုလ်မျိုးကို အကာကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ အဲဒီနေရာမှာ အစိုးရဘက်က အကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီကိစ္စကိုလည်း ကျနော် မြန်မာအစိုးရ ကို ထောက်ပြခဲ့ပါတယ်။"

သူ့အနေနဲ့ မိတ္ထီလာမြို့မှာရှိတဲ့ မူဆလင် အသိုင်းနဲ့ နောက်တနေ့မနက်မှာ တွေ့ဆုံဖို့ စီစဉ်ထားပေမဲ့လည်း ညပိုင်း မိတ္ထီလာမြို့အဝင်မှာ ကြုံတွေ့ခဲ့ရတဲ့ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ ကန့်ကွက် ဆန္ဒပြမှုတွေကြောင့် အဲဒီ အစီအစဉ်ကို ဖျက်လိုက်ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မူဆလင် မိသားစုတွေအနေနဲ့ တအိမ်ထောင် ကလေး ၂ ယောက်ထက် ကျော်ပြီး မွေးခွင့်မရှိဘူးဆိုတဲ့ သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်လို့လည်း -

"ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မူဆလင် မိသားစုတွေအနေနဲ့ တအိမ်ထောင် ကလေး ၂ ယောက်ထက် ပိုမမွေးရဆိုတဲ့ ပေါ်လစီ ချမှတ်ထားခြင်း မရှိဘူးဆိုတာကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ် သူက ကျနော်ကို ကတိပြု ပြောဆိုပါတယ်။ အဲဒီလို ပေါ်လစီမျိုး မရှိဘူးဆိုတာကိုလည်း ပြည်ထဲရေး ဝန်ကြီးကိုယ်တိုင်က ကျနော့်ကို ထပ်လောင်း အတည်ပြုပြောဆိုပါတယ်။ ဒါပေမဲ့ နစက လက်ထက်က အဲဒီလို ပေါ်လစီမျိုး ရှိကောင်း ရှိခဲ့နိုင်တယ်လို့တော့ ဝန်ကြီးက ပြောပါတယ်။"

မြန်မာနိုင်ငံမှာ လက်ရှိ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေ၊ အထူးသဖြင့်တော့ မတူညီတဲ့ ဘာသာအဖွဲ့အစည်းတွေကြား ဖြစ်ပေါ်နေတဲ့ သဘောထားကွဲပြားမှုတွေ ပြေလည်အောင် အစိုးရပိုင်းနဲ့ လူမှုအဖွဲ့အစည်းတွေက လုပ်ဆောင်နေတာတွေဟာ အောင်မြင်ပြီး မှန်ကန်တဲ့ဘက်ကို ဦးတည်နေတယ်လို့ သူ့အနေနဲ့ ယူဆကြောင်းလည်း မစ္စတာ ကင်တားနားက သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတာကြောင့် အစိုးရအနေနဲ့ အမြန်ဆုံး ပြန်လွတ်ပေး လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်းလည်း မစ္စတာ ကင်တားနားက ပြောဆို သွားပါတယ်။
XS
SM
MD
LG