သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေဌာနမှူး ရခိုင်ပြည်နယ် အတွေ့အကြုံ


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက မြန်မာ့ရေတပ်ကကယ်တယ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးထွက်ပြေးလာသူတွေ နဲ့ တွေ့ဆုံစကားပြောစဉ်။ (မေ ၂၃၊ ၂၀၁၅)
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက မြန်မာ့ရေတပ်ကကယ်တယ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးထွက်ပြေးလာသူတွေ နဲ့ တွေ့ဆုံစကားပြောစဉ်။ (မေ ၂၃၊ ၂၀၁၅)

အရှေ့တောင်အာရှဒေသမှာ လှေစီးပြေး ရွှေ့ပြောင်းနေသူတွေထဲ အဓိက ထွက်ခွာလာကြတဲ့ ဒေသတခုအဖြစ် နိုင်ငံတကာက ပြောဆိုနေကြတဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို အနီးကပ်လေ့လာ သတင်းယူဖို့ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ အဖွဲ့သားတွေ ရခိုင်ပြည်နယ်မှာ ရောက် နေကြပါတယ်။ မကြာသေးခင်တုန်းကပဲ အမေရိကန် Billionaire သူဌေး George Soros ကိုယ်တိုင် ရောက်ခဲ့ပြီး နာဇီဂျာမနီလက်ထက်က ဂျုးတွေ နေခဲ့ရတဲ့ စခန်းတွေနဲ့ နှိုင်းယှဉ်ပြီး တင်စားပြောခဲ့တဲ့ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ မူဆလင် ဒုက္ခသည်စခန်းကိုပါသွားခဲ့ကြတာပါ။ ဒီကနေ့ ရခိုင်ပြည်နယ် အတွေ့အကြုံကို ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်မျိုးသက်က မေးမြန်းရာမှာတော့ ဌာနမှူး ဦးသန်းလွင်ထွန်း ကအခုလို စပြောပြပါတယ်။

ဖြေ။ ။ အခု စစ်တွေမြို့မှာရောက်နေတဲ့ တချို့ ပြည်ပသတင်းအဖွဲ့လေးတွေပေါ့နော်- သိပ်ပြီးတော့လည်း များများစားစားမရှိပါဘူး။ ဗွီအိုအေရယ်၊ နောက်ပြီးတော့ RFA က တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီမှာ ရောက်နေတဲ့ RFA က အဖွဲ့သားတယောက်ရယ်နဲ့ ဒီအဖွဲ့တွေကို ရခိုင်ပြည်မှာဖြစ်နေတဲ့အကြောင်း- အခြေအနေပေါ့နော်။ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေရဲ့ အကြောင်းရင်းခံလေးတွေကို ရှင်းပြတယ်ဆိုတဲ့သဘောပါပဲ။

မေး။ ။ ဟုတ်ကဲ့။ ဦးသန်းလွင်ထွန်းတို့ - အဲဒီမှာရှိတဲ့ဒုက္ခသည်စခန်းတွေကိုလည်း သွားကြည့်ဖြစ်သေးလား၊ ဘယ်နေရာတွေများ ရောက်သေးပါလဲ။

ဖြေ။ ။ ဝန်ကြီးချုပ်နဲ့ ဒီနေ့ နေ့လည်ပိုင်းမှာ မတွေ့ခင်မှာ စစ်တွေမြို့ကို ရောက်ရောက်ခြင်းမှာပဲ စစ်တွေမြို့ထဲမှာ လတ်တလောနာမည်ကြီးနေတဲ့ အောင်မင်္ဂလာရပ်ကွက်ကို သွားကြည့်ဖြစ်ပါတယ်။ အောင်မင်္ဂလာရပ်ကွက်ဆိုတာက ပြီးခဲ့တဲ့ …… အတွင်းက သဌေးကြီး ဂျော့ချ်၊ ဆိုးရော့ဇ် သွားကြည့်ပြီးတော့ အဲဒီ နေရာမှာဖြစ်နေတဲ့ ဘင်္ဂါလီတွေရဲ့အခြေအနေဟာ နာဇီခေတ်ကာလက ဂျူးတွေကို အတင်းအဓမ္မ ပိတ်ဆို့ထားတဲ့ ဒေသတခုလို ဖြစ်နေတယ်ဆိုပြီးတော့ ….လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ဒေသနေရာလေးတခုအဖြစ် ပြောလိုက်တော့ အားလုံး စိတ်ဝင်တစားဖြစ်ရတဲ့နေရာပါ။ ဒါပေမယ့် ကျနော်တို့ အဲဒီမှာ သွားကြည့်တဲ့အခါကျတော့ ……အခြေအနေက နည်းနည်း ပုံမတူဘူး ဖြစ်နေတာကိုတော့ တွေ့ရတယ်။

မေး။ ။ အဲဒီဒေသမှာ နိုင်ငံရပ်ခြားက NGO အဖွဲ့တွေ၊ ကုလသမဂ္ဂအဖွဲ့တွေ၊ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အခြေအနေလေးနဲ့ပတ်သက်ပြီး နည်းနည်း ပြောပြပေးပါ။

ဖြေ။ ။ အဲဒါနဲ့ပတ်သက်လို့ကတော့ ဒီနေ့ ကျနော်တို့နဲ့တွေ့တဲ့နေရာမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက တော်တော်လေး ပြည့်ပြည့်စုံစုံ ရှင်းပြပါတယ်။ သူတို့လုပ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒါက တော်တော်လေး အရေးကြီးတဲ့ ပြဿနာ တခု ဖြစ်တယ်။ သူပြောတဲ့အထဲမှာ အတိုချုပ်ပြောရမယ်ဆိုရင်ပေါ့နော်။ တဘက်နဲ့တဘက် ပဋိပက္ခဖြစ်နေတဲ့အသိုင်းအဝိုင်း နှစ်ခုရှိပါတယ်။ အဲဒီဖြစ်နေတဲ့ အသိုင်းအဝိုင်းနှစ်ခုမှာ ပြည်ပအဖွဲ့အစည်းတွေအနေနဲ့ - နိုင်ငံတကာ NGO တွေအနေနဲ့ တဘက်အဖွဲ့အစည်း အထူးသဖြင့် မူဆလင်၊ ဘင်္ဂလီတွေဘက်ကိုပဲ ဦးစားပေးပြီး အကူအညီတွေ ပေးနေခဲ့တာတွေ ရှိပါတယ်။ ဒါလည်း အကြောင်းအမျိုးမျိုးကြောင့်ပါ။ နောက်ပိုင်းမှာ ပြည့်ပြည့်စုံစုံ ကျနော် ရှင်းပြနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီလို ဖြစ်နေခဲ့တဲ့ အနေအထားလေးတွေရှိပြီးတော့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံခြား အကူအညီပေး အဖွဲ့အစည်းတွေကို မကျေမနပ်နဲ့ ကန့်ကွက်တာတွေ ရှိခဲ့တယ်။ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ရှိခဲ့လို့တောင်မှပဲ အခုဆိုရင် စစ်တွေမြို့ထဲမှာ အရင်တုန်းက မြို့လည်ကောင်မှာ နေရာချယူထားတဲ့အဖွဲ့အစည်းတွေကို တစစီနေရာယူထားတဲ့အဖွဲ့အစည်းတွေကို စုစည်းပြီးတော့ မြို့ရဲ့မြောက်ဘက်ပိုင်းမှာ စုစည်းပြီးတော့ ထားပေးထားရတယ်၊ အစောင့်အရှောက်နဲ့ နေနေရတယ်ဆိုတဲ့ အခြေအနေလေး ရှိခဲ့ပါတယ်။

အဲဒီတော့ - လောလောဆယ်မှာတော့ ဒီလို မကျေနပ်မှုတွေဘာတွေကတော့ နည်းနည်းလေးတော့ လျော့ပါးလာနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်ဘက်က ပြည်နယ်ဝန်ကြီးတွေနဲ့ လူကြီးတွေ တောင်းဆိုမှုတွေအရဆိုလို့ရှိရင် ဖွံ့ဖြိုးရေးအကူအညီတွေဘာတွေကို ရခိုင်အသိုင်းအဝိုင်း ဘက်ကိုလည်း မျှပြီး ပေးလာနေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ဒီကိစ္စကို နည်းနည်းလေး ပြေပြေလည်လည် ဖြည်းဖြည်းခြင်း ဖြစ်လာပြီးတော့ ပြည်နယ်တခုလုံးတိုးတက်ရေး မျှမျှတတဖြစ်ရေးဟာ သူတို့အတွက် အရေးကြီးမယ်ဆိုတဲ့အနေအထားမျိုးကို သဘောပေါက်လာတဲ့ပုံစံကို နည်းနည်း …တွေ့လာနေရပြီလို့ ဝန်ကြီးချုပ်က ရှင်းပြသွားတာကို ကျနော် အကြမ်းဖျင်းပြောလိုပါတယ်။

XS
SM
MD
LG