သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် အမြန်ဆောင်ရွက်ဖို့ Quintana တိုက်တွန်း


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာ အစိုးရအနေနဲ့ အရေးယူ လိုက်နာဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) က တိုက်တွန်းပါတယ်။

အထူးသဖြင့်တော့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ မစ္စတာကင်တားနားနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ထွက်လာခဲ့ပြီးတဲ့နောက်၊ အစီရင်ခံစာပါ အကြံပြုချက်တွေကို ပြန်လည်သုံးသပ်ပြီးတော့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက မနေ့က သူ့ရဲ့ အမြင်တွေကို ထုတ်ပြန်ခဲ့တာပါ။ အစီရင်ခံစာပါ အကြံပြုချက်တွေကို သူ ကြိုဆိုလိုက်ပြီး၊ ဒီအပေါ်မှာ အစိုးရအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ မစ္စတာ ကင်တာနား က တိုက်တွန်းပါတယ်။

အထူးသဖြင့်တော့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေအတွင်းမှာ ပြည်နယ် တာဝန်ရှိသူတွေ ကိုယ်တိုင်က မူဆလင် လူမှုအသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီး လူ့အခွင့်အရေး ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ သူ ရရှိထားတယ်လို့ ပြောပါတယ်။ ဒါကြောင့် အာဏာပိုင်တွေ တာဝန်ရှိသူတွေရဲ့ လုပ်ရပ်ကို အရေးယူဖို့ အရေးကြီးတယ်လို့ မစ္စတာ ကင်တာနား က ထောက်ပြပါတယ်။

“အစီရင်ခံစာပါ အကြံပြုချက်တွေက အပြုသဘော ဆောင်ပါတယ်။ ဒါတွေကို အစိုးရက လက်တွေ့ အကောင်အထည်ဖော်ရမှာပါ။ တချိန်တည်းမှာပဲ ကျနော် စိုးရိမ်မိတာကတော့ အာဏာပိုင်တွေရဲ့ တာဝန်ရှိမှု၊ ကျူးလွန်မှုတွေကို ဥပဒေ ကင်းလွတ်ခွင့် ပေးတာတွေ မဖြစ်စေဖို့ အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ပါ။ ဒီဖြစ်ရပ်ကြောင့် လူတွေအများကြီး သေဆုံးခဲ့သလို၊ အဖမ်းခံထားရတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူနိုင်မယ့် အခြေအနေမျိုး ဖန်တီးလုပ်ဆောင်ဖို့ လိုပါတယ်။”

အကြံပြုချက်တွေထဲမှာ စိုးရိမ်စရာ အခြေအနေတွေကိုလည်း သူက ထောက်ပြပါတယ်။ အဓိကအချက်ကတော့ ရခိုင်နဲ့ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းနှစ်ခုကို ခွဲထားဖို့ ဆိုတဲ့ကိစ္စပါ။ အဲ့ဒီဒေသတွင်းက မူဆလင်တွေ လွတ်လွတ်လပ်လပ် သွားလာခွင့်တွေကို ကန့်သတ်ထားတုန်းပဲလို့ မစ္စတာ ကင်တာနား က မြင်ပါတယ်။

မူဆလင်တွေကိုထားတဲ့ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေဟာ ဆိုးရွားနေတာကြောင့် အလျင်အမြန်ပဲ ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ မစ္စတာ ကင်တာနား က ယူဆပါတယ်။

“အန္တရာယ်ကြီးတာကတော့ မြန်မာနိုင်ငံမှာ ဒီမူဝါဒကို ကျင့်သုံးလာပြီးရင်တော့ လူမှု အသိုင်းအဝိုင်းတွေအကြား ပြန်လည် သင့်မြတ်ရေးနဲ့ လူအဖွဲ့အစည်းမှာ သဟဇာတ ဖြစ်အောင် လုပ်ဆောင်ဖို့ လုပ်မရတဲ့ အခြေအနေပါ။ ဒါဟာ ပြဿနာပါ။ လူသား ရပ်တည်မှုဆိုင်ရာ အကြပ်အတည်း ကြုံနေရတာတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စိုးရိမ်ရပါတယ်။ ရခိုင်မှာရှိတဲ့ အဲ့ဒီက ဒုက္ခသည်စခန်းတွေကို ကျနော်ရောက်ခဲ့ပါတယ်။ အခုဆို မိုးရာသီလာတော့မယ်။ ကော်မရှင်ရဲ့ အကြံပြုချက်မှာတော့ လူသားရပ်တည်မှု အကြပ်အတည်း ပြဿနာရှိတယ် ဆိုတာ ထောက်ပြထားပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို အရေးတကြီး အလျင်အမြန် ကိုင်တွယ်ဖြေရှင်းဖို့ လိုနေပါပြီ။”

အစိုးရ အာဏာပိုင်တွေအနေနဲ့ ဒီလူမှုအသိုင်းအဝိုင်းနှစ်ခု ပြန်လည်ပေါင်းစည်းနိုင်ဖို့ အစီအစဉ်တွေ ချမှတ်ပြီး၊ ဒုက္ခသည်တွေကို ပြန်လည်နေရာချဖို့ စီစဉ်ဆောင်ရွက်ဖို့လည်း မစ္စတာ ကင်တာနား က တိုက်တွန်းခဲ့ပါတယ်။ မစ္စတာ ကင်တာနား ဟာ ကော်မရှင်ရဲ့ အစီရင်ခံစာ တခုလုံးကိုတော့ ဖတ်ရသေးတာ မဟုတ်ပါဘူး။ ဘာသာပြန် ရရှိထားတဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာ သူ့သုံးသပ်ချက်ကို ထုတ်ပြန်တာလို့ ပြောပါတယ်။

“ကျနော်ရဲ့ အခုထုတ်ပြန်ချက်က ကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာပဲ သုံးသပ်ထားတာပါ။ ဒါကြောင့် အစီရင်ခံစာ တခုလုံးကို ဘာသာပြန်ပြီး ဖတ်ရှုဖို့ လိုပါတယ်။”

ဒီအစီရင်ခံစာ တခုလုံးမှာ ဘင်္ဂါလီဆိုပြီး အသုံးအနှုန်းကိုပဲ သုံးစွဲတာကြောင့် လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဝေဖန်မှုတော့ ရှိပါတယ်။ မစ္စတာ ကင်တာနား ကတော့ ဒီ အသုံးအနှုန်းကိစ္စထက် အစီရင်ခံစာပါ အနှစ်သာရတွေက ပိုပြီး အရေးကြီးမယ်လို့ ယူဆပါတယ်။

“ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ ဖွဲ့စည်းပုံထဲမှာ မပါဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလူမှုအသိုင်းအဝိုင်းဟာ မြန်မာနိုင်ငံမှာ ရှိတာပါ။ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ သုံးပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာကိုတော့ အသိအမှတ် ပြုသင့်တာပေါ့။ ဒါပေမဲ့လည်း ဒီအစီရင်ခံစာနဲ့ အကြံပြုချက်ရဲ့ အနှစ်သာရ ပို အရေးကြီးပါတယ်။”

မြန်မာလို အစီရင်ခံစာထဲမှာတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်လို့ သုံးသင့် မသင့် အကျယ့်တဝင့် ရှင်းထားတာ ပါဝင်ပါတယ်။ မစ္စတာ ကင်တာနား ကတော့ ရခိုင်ဒေသမှာရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို ခွဲခြားဆက်ဆံမှုဟာ လူမှုအသိုင်းအဝိုင်း နှစ်ခုအကြား အကြမ်းဖက်မှုတွေ ဖြစ်စေတဲ့ အကြောင်းတရပ် ဖြစ်တယ်ဆိုပြီး ထောက်ပြခဲ့ပါတယ်။

ဒါကြောင့်လည်း နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာ အရေအတွက် ၈ သိန်းဟာ ခွဲခြားဆက်ဆံခံရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရင်ဆိုင်နေရတယ်လို့ ထောက်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်နဲ့ အောက်တိုဘာလအတွင်းက အကြမ်းဖက်မှုတွေကြောင့် လူ ၂၀၀ နီးပါး သေဆုံးခဲ့ပြီး၊ ဒီအခြေအနေတွေကို စုံစမ်းဖို့ သမ္မတ ဦးသိန်းစိန် က ၂၇ ဦးပါ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့တာပါ။
XS
SM
MD
LG