သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အတွင်း လက်နက်ပုန်းများ ရှာဖွေ


ရခိုင်ပြည်နယ်နယ်မြေလုံခြုံရေးကို စစ်တပ်နဲ့လုံခြုံရေးတပ်တွေက တာဝန်ယူထားပါတယ်။
ရခိုင်ပြည်နယ်နယ်မြေလုံခြုံရေးကို စစ်တပ်နဲ့လုံခြုံရေးတပ်တွေက တာဝန်ယူထားပါတယ်။
တည်ငြိမ်လာပြီဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ နောက်ထပ်ပြဿနာတွေမဖြစ်အောင်လို့ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တဝှမ်းမှာ နယ်မြေလုံခြုံရေးကို ပိုပြီးတော့ အရှိန်အဟုန်မြင့်တင်းကျပ်ထားပြီး အကြမ်းဖက်မှုတွေဖြစ်ပွားနိုင်တဲ့ လက်နက်ပစ္စည်းတွေ သုံးရက်အတွင်း သက်ဆိုင်ရာကို အမြန်ဆုံး အပ်နှံဖို့ နိုးဆော်ထားပါတယ်။ ဒီလက်နက်တွေ အပ်နှံမှုမရှိပဲ သိမ်းဆည်းထားတာမျိုး ရှိမရှိကိုလည်း ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒီအကြောင်းအသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

အခုဆိုရင် အကြမ်းဖက်မှု ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက ဒေသတချို့မှာ အခြေအနေတွေဟာ တည်ငြိမ်လာပြီဖြစ်ပါတယ်။ ဒီလိုမျိုး အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ နေရာတွေကို စစ်တပ်နဲ့ရဲလုံခြုံရေးတပ်တွေက တာဝန်ယူအုပ်ချုပ်နေပြီးတော့ နယ်မြေလုံခြုံရေးတွေကိုလည်း တိုးမြှင့်ချထားပါတယ်။

ဒေသခံတွေကိုလည်း နိုဝင်ဘာလ ၁ရက်နေ့ကနေစပြီးတော့ နိုဝင်ဘာလ ၃ရက်နေ့အထိ နောက်ဆုံးထားပြီးတော့ အကြမ်းဖက်မှုတွေဖြစ်ပွားနိုင်တဲ့ ဓား၊ တုတ်နဲ့ လက်နက်တွေ အပ်နှံထားဖို့ နိုးဆော်ထားတယ်လို့ သံတွဲဒေသခံ တဦးဖြစ်တဲ့ ဦးကျော်ဇံလှက ပြောပါတယ်။

“အော်၊ဟုတ်ကဲ့။ ဟိုနေ့က သူတို့ မိုက်နဲ့ကြေညာတယ်လေ။ မိုက်နဲ့ကြေညာတော့ ဓား၊ တုတ် လက်နက်တွေကို သုံးရက်အတွင်းမှာ လုံခြုံရေးကို လာအပ်ပါဆိုပြီးတော့ ပြောတယ်လေ။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ရက်နေ့က သံတွဲမြို့ထဲက ဘုန်းကြီးကျောင်းတွေနဲ့ ဗလီကျောင်းတချို့ကို စစ်တပ်နဲ့ ရဲလုံခြုံရေးအဖွဲ့တွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဗလီကျောင်းတခုမှာ တုတ်၊ ဓားတွေ တွေ့ရတယ်ဆိုပြီးတော့ ကျောင်းဝင်းထဲမှာ နေတဲ့သူတချို့ကို ဖမ်းဆီးခေါ်ဆောင်မှုတွေရှိခဲ့ပြီးတော့ ရဲစခန်းမှာ လက်ရှိချုပ်နှောင်ထားတယ်လို့ မူဆလင်ဘာသာဝင် သံတွဲဒေသခံ ဦးကျော်ဇံလှက ပြောပါတယ်။

“ ပထမနေ့က ဂျာမဲ့ဗလီကို သွားပြီးတော့ သူတို့ စစ်တာပေါ့နော်။ ဂျာမဲ့ဗလီကို စစ်တဲ့အခါကျတော့ အဲ့ဒီ့မှာ တုတ်၊ ဓားတွေ တွေ့တယ်ဆိုပြီးတော့ ဗလီဆရာနဲ့ ဂေါပကဥက္ကဌရယ် နောက် ဗလီမှာ အိပ်တဲ့ကလေးနှစ်ယောက်ရယ်၊ လေးယောက်စလုံးကို ဖမ်းသွားတယ်လေ။ အာမခံမပေးဘူး။ ဟုတ်ကဲ့”

အခုလက်ရှိအနေအထားမှာတော့ ရခိုင်ပြည်နယ်နယ်မြေလုံခြုံရေးကို စစ်တပ်နဲ့လုံခြုံရေးတပ်တွေက တာဝန်ယူထားတဲ့ အနေအထားဖြစ်တဲ့အတွက် နယ်မြေတည်ငြိမ်နေပြီဖြစ်ပြီးတော့ ဒီဒေသတွင်း အမိန့်ထုတ်ပြန်မှုတွေကိုတော့ စစ်တပ်ကနေ တာဝန်ယူလုပ်ဆောင်နေတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးဝင်းမြိုင်ကပြောပါတယ်။

“ အဲ့တာလည်း လုံခြုံရေးတပ်ဖွဲ့ရဲ့အစီအစဉ်ဆိုတော့ ကျနော်တို့သတင်းထုတ်ပြန်ရေးမှာတော့ မရှိပါဘူးခင်ဗျ။ လုံခြုံရေးအပိုင်းကတော့ သူ့ဘာသာသူ တပ်ပဲ။ နောက်ပိုင်း သတင်းရတဲ့အခါကျတော့ ကျနော်သတင်းထုတ်ပေးပါခင်ဗျာ။ လောလောဆယ်ကတော့ တက်လာတဲ့သတင်းတွေကိုပဲ ကျနော်တို့ကပြောတယ်။ အဖြစ်မှန်ကိုပဲ တင်နေတာပေါ့။”

အခုလိုမျိုး အမိန့်ထုတ်ပြန်ရတာဟာ လူမျိုးစုတခုနဲ့တခုကြား အထင်မြင်လွဲမှားမှုတွေ မဖြစ်အောင်လို့ ထုတ်ပြန်ရတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဦးအောင်သန်းတင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

၁၈၇၈ ခုနှစ်၊ လက်နက် ဥပဒေ ပုဒ်မ ၄ (ဃ) တွင် အဓိပ္ပာယ် ဖွင့်ဆို ထားသည့် သေနက်၊ လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ၊ လေးနှင့်မြား၊ ဂျင်ဂလိ၊ လက်နက်အစိတ်အပိုင်းနဲ့ လက်နက်ထုတ်လုပ်တဲ့ ဆက်စပ်ပစ္စည်းတွေ အားလုံးကို နီးစပ်တဲ့ ရဲစခန်း၊ လုံခြုံရေး အဖွဲ့တွေဆီကို အမြန်ဆုံး အပ်နှံကြကြဖို့ကို သတ်မှတ်ရက် ပေးထားပြီးတော့ နောက်ပိုင်းမှာ ရန်ပြုလိုသော စိတ်ဖြင့် အဆိုပါလက်နက်များ ကိုင်ဆောင်ထားတာကို တွေ့ရင် ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူမှာဖြစ်တယ်လို့ ဖြစ်တယ်လို့လည်း သက်ဆိုင်ရာက အမိန့် ထုတ်ပြန်ပါတယ်။

ဒီလိုအကြမ်းဖက် နောက်ကွယ်ကနေ ကြိုးကိုင်လူပ်ရှားနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေ ရှိနေတယ်ဆိုတာ သိရှိတဲ့အတွက် သူတို့ကိုဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ် လို့လည်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ ၃၁ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်တဲ့ အမိန့်ကြေညာချက် အမှတ်(၂/၂၀၁၂)မှာ ဖော်ပြပါရှိခဲ့ပါတယ်။
XS
SM
MD
LG