သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန်ထောင်သွားရောက်


မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့ အင်းစိန်ထောင်ကို သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာလူ့အခွင့်အရေးကော်မရှင်၊ ၈၈ မျိုးဆက်ကျောင်းသား
များအဖွဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ ဖြစ်ထွန်း တိုးတက်မှုတွေနဲ့ ပြုပြင်
ပြောင်းလဲရေး အခြေအနေတွေအပေါ် မေးမြန်း ဆွေးနွေး
ခဲ့ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်း က တင်ပြထားပါတယ်။

၅ ရက်ကြာ ခရီးစဉ်နဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံဆီ ရောက်လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူ တောမတ်စ် အိုဟေး ကင်တားနား ဗုဒ္ဓဟူးနေ့က သွားရောက်ခဲ့တာတွေ၊ တွေ့ဆုံခဲ့တာတွေနဲ့
ပတ်သက်ပြီး ရန်ကုန်မြို့ ကုလသမဂ္ဂရုံး က ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်း က ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“မစ္စတာ ကင်တားနား ဟာ ဒီကနေ့မနက် အင်းစိန်အကျဉ်းထောင်ကို သွားပါတယ်။ သွားပြီးတော့ အခု အဲ့ဒီကနေ လူ့အခွင့်အရေးကော်မရှင် ကို ဆက်တွေ့ပါတယ်။ ပြီးသွားတော့ မြန်မာတိုင်းစ် သတင်းစာသွားတယ်။ အခုကတော့ တနေကုန်ရုံးမှာ တဖွဲ့ပြီးတဖွဲ့နဲ့တော့ တွေ့တာတွေ ရှိတယ်။ နောက်ပြီးတော့ ၈၈ ကျောင်းသားတွေလည်း ပါတယ်ပေါ့။ အဲ့ဒီထဲမှာလေ။ ကျနော်တို့ မကြာခင် နေပြည်တော် တက်ဖို့ရှိပါတယ်။ မနက်ဖြန် ကျနော်တို့ နေပြည်တော်မှာရှိမယ်။ ပြီးလို့ရှိရင် ကျနော်တို့ ကချင်ပြည်နယ်ကို ဆက်သွားပါမယ်ခင်ဗျ။”

မစ္စတာကင်တားနားနဲ့ တစ်နာရီကျော် တွေ့ဆုံခဲ့တဲ့ အချိန်အတွင်း ၂၀၁၂ ခုနှစ်အတွင်း ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို ရှင်းလင်းပြောဆိုခဲ့တယ်လို့ မြန်မာ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရ က ပြောပါတယ်။

“၂၀၁၂ ခုနှစ် တနှစ်တာအတွင်းမှာ ဘာတွေ ဆောင်ရွက်သလဲဆိုတဲ့ တိုးတက်မှုပေါ့နော် အခြေအနေကို ရှင်းလင်းပြောကြားတာပါပဲ။ ကျနော်တို့ဘက်ကလည်း ပြည့်ပြည့်စုံစုံ
လေး ပြောပြတော့ သူက ဒါကို သေချာနားထောင်တာပါပဲခင်ဗျ။ ကျနော်တို့က ပြည့်ပြည့် စုံစုံ ပြောတဲ့အခါကျတော့ သူ သိပ်ပြီးတော့ ထွေထွေထူးထူး မေးမြန်းတာတော့ မရှိတော့ ပါဘူးခင်ဗျ။ ကျနော်တို့ ဆောင်ရွက်ချက်ကလေးတွေကို ပြည်သူလူထုကို ပိုပြီး သိရှိအောင် လုပ်ပေးဖို့တော့ အကြံပြုတယ်။”

လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ မူကြမ်းတရပ်ကို ရေးဆွဲနေပြီး အဲ့ဒီလုပ်ငန်းမှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ပါ ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်နေ တယ်လို့ ဦးဝင်းမရ က ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေနဲ့ မစ္စတာ ကင်တားနား တို့ တွေ့ဆုံချိန် အတွင်းမှာတော့ အခြေခံဥပဒေထဲမှာ လူ့အခွင့်အရေး အခြေခံမူနဲ့ မကိုက်ညီတာတွေ ကို ပြုပြင် ပြောင်းလဲနိုင်ရေးကိစ္စ၊ ကချင်ပြည်နယ်က အိုးအိမ်ပစ် စွန့်ခွာ ထွက်ပြေးနေရသူတွေ၊ တိုက်ပွဲတွေ အခြေအနေနဲ့ အစိုးရနဲ့ ကချင်လက်နက်ကိုင်အဖွဲ့အကြား ဆွေးနွေး ပြောဆိုနေတဲ့ကိစ္စ၊ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေရပ် ပြန်လာ
နိုင်ရေးကိစ္စ၊ ရခိုင်ပြည်နယ်ဘက်က အခြေအနေ စတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တဦး က ဗွီအိုအေ ကို ပြောပါတယ်။

သူတို့ဘက်ကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ပြန်ပြီး ဆွေးနွေး ခဲ့ကြတယ်လို့ ကိုဌေးကြွယ် က ပြောပါတယ်။

“တချို့အုပ်ချုပ်ရေးပိုင်းတွေမှာ တိုးတက်တာတွေ ရှိပေမဲ့လို့ တချို့အောက်ခြေပိုင်း အဆင့်တွေမှာ အခုအချိန်အထိ ပြုပြင်ပြောင်းလဲမှု မရှိသေးတဲ့ဟာတွေ၊ ပြီးတော့ အကျဉ်းထောင်ကိစ္စတွေ၊ ပြီးတော့ ကချင်ပြည်နယ်မှာ ရှိနေတဲ့ IDP တွေ၊ စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ နေနေရတဲ့ အခြေအနေတွေ ကုလသမဂ္ဂအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ သူတို့ကို ထောက်ပံ့မှုပေးနိုင်ဖို့၊ ပြီးတော့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်ပို့ရေးနဲ့ ပတ်သက်ပြီးတော့ transparency ပွင့်လင်း မြင်သာမှု ရှိရှိနဲ့ စီစဉ်ဖို့၊ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကိစ္စတွေကို ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။”

၂၀၁၀ ပြည့်နှစ်ကစလို့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်လာတဲ့ နောက်ပိုင်း တိုးတက်မှုတွေ ရှိလာပေမဲ့လည်း လူ့အခွင့်အရေးပိုင်းနဲ့ ပတ်သက်ရင်တော့ ဒီ့ထက် အများကြီး လုပ်ဖို့ လိုနေသေးတယ်ဆိုတာကို မစ္စတာ ကင်တားနား အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ထောက်ပြနေကြတာပါ။

ဒါကြောင့်လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဆက်ပြီး ပါဝင် ဆောင်ရွက်သွားဖို့ သက်ဆိုင်သူ အားလုံးက လိုလားကြပါတယ်။

“အဓိက ကျနော်တို့ ပြောချင်တာကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂအနေနဲ့ စောင့်ကြည့်တဲ့ ကိစ္စတခုက အခုအချိန်အထိလည်း လိုအပ်နေပါသေးတယ်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အချို့သော အပိုင်းတွေမှာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေကို ကျနော်တို့ ဒီအတိုင်း ဆက်လက်ပြီးတော့ တိုးမြှင့်သွားဖို့ လိုအပ်ပါတယ်။ သူကတော့ ဒီမြန်မာနိုင်ငံ ပြုပြင်
ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ လူ့အခွင့်အရေး ကဏ္ဍကနေပြီးတော့ ပါဝင်မှု၊ စောင့်ကြည့်မှု၊ ပြီးတော့ မြန်မာ့နိုင်ငံရေးမှာ ပတ်သက်နေတဲ့ stake holders တွေအားလုံး ပူးပေါင်း ဆောင်ရွက်နိုင်မှုတွေကို သူက ပိုပြီးတော့ တွန်းအားပေးပါတယ် ဆိုတာကို ပြောပါတယ်။ ပြီးတော့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတယ် ဆိုတာကိုလည်း ပြောပါတယ်။”

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်ပါ။

မစ္စတာ ကင်တားနားရဲ့ အခုခရီးစဉ်ဟာ ၆ လအတွင်း ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် သြဂုတ်လက နောက်ဆုံး လာရောက်ခဲ့တာပါ။ အခုခရီးစဉ်အတွင်း သူ လေ့လာတွေ့ရှိချက်
တွေအပေါ် ကနဦး သုံးသပ်ချက်ကို ဖေဖော်ဝါရီလ ၁၆ ရက် မြန်မာနိုင်ငံကနေ ပြန်ထွက်ခွာမယ့်နေ့ ညနေပိုင်းကျရင်တော့ ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ အစီရင်ခံစာ အပြည့်အစုံကို မတ်လ ၁၁ ရက်နေ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်ပြမှာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG