သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကိုယ်စားလှယ်ရဲ့ ရခိုင်ဒုတိယနေ့ ခရီးစဉ်


မစ္စတာ ကင်တားနားနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမရ တို့ တွေ့ဆုံစဉ် (၁၃ သြဂုတ် ၂၀၁၃)
မစ္စတာ ကင်တားနားနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမရ တို့ တွေ့ဆုံစဉ် (၁၃ သြဂုတ် ၂၀၁၃)
မူဆလင်အသိုင်းအဝိုင်းအနေနဲ့ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့အတွက် တာဝန်ရှိပြီး ကိုယ်တိုင် စုစည်းလုပ်ဆောင် ကြရပါမယ်လို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) က ပြောလိုက်ပါတယ်။ အင်္ဂါနေ့က စစ်တွေထောင်နဲ့ ဆေးရုံတို့အပါအဝင် နေရာ အတော်များများကို သွားရောက်ခဲ့ချိန်အတွင်း စစ်တွေမြို့ပေါ် ရပ်ကွက်တခုက မူဆလင်အသိုင်းအဝိုင်းနဲ့ တွေ့ဆုံချိန်အတွင်း အဲဒီလိုပြောခဲ့တာပါ။ မစ္စတာကင်တားနားရဲ့ ရခိုင်ပြည်နယ်၊ ဒုတိယနေ့ခရီးစဉ်အကြောင်း ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

မစ္စတာကင်တားနားဟာ အင်္ဂါနေ့က စစ်တွေထောင်၊ ရွှေစေတီဘုန်းတော်ကြီးကျောင်း၊ အောင်မင်္ဂလာရပ်ကွက်တွေဆီ သွားရောက်ခဲ့သလို ရခိုင်အစိုးရအဖွဲ့ ဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာပါ။

စစ်တွေမြို့မှာ သောကြာနေ့က ရုန်းရင်းဆန်ခတ် အခြေအနေတချို့ ဖြစ်ခဲ့လို့ လူနှစ်ယောက်သေဆုံးပြီး တခြားလူ ၁၀ ယောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် မစ္စတာ ကင်တားနား ရောက်သွားတာလည်း ဖြစ်ပါတယ်။

စစ်တွေမြို့က မူဆလင် လူမှုအဝန်းအဝိုင်းနဲ့ တွေ့ဆုံချိန်မှာ ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင် လုပ်ဆောင်ကြဖို့ မစ္စတာကင်တားနား က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“ခင်ဗျားတို့ မူဆလင် အသိုင်းအဝိုင်းမှာလည်း တာဝန်ရှိပါတယ်။ ဒီနေရာမှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ခင်ဗျားတို့ ကိုယ်တိုင် ဆောင်ရွက်ကြရမှာပါ။ နောက် တသံတည်း၊ တညီတည်းဖြစ်အောင်လို့လည်း စည်းရုံးဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အခြေအနေတွေကတော့ တိုးတက်လာလိမ့်မယ်လို့ ကျနော် တကယ်ပဲ မျှော်လင့်ပါတယ်။ အတော်တော့ ခက်ခဲမယ်လို့ ထင်ပါတယ်။ အခု ဒီနေရာမှာ ခင်ဗျားတို့ နေရထိုင်ရတာလည်း ခက်ခဲတယ်ဆိုတာ ကျနော် နားလည်ပါတယ်။ ဒါပေမဲ့လည်း အဖြေ တစုံတရာ ထွက်လာဖို့အတွက်တော့ ဆောင်ရွက်သွားမယ်လို့ ကျနော် ကတိပေးပါတယ်။”

ရခိုင်ပြည်နယ် ဆူပူအကြမ်းဖက် ဖြစ်စဉ်တွေမှာ ဦးဆောင်သူတွေ၊ ပါဝင်သူတွေလို့ စွပ်စွဲပြီး စစ်တွေထောင်မှာ အကျဉ်းချခံထားရ သူတွေထဲက တချို့ကို မစ္စတာ ကင်တားနား သွားတွေ့ခဲ့ပါတယ်။ တခါ ရွှေစေတီဘုန်းတော်ကြီးကျောင်းမှာ ဆရာတော်နဲ့ သွားရောက်တွေ့ဆုံချိန်မှာ ရခိုင်ပြည်နယ်က လူမှုအဝန်းအဝိုင်း နှစ်ခုအကြား ပြန်ပြီး သင့်မြတ်နိုင်ရေး အလားအလာနဲ့ ပတ်သက်လို့ ဆရာတော်က မစ္စတာ ကင်တားနားကို မိန့်ကြားခဲ့တာကိုတော့ ရခိုင်ပြည်နယ်အစိုးရ၊ သတင်းနဲ့ မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဥပဒေချုပ် ဦးလှသိန်းက ဗွီအိုအေကို ပြန်ပြောပြပါတယ်။

“ဒီ Community နှစ်ခုကို ပြန်လည် လောလောဆယ် သင့်မြတ်အောင် လုပ်ဖို့ကတော့ ချက်ခြင်းကြီး မဖြစ်နိုင်သေးဘူးဆိုပြီးတော့ ထောက်ပြပါတယ်။
လောလောဆယ် ခင်ဗျားတို့ သင့်မြတ်ဖို့အတွက်ဆိုရင်တော့ အချိန်ယူရမယ်ပေါ့နော်။ ဒါ နိုင်ငံတော် အစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက်ရမယ်။ အဲ့ဒီလို မိန့်တာပါ။”

ဆရာတော်နဲ့ တွေ့ဆုံချိန်အတွင်း မစ္စတာကင်တားနားက ရိုဟင်ဂျာလို့ သုံးစွဲခေါ်ဝေါ်ခဲ့တဲ့အပေါ် ဆရာတော်က ပြန်ပြီး ရှင်းလင်း မိန့်ကြားဖို့ ကြိုးစားခဲ့ပေမဲ့ အထမမြောက်ခဲ့ဘူးလို့လည်း ဦးလှသိန်းက ပြောပါတယ်။

“မစ္စတာ ကင်တားနားရဲ့ စကားလေးတစ်ခုမှာ ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ပြောကြတဲ့လူတွေ ဆိုတဲ့အခါကျတော့ အဲ့ဒီဟာလေးတစ်ခု ပါတဲ့အတွက်ကြောင့် ဘုန်းကြီးက ပြန်ပြီးတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ နည်းနည်း ရှင်းပြမလို လုပ်တဲ့အခါမှာ သူက လူ့အခွင့်အရေးကိစ္စပဲ ဆောင်ရွက်တဲ့သူပါ။ သမိုင်းကြောင်းတွေ ဘာတွေကို မပြောပါနဲ့ ဆိုပြီးတော့ သူကတော့ အဲ့ဒီလို ပြောတယ်ခင်ဗျ။ အဲ့ဒါနဲ့ ဘုန်းကြီးကလည်း ဒါကို အကျယ်တဝင့် ပြောဖို့ အခွင့်အရေးတော့ မရလိုက်ဘူး။”

လူမှုအဝန်းအဝိုင်းနှစ်ခုကို ချက်ခြင်း သင့်မြတ်အောင် လုပ်ဖို့လိုတဲ့အကြောင်း ရခိုင်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ မစ္စတာ ကင်တားနားက ပြောပြီး ဒါနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရအနေနဲ့ ဘယ်လို အစီအမံတွေ လုပ်ထားပါသလဲဆိုတဲ့ သဘောမျိုး မေးတဲ့အပေါ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဖြေဆိုခဲ့တာကိုလည်း ဦးလှသိန်းက ပြောပြပါတယ်။

“ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က အကြံပြုချက်တွေထဲမှာ ပါဝင်တဲ့အတိုင်းပေါ့ ပထမ ကျနော်တို့ ရခိုင်ဘက်က မြို့မိမြို့ဖတွေ၊ နောက် ဘင်္ဂါလီအုပ်စုထဲက သူတို့ရဲ့ ရပ်မိရပ်ဖတွေပေါ့နော် အဲ့ဒီလူတွေကို ဆပ်ကော်မတီတစ်ခုကနေပြီးတော့ သီးသန့်စီ တွေ့ပြီးတော့ အခု ဆွေးနွေးမှုတွေ ရှိပါတယ်။ နောင် ဒီဟာနဲ့ တဆင့်တက်လာလို့ရှိရင်တော့ သူတို့ နှစ်ဘက်ကို မျက်နှာချင်းဆိုင် ပိုပြီးတော့ ရင်းနှီးမှုရှိအောင် လုပ်မယ်။ အဲ့ဒီလို လုပ်လာပြီးတဲ့အခါမှာ ယုံကြည်မှုတွေ တည်ဆောက်ပြီးတော့ လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်လို့၊ လုပ်လည်း လုပ်နေပါတယ်လို့ ဝန်ကြီးချုပ်က ဖြေပါတယ်။”

မစ္စတာ ကင်တားနားဟာ တနင်္လာနေ့တုန်းက ဘူးသီးတောင်မြို့နယ်ဆီ သွားရောက်ပြီး ဘူးသီးတောင်ထောင်မှာ အကျဉ်းကျနေ သူတချို့နဲ့ သွားတွေ့ခဲ့ပါသေးတယ်။ အဲဒီမှာလည်း သူ့ကို ဆန္ဒပြသူတွေနဲ့ တွေ့ခဲ့ရသလို အင်္ဂါနေ့က စစ်တွေထောင်သွားအပြီး ပြန်အထွက်မှာလည်း ဆန္ဒပြသူတွေနဲ့ ကြုံခဲ့ရပါတယ်။

ဆန္ဒပြသူတွေ အော်တဲ့ကြွေးကျော်သံ၊ သူတို့ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေ ကို ကြည့်ခြင်းအားဖြင့် မစ္စတာကင်တားနားဟာ သူ့ရဲ့အစီရင်ခံစာတွေမှာ ရခိုင်တွေဘက်က အခြေအနေတွေ ထည့်မပြောတဲ့ အပေါ် မကျေနပ်ကြသူက ဆန္ဒပြတာဖြစ်ပုံရတယ်လို့ ဦးလှသိန်းက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ဘယ်သူတွေဆိုတာ သူတို့အနေနဲ့ အတိအကျ မသိဘဲ ကင်တားနား အလိုမရှိ၊ Quintana Get out စသည်ဖြင့် ကြွေးကျော်ဆန္ဒပြကြတယ်လို့လည်း ပြော ပါတယ်။

စစ်တွေမြို့ပြင်က အုန်းတော်ကြီး ဒုက္ခသည်စခန်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေကြား ရုန်းရင်းဆန်ခတ်အခြေအနေ ဖြစ်ခဲ့ပြီးတဲ့နောက် ဆွေးနွေးပြောဆိုကြဖို့နဲ့ ယုံကြည်မှုတည်ဆောက်ရေး လုပ်ဆောင်ဖို့ ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကလည်း သြဂုတ်လ ၁၃ ရက်နေ့စွဲနဲ့ ထုတ်ပြန် ပန်ကြားခဲ့ပါတယ်။

မစ္စတာ ကင်တားနားဟာ ရခိုင်ပြည်နယ်မှာ တညအိပ် နှစ်ရက်ကြာ သွားရောက်ခဲ့ပြီးတဲ့နောက် နေ့လည် ၁ နာရီမှာ ရန်ကုန်မြို့ဆီ ပြန်လည် ထွက်ခွာလာပြီး ညနေပိုင်းမှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ အပါအဝင် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
XS
SM
MD
LG