သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တာနား (၇) ကြိမ်မြောက်မြန်မာခရီး ဘာတွေလုပ်မှာလဲ


မကြာခင်အချိန်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့စီစဉ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်စ် အိုဟေးကင်တားနားဟာ အခုအချိန်မှာတော့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေကို သွားရောက်ပြီး အဲဒီဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး မကြာသေးခင်အချိန်က ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းတဲ့အချိန် အခုလို ပြောကြားခဲ့တာပါ။ မစ္စတာ ကင်တားနားရဲ့ အခုမြန်မာပြည်ခရီးစဉ်မှာ ဘယ်အရေးကိစ္စတွေကို ဦးစားပေးပြီး ဆောင်ရွက်သွားမလဲ မေးကြည့်တဲ့အခါမှာတော့ အခုလို စပြီးပြောပါတယ်ရှင်။

“ကျနော်အခုတခေါက်သွားတဲ့အခါမှာ ရခိုင်ပြည်နယ်နဲ့ကချင်ပြည်နယ်တွေမှာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ကိစ္စ၊ တခါ ကရင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ချင်းပြည်နယ်မှာ ချင်းလူမျိုးကြားထဲမှာ ဘာသာရေးအရ ခွဲခြားဆက်ဆံခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျနော့်ရဲ့ အရင်ခရီးစဉ်တွေတုန်းကလိုပဲ ကျနော့်အစီအစဉ်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပြဿနာ၊ နောက်ပြီးတိုင်းပြည်ထဲက မီဒီယာအခြေအနေတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်သလို စီးပွားရေးကုန်သွယ်မှုအတွက် သဘာဝသယံဇာတတွေ ထုတ်ယူတဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လောက်ရှိခဲ့သလဲဆိုတာကိုလည်း လေ့လာကိုင်တွယ် ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။”

မစ္စတာကင်တားနားအနေနဲ့ နောက်ဆုံးအကြိမ် မြန်မာပြည်ခရီးစဉ်မှာ မြန်မာအစိုးရကို ဘယ်လိုအကြံပေးခဲ့ပါသလဲ။ ဒီနောက်ပိုင်း မြန်မာနိုင်ငံမှာ တိုးတက်မှုရှိလာတာကိုရော တွေ့ရပါသလား။

“နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့အပိုင်းမှာ တိုးတက်မှုရှိတာကို တွေ့ရပါတယ်။ မကြာသေးခင်ကပဲ မြန်မာသမ္မတကနေပြီးတော့ နိုင်ငံရေး အကျဉ်းသား အမြောက်အများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ ဒါဟာ သတင်းကောင်းပါ။ ဒါနဲ့ပတ်သက်ပြီး ကျနော် ကြိုဆိုပါတယ်။ ဒါဟာ တိုးတက်မှုပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ နိုင်ငံရေးအကျဉ်းသားတချို့ ကျန်နေသေးတာလည်း ရှိပါတယ်။ နောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လူထုဆန္ဒပြမှုတွေ ဖြစ်တဲ့အခါမှာ ရဲတပ်ဖွဲ့ရဲ့ အရေးယူဆောင်ရွက်တဲ့ မူဝါဒတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အရင်တခေါက်တုန်းက နစကကို ဖျက်သိမ်းဖို့ အကြံပေးခဲ့ပါတယ်။ အခုတော့ အစိုးရအနေနဲ့ နစကကို ဖျက်သိမ်းလိုက်ပါပြီ။ အဲသလို ဖျက်သိမ်း လိုက်ပြီးတဲ့နောက်မှာ သူ့နေရာမှာ ဘယ်တပ်ဖွဲ့တွေနဲ့အစားထိုးပြီး ဘယ်လို ဆောင်ရွက်နေသလဲဆိုတာကိုလည်း ကျနော် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျနော့်ရဲ့အရင်ခရီးစဉ်မှာတုန်းက ကချင်ပြည်နယ်ကိုသွားရောက်ခဲ့ပြီး အဲဒီမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ စကားပြောကြည့်တဲ့အခါမှာ စစ်တပ်ဘက်က ဒီကနေ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာကို ကြားခဲ့ရပါတယ်။ အဲဒီအတွက် ကျနော် စိတ်ပူမိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ အဲဒီမှာ ပါဝင်ပတ်သက်နေသူတွေနဲ့လည်းပဲ ကျနော် တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ တိုးတက်မှုရှိတယ်လို့ ဆိုရပေမဲ့ ကျည်ဆံတွေ၊ သေနတ်သံတွေကတော့ ဆက်လက်ပြီးတော့ ကြားနေရဆဲ၊ ဒီအတွက် ကချင်ပြည်နယ်အတွင်းက ဒေသခံတွေအပေါ် ထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ လူ့အခွင့်အရေးကိုယ်စားလှယ် တယောက်အနေနဲ့ ဒီလူတွေကိုယ်စား ဆောင်ရွက်သွားဖို့ ကျနော့်တာဝန်ဖြစ်ပါတယ်။”

မစ္စတာကင်တားနားအနေနဲ့ ရခိုင်ပြည်နယ်ကို သွားတဲ့အခါမှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပဲတွေ့ဆုံတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရော ဘယ်လိုများ တုံ့ပြန်ချင်ပါသလဲ။
“ဒါက သတင်းမှားတစ်ခုလို့ပဲ ကျနော် ပြောချင်ပါတယ်။ ကျနော် ရခိုင်ပြည်နယ်ကိုသွားတိုင်း အာဏာပိုင်တွေနဲ့တွေ့တယ်၊ ရခိုင်အာဏာပိုင်တွေနဲ့ တွေ့တယ်။ ဒေသခံမြန်မာတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မီဒီယာတွေအနေနဲ့ ကျနော်သွားတဲ့အခါတိုင်း လူတိုင်းနဲ့တွေ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြကြဖို့ လိုပါတယ်။ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အကုန်လုံးရဲ့အကြောင်းကို နားထောင်ပြီး အကဲဖြတ်စစ်ဆေးရမှာ ကျနော့်တာဝန်ပါ။ ဒီစစ်ဆေးမှုတွေအရ ရခိုင်ပြည်နယ်အတွင်းမှာ ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။”

လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို သြဂုတ်လ ၁၁ ရက်ကနေပြီးတော့ ၂၁ ရက်နေ့အထိ ဆယ်ရက်တာခရီး သွားရောက်မှာဖြစ်ပါတယ်။ အခုတကြိမ်ဟာ မစ္စတာကင်တားနားရဲ့ (၇) ကြိမ်မြောက် ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်အပြီးမှာတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာဆွေးနွေးဖို့ ပြန်လည်အစီရင်ခံသွားမှာဖြစ်တယ်လို့ သူက ပြောသွားခဲ့ပါတယ်ရှင်။
XS
SM
MD
LG