သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဝန်ထမ်းတွေ ပြစ် ဒဏ်စီရင်မှုအပေါ် ကင်တားနားဝေဖန်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်Tomas Ojea Quintana(လယ်)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်Tomas Ojea Quintana(လယ်)
ရခိုင်ပြည်နယ် တရားရုံးတခုကနေ ထောင်ဒဏ်အသီးသီးချမှတ်လိုက်တဲ့ ကုလသမဂ္ဂဝန်ထမ်းနှစ်ဦးနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတခုက ဝန်ထမ်းတဦးတို့ကို ချက်ခြင်းပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အဲဒီလူသုံးဦးကို ထောင်ဒဏ် ချမှတ်လိုက်အပြီး နောက်တရက်မှာပဲ မစ္စတာကင်တားနားက တောင်းဆိုလိုက်တာပါ။ ဒီလိုထောင်ဒဏ် ချလိုက်တာကို လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ကလည်း ဝေဖန်ပြောဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်

ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေကို သွေးထိုးလှုံ့ဆော်တာမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ အဲဒီ ဝန်ထမ်း သုံးဦးအပေါ် ထောင်ဒဏ်နှစ်နှစ်ကနေ ခြောက်နှစ်အထိ သောကြာနေ့က အသီးသီးချမှတ်ခဲ့တာပါ။ အခုလို ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် ပြစ်တင်ဝေဖန်ပြီး သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မစ္စတာကင်တားနားက တောင်းဆိုပါတယ်။

“ကျနော့်ရဲ့ ထင်မြင်ချက်အရဆိုရင် အဲဒီ ကုလသမဂ္ဂဝန်ထမ်းတွေအပေါ် စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိပါဘူး။ ဒါက ပထမပြဿနာပါ။ ဒုတိယပြဿနာကတော့ မြန်မာနိုင်ငံမှာ စနစ်ကျတဲ့ တရားစီရင်ရေးမရှိပါဘူး။ အခု အဖမ်းခံရသူ အများအပြားဟာ ရှေ့နေငှားခွင့်မရ၊ အထောက် အထားတွေနဲ့ သက်သေတွေ တင်ပြခွင့်မရဘူးဆိုတာ ကျနော်သိထားပါတယ်။ ဒါ့အပြင် တရား စီရင်ရေးဟာ ဘက်မလိုက်တဲ့ပုံ၊ သီးခြားလွတ်လပ်တဲ့ပုံ မရှိပါဘူး။ ဒီသုံးသပ်ချက်တွေ အကုန်လုံး အရ ပြောမယ် ဆိုရင် သူတို့ကို ထောင်ဒဏ်ချမှတ်လိုက်သည်ပဲဖြစ်ပါစေ၊ အစိုးရအနေနဲ့ သူတို့ အားလုံးကို ချက်ခြင်း ပြန်လွှတ်ပေးသင့်တယ် ဆိုတာ ကျနော့်အတွက်တော့ ရှင်းပါတယ်။”

မစ္စတာကင်တားနားရဲ့အမြင်နဲ့ အလားတူပဲ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ရဲ့ အာရှဒေသ စည်းရုံး လှုံ့ဆော်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန် ဆစ်စ်တန် (John Siston) ကလည်း မြင်ပါတယ်။

“ဒီအမှုကို စစ်ဆေး စီရင်တဲ့နှုန်းနဲ့ စွပ်စွဲချက်တွေအရဆိုရင် မျှတမှုမရှိဘူးဆိုတာ သေချာပါတယ်။ ဒါဟာဖြင့် မြန်မာအာဏာပိုင်တွေဟာ လူမျိုးစု အချင်းချင်းအကြား ဟန်ချက်ညီမှုရှိအောင် လုပ်ရမယ့် အစား ရိုဟင်ဂျာတွေကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ နောက်ထပ် ဥပမာ တခုဖြစ်ပါတယ်။”

မစ္စတာကင်တားနားဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မြန်မာနိုင်ငံလာပြီး ရခိုင်ပြည်နယ်ဘက် သွားရောက်ခဲ့သလို ဖမ်းဆီးခံ ထားရတဲ့ ကုလသမဂ္ဂနဲ့ INGO တွေက ဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ ပါသေးတယ်။ အဲဒီခရီးစဉ်အဆုံးသတ်မှာ ဖမ်းဆီးထား သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ သီးခြား လွတ်လပ် တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖွဲ့စည်းဖို့ တိုက်တွန်းခဲ့ပါတယ်။

အခု သုံးယောက်ကို စီရင်ချက်မချခင်မှာ ဖမ်းထားသူတွေထဲက အများစုကို မြန်မာ အာဏာပိုင်တွေ က ပြန်လွှတ်ပေးခဲ့ပါတယ်။ မစ္စတာကင်တားနား တိုက်တွန်းခဲ့သလို နိုင်ငံတကာကော်မရှင်တရပ် ဖွဲ့စည်းရေးဆိုတာကိုတော့ ပယ်ချပြီး ပြည်တွင်းက ထင်ရှားသူတွေပါဝင်တဲ့ ကော်မရှင်တရပ်ကို ဖွဲ့စည်းထားပါတယ်။

HRW အဖွဲ့ရဲ့ ဂျွန် ဆစ်စ်တန်က အဲဒီကော်မရှင်အတွက် အကြံပြုချက်တချို့ကို ပြောခဲ့ပါတယ်။

“သူတို့ ပထမဆုံး လုပ်သင့်တာကတော့ အဖြစ်အပျက်ရဲ့ တကယ့်အခြေခံအကြောင်းကို သိနိုင်မယ့် ဘက်မလိုက်တဲ့ အချက်အလက် စူးစမ်း ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဖို့ပါပဲ။ ဖြစ်သွားတဲ့အပေါ် ငြင်း ခုံပြောဆိုနေတာက အချိန်တွေ အလဟဿ ဖြစ်စေပါတယ်။ ရုန်းရင်းဆန်ခတ်တွေ အကြီး အကျယ်ဖြစ်ခဲ့တယ်ဆိုတာကို အသိအမှတ်ပြုပြီး ဘယ်လိုဖြစ်ရတယ်၊ ဘယ်သူတွေမှာ တာဝန်ရှိ တယ်ဆိုတာကို စုံစမ်း စစ်ဆေးဖို့လိုပါတယ်။ အဲဒီနောက်မှာ ဘယ်လိုရှေ့ဆက်သွားကြမယ်၊ အနာဂတ်မှာ ပဋိပက္ခတွေ လျော့နည်းစေပြီး လူမျိုးစုတွေကြား ဘယ်လို ဟန်ချက်ညီနေထိုင်ကြမယ် ဆိုတာကို ရှာဖွေဖို့ ဖြစ်ပါတယ်။”

HRW အဖွဲ့က ဂျွန် ဆစ်စ်တန်ပါ။

ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမျိုးစုအချင်းချင်းကြား ရုန်းရင်းဆန်ခတ်မှုတွေအပေါ် မြန်မာတာဝန်ရှိ သူတွေသာမက လူထု ကိုယ်တိုင်ရဲ့အမြင်နဲ့ နိုင်ငံတကာက မြင်ကြတာတွေဟာ အတော်လေး ကွဲပြားနေပါတယ်။ ကုလသမဂ္ဂနဲ့ HRW အဖွဲ့တို့ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကို တောက်လျှောက် စောင့်ကြည့်လေ့လာပြီး အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်ဆိုင်းဖို့ တိုက်တွန်း တောင်းဆို ခဲ့တဲ့ အဖွဲ့တွေ လည်း ဖြစ်ပါတယ်။

အခု ရခိုင်ပြည်ပဋိပက္ခမှာတော့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကို သာမက သတင်းမီဒီယာတွေကို လည်း ဝေဖန် ပြစ်တင်တာတွေ ရှိလာခဲ့ပါတယ်ခင်ဗျား။
XS
SM
MD
LG