သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား အင်းစိန်ထောင် သွားရောက်လေ့လာမည်


ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောဒုဖဒုက္ခသည်စခန်းမှ မူဆလင်ဒုက္ခသည်များကို တွေ့ရစဉ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောဒုဖဒုက္ခသည်စခန်းမှ မူဆလင်ဒုက္ခသည်များကို တွေ့ရစဉ်။
မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီး ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အင်းစိန်ထောင်ကို သွားရောက် ကြည့်ရှုဖို့ ရှိသလို လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ လည်း တွေ့ဆုံဖို့ရှိပါတယ်။

မြန်မာနိုင်ငံမှာ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ ဖွဲ့စည်းလိုက်တဲ့အချိန်မှာပဲ အခုလို မစ္စတာ ကင်တားနား အင်းစိန်အကျဉ်းထောင်ကို သွားရောက်တာလည်း ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားဟာ ဒီကနေ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့လည်း တွေ့ဆုံဦး မှာ ဖြစ်သလို မြန်မာတိုင်းမ်စ်နဲ့လည်း တွေ့ဖို့ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။

တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ဟာ တနင်္လာနေ့ကတော့ လူတွေ သေကြေတဲ့အထိ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

သူ့ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့သလို ဒေသခံ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ မစ္စတာ ကင်တားနားရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်လို့ ဒီခရီးစဉ်မှာ မစ္စတာ ကင်တားနားနဲ့အတူ လိုက်ပါခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်း က အခုလို ပြောပြပါတယ်။

“မစ္စတာ ကင်တားနား က မြန်မာနိုင်ငံကို တနင်္ဂနွေနေ့က ရောက်ရှိပါတယ်။ မနေ့ကတော့ စစ်တွေကို သွားပြီးတော့ စစ်တွေကို ရောက်ရောက်ချင်းမှာ ဒေသခံ အာဏာပိုင်တွေပေါ့ ပြည်နယ် ဝန်ကြီးချုပ်နဲ့တွေ့တယ်။ တွေ့ပြီးတော့ ကျနော်တို့ ချက်ချင်း မင်းပြား သွားကြပါတယ်။ မင်းပြားမှာ ရခိုင် IDP စခန်းပေါ့ ရောက်ခဲ့တယ်။ နောက်ပြီးတော့ မူဆလင် IDP စခန်းလည်း ရောက်ခဲ့တယ်။ အဲ့ဒီကနေ ပေါက်တော ရောက်ခဲ့ပါတယ်။ ပေါက်တောမှာရှိတဲ့ စခန်းတခု ကျနော်တို့ ရောက်ခဲ့ပါတယ်။ အချိန်က သိပ်မရတဲ့အတွက် ကျနော်တို့ အဲ့ဒီနေ့ပဲ စစ်တွေကို ပြန်တာပါ။ စစ်တွေကို ကျနော်တို့က မိုးချုပ်မှပဲ ပြန်ရောက်ပါတယ်။”

“ဒီနေ့မနက်ကတော့ မစ္စတာ ကင်တားနား က စစ်တွေထောင်ကို သွားပါတယ်။ သွားပြီးတော့ တခါ မင်းခန်းဆိုတဲ့ ရခိုင်ဒုက္ခသည် စခန်းတခုကို သွားပါတယ်။ ဒီ့နောက်ပိုင်းမှာ ဒေသခံ ရပ်မိရပ်ဖတွေနဲ့ မူဆလင် အသိုင်းအဝိုင်းကရော၊ ရခိုင်အသိုင်းအဝိုင်းကရော ရပ်မိရပ်ဖတွေနဲ့ တွေ့ပါတယ်။ သူတို့တွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်။ နှစ်ဘက်စလုံး ပွင့်ပွင့်လင်းလင်း ပြောကြပါ တယ်။ ပြောကြပြီးတော့မှ ကျနော်တို့ ရန်ကုန်ကို ပြန်လာကြတာပါ။”

ပြီးခဲ့တဲ့နှစ် ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်မဲ့ ဒုက္ခရောက်ရသူ သောင်းနဲ့ချီကို ကုလသမဂ္ဂနဲ့ လူသားချင်း စာနာကူညီရေးအဖွဲ့တွေက စားနပ်ရိက္ခာနဲ့ အကူအညီတွေ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လူသားချင်းစာနာမှု အထောက်အကူတွေ အခုထက် ပိုပြီး လိုအပ်နေတဲ့အကြောင်းလည်း ကုလသမဂ္ဂက ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွေအတွင်း အခုလို လိုအပ်ချက်တွေ ရှိနေတုန်းပဲ ဆိုတာကို မစ္စတာ ကင်တားနား ကိုယ်တိုင် တွေ့မြင်ခဲ့ရတဲ့အကြောင်းလည်း ဦးအေးဝင်းက ပြောပါတယ်။

“တချို့ဟာတွေကတော့ပေ့ါနော် တော်တော်လေး အထူးသဖြင့် စခန်းတွေထဲက အခြေအနေတွေက တိုးတက်မှုရှိသလို၊ တချို့ဟာတွေလည်း နွေရာသီဝင်လာတဲ့ အတွက် တော်တော်လေး ပူပြင်းပြီး စိုးရိမ်ရတာလေးတွေ ရှိတယ်။ မိုးရာသီမှာလည်း အမိုးအကာ ရရှိရေး၊ တချို့နေရာတွေမှာ ကတော့ ရေကြီးတယ် ပြောပါတယ်။ ဒါတွေကလည်း စိုးရိမ်စရာရှိပါတယ်။”

“ရေကောင်းရေသန့် လိုအပ်နေတဲ့အတွက် အဲ့ဒါကိုလည်း သူတို့တွေ တော်တော်လေးကို ကြိုးစားရဦးမှာပါ။ ဆက်ဆံရေးနဲ့ပတ်သက်လို့ကတော့ မစ္စတာ ကင်တားနားအနေနဲ့ သူတွေ့တာ ကတော့ အချိန်ကတော့ ယူရဦးမယ်။ သို့သော်ငြားလည်းပဲ အရင်ကလောက်တော့ ပြင်းပြင်းထန်ထန် ကတော့ မတွေ့ပါဘူး။ ဒါပေမဲ့လည်း ဒီဟာကလည်း မနေ့ကရယ်၊ ဒီနေ့ကရယ် တွေ့ရှိတဲ့ အခြေအနေ
လောက်ပဲ ကျနော် ပြောပါရစေ။”

မစ္စတာ ကင်တားနားရဲ့ ရခိုင်ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်း ပြောပြသွားတာပါ။

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာ မူဆလင်တွေကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့ရသလို၊ သောင်းနဲ့ချီတဲ့သူတွေ အိုးအိမ်မဲ့ ဒုက္ခရောက်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီလို သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို လေ့လာဖို့နဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဆန်းစစ်ဖို့အတွက် အခုလို မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာနိုင်ဖို့အတွက် ဒီလဆန်းပိုင်းတုန်းကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) မြန်မာနိုင်ငံကို ၄ ရက်ကြာခရီး လာရောက်ခဲ့သလို ကချင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာခဲ့ ပါသေးတယ်။

မစ္စတာ ကင်တားနားဟာ မနက်ဖြန် ကြာသပတေးနေ့မှာတော့ နေပြည်တော်ကို သွားရောက်ဖို့ရှိ သလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

သူ့ရဲ့ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အဆုံးမသတ်ခင် သောကြာနေ့ ညနေပိုင်းမှာတော့ သူ့ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ဖို့ရှိပါတယ်။ သူ့ရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်တွင်း ရှာဖွေ တွေ့ရှိမှုတွေကိုတော့ လာမယ့် မတ်လ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်ပြသွားမှာလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG