သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OIC အဖွဲ့ မြန်မာနိုင်ငံခရီးစဉ် ကုလကြိုဆို


People attend the New Year's eve party at Berlin's landmark Brandenburg Gate, Germany, Dec. 31, 2014.
People attend the New Year's eve party at Berlin's landmark Brandenburg Gate, Germany, Dec. 31, 2014.
OIC လို့ခေါ်တဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ လက်ရှိ မြန်မာနိုင်ငံခရီးစဉ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား က ကြိုဆိုလိုက်ပါတယ်။ ရခိုင်ပြည်အရေး ပြဿနာ အဖြေရှာရာမှာ မကြာမီက ချမှတ်လိုက်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အပေါ် အကျိုးသက်ရောက်မှု ရှိစေတဲ့အပြင် ၂၀၁၄ ခုနှစ်မှာ အာဆီယံရဲ့ အလှည့်ကျဥက္ကဌ ဖြစ်လာမယ့် မြန်မာနိုင်ငံအတွက် အရေးကြီးတယ်လို့လည်း ပြောလိုက်ပါတယ်။ အသေးစိတ်ကိုတော့ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်နဲ့ အဖွဲ့ဝင် ၆ နိုင်ငံတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေ လိုက်ပါလာတဲ့ လက်ရှိ မြန်မာနိုင်ငံခရီးစဉ်ဟာ စက်တင်ဘာလက ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ ဘေးပန်းမှာ OIC အဖွဲ့ဝင်တွေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအကြား ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနားက အဲ့ဒီ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ -

“ကုလသမဂ္ဂ ဆုံးဖြတ်ချက်ရဲ့ အကောင်းဘက်က ရှုမြင်တဲ့အချက်ကတော့ ပထမ OIC အဖွဲ့အစည်းကြီးက ဆုံးဖြတ်ချက်ချဖို့ ကြိုးစားခဲ့ပါတယ်။ အစပိုင်းမှာ အတော်လေးကို ပြင်းထန်ပါတယ်။ နောက်ပိုင်း OIC အနေနဲ့ မြန်မာအစိုးရအပြင် အခြားနိုင်ငံတွေပါ ကျနော်လည်း ပါပါတယ်။ ဝိုင်းဝန်းဆွေးနွေးခဲ့ကြတော့ ပိုမျှတတဲ့ အဆိုပြုချက်တရပ် ထွက်လာပါတယ်။ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို ထောက်ခံအားပေးသလိုပဲ ရခိုင်ပြည်နယ် အပါအဝင် အခြားဒေသအတွက် အားဖြည့်ကြိုးစားရမယ့် အခြေအနေတွေကိုလည်း ထောက်ပြ ပြောဆိုထားပါတယ်။”

အဲ့ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာအပြီး OIC ရဲ့ လက်ရှိ မြန်မာနိုင်ငံခရီးစဉ်ကို လက်ခံခဲ့တဲ့အတွက်လည်း မြန်မာအစိုးရရဲ့ အရေးယူ ဆောင်ရွက်မှုကို မစ္စတာ ကင်တားနားက ကြိုဆိုလိုက်ပါတယ်။

“OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ဖို့ အစိုးရက လက်ခံတာဟာ ကောင်းမွန်တဲ့ အရေးယူဆောင်ရွက်ချက်ဖြစ်ပါတယ်။ ပြဿနာ ကို အဖြေရှာတဲ့နေရာမှာ ဒါဟာ ပထမခြေလှမ်းဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ OIC ကရုံးခန်းဖွင့်ဖို့ ကြိုးစားမယ့်သဘောမျိုး မဟုတ်ပါဘူး။ စေတနာအရင်းနဲ့ လက်ရှိ ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းမှုပါ။ ဒုတိယအနေနဲ့ ကျနော်ထောက်ပြလိုတာက မြန်မာနိုင်ငံမှာ လူတွေရဲ့ သဘောထားအမြင် ဖြစ်ပါတယ်။ ရဟန်းသံဃာတွေ ဆန္ဒပြကြတဲ့ အချက်ပါ။ ဒါဟာ အစိုးရအနေနဲ့ လက်ရှိ ပြဿနာကို အဖြေရှာရာမှာ ဘယ်လို အထောက်အကူမှ မဖြစ်စေပါဘူး။ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အကဲစမ်းမှုကြီးဟာ ပြဿနာကို ရေရှည်ဖြေရှင်းနိုင်မယ့် အဖြေရှာရေးပါပဲ”

ဒီနှစ် မေလနဲ့ ဇွန်လက ကျင်းပခဲ့တဲ့ ၂၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရရဲ့ နှိပ်ကွပ်မှုနဲ့ပတ်သက်ပြီး အဆိုပြုချက် တင်သွင်းဖို့ ကြိုးစားခဲ့ရာမှာ အဖွဲ့ဝင်တွေက ဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက် မချခဲ့ပေမဲ့လို့လည်း လူ့အခွင့်အရေးကောင်စီ ဥက္ကဌကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေညီလာခံကြီးမှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗွီဂျေး နမ်ဘီးယား က မြန်မာနိုင်ငံအကြောင်း အစီရင်ခံစာ တင်သွင်းခဲ့စဉ်ကလည်း OIC ကိုယ်စား ဂျပိုတီ အထူးကိုယ်စားလှယ်က ရခိုင်ပြည်နယ်ရှိ မူဆလင်ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်လို့ OIC ရဲ့ သဘောထားကို အခုလို တင်သွင်းခဲ့ပါတယ်။

“ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေဟာ OIC အတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။ လူသားချင်းစာနာမှု အထောက်အကူပေးရာမှာ အခက်အခဲတွေ၊ ခရီးသွားရာမှာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်တွေ မရရှိတာတွေနဲ့ တခြား အဟန့်အတားတွေ ရင်ဆိုင်နေရတာ ရှိပါတယ်။ အကူအညီ လိုအပ်သူတွေထံ အကူအညီ ရောက်နိုင်ဖို့က အရေးကြီးပါတယ်။ အဲ့ဒီဒေသမှာ လူမျိုးရေး တင်းမာမှုတွေ ရှိနေတာတွေ့ရသလို၊ စခန်းတွေမှာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု၊ ပညာသင်ကြားဖို့ အခွင့်အလန်း မရှိတာနဲ့ အထောက်အကူတွေ ပေးရာမှာ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်။ OIC အနေနဲ့ မြန်မာအစိုးရကတဆင့် အထောက်အကူတွေကို လိုအပ်တဲ့သူတွေထံ ပေးပို့ရာမှာ လူမျိုးမရွေး၊ ဘာသာမရွေး အကူအညီတွေ ရရှိစေဖို့ ဆောင်ရွက်ပေးစေလိုပါတယ်။ OIC အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ နယူးယောက်ခ်ရှိ OIC အဖွဲ့အစည်းကြီးနဲ့ မြန်မာအစိုးရတို့ ညှိနှိုင်းပြီး လူသားချင်းစာနာမှု ပြဿနာကြီး ဖြေရှင်းနိုင်ရေးအပြင် ဒေသတွင်း နေထိုင်ကြသူတွေကြား တင်းမာမှု လျော့ပါးရေးအတွက်လည်း ဆောင်ရွက်ပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်လို့ ဂျပူတီ ကိုယ်စားလှယ်က OIC ရဲ့ သဘောထားကို ပြောသွားတာဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်ပြဿနာ အဖြေရှာနိုင်ရေးဟာ ၂၀၁၄ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌ ဖြစ်လာမယ့် မြန်မာနိုင်ငံအတွက်လည်း အထူး အရေးကြီးတဲ့အကြောင်း လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနား က ပြောပါတယ်။

“မြန်မာနိုင်ငံဟာ အာဆီယံ အရှေ့တောင်အာရှ ဒေသန္တရ အဖွဲ့အစည်းကြီးရဲ့ နိုင်ငံရေးအဖွဲ့အစည်းကြီးရဲ့ ဥက္ကဌအဖြစ်နဲ့ ဖြစ်လာတော့မှာပါ။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေထဲမှာ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားတို့လိုမျိုး နိုင်ငံတွေ ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီရခိုင်ပြည်နယ် ပြဿနာကို အဖြေရှာဖို့ ကြိုးစားတာကလွဲလို့ နည်းလမ်း ကျနော်မမြင်တော့ဘူးလို့ ပြောပါရစေ။”

OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ဆိုက်ရောက်တဲ့နေ့မှာပဲ နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ အစီအစဉ်မရှိဘူးလို့ သိရပေမဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာရာမှာ ရခိုင်ပြည်နယ် တိုင်းရင်းသားခေါင်းဆောင်တွေအပြင် အစ္စလာမ် ရပ်မိရပ်ဖတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်ရှင်။
XS
SM
MD
LG