သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် အစီရင်ခံစာထုတ်ပြန်


ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် သတင်းစာရှင်းလင်းပွဲပြုလုပ် (၂၉ ဧပြီ ၂၀၁၃)
ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် သတင်းစာရှင်းလင်းပွဲပြုလုပ် (၂၉ ဧပြီ ၂၀၁၃)
၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကိုသာ တရားမျှတစွာ ကျင့်သုံး အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာ အများအပြားကို တားဆီးကောင်း တားဆီးနိုင်ခဲ့လိမ့်မယ်လို့ ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ပင်တဦးက ပြောပါတယ်။ ဒါ့အပြင် အဲ့လိုပဋိပက္ခမျိုးတွေ နောက်ထပ်မဖြစ်အောင် တားဆီးနိုင်ဖို့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းတာ ဒါမှမဟုတ် အရေအတွက် လျှော့ချတာမျိုး မလုပ်သင့်ဘူးလို့လည်း စုံစမ်းရေးကော်မရှင်က အကြံပေးထားပါတယ်။

ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို ရန်ကုန်မြို့မှာ ဒီကနေ့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ကော်မရှင်အဖွဲ့ဝင်တွေက ရှင်းလင်းပြောဆိုခဲ့ကြတာပါ။ အဲ့ဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်း က ရန်ကုန်ကနေ သတင်းပေးပို့ခဲ့ပါတယ်။

ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဧပြီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ အစိုးရဆီ တင်ပြခဲ့တဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို ကော်မရှင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဒေါ်ရင်ရင်နွယ်၊ ဦးကျော်ရင်လှိုင်၊ ဦးကိုကိုကြီး၊ ဦးသူရ ခေါ် ကိုဇာဂနာနဲ့ ဦးအောင်နိုင်ဦးတို့က ရန်ကုန်မြို့က ငြိမ်းချမ်းရေးစင်တာမှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ရှင်းလင်း ပြောကြားခဲ့ကြတာပါ။

ဘေးဒုက္ခသင့်သူတွေအရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုအဝန်းအဝိုင်းနှစ်ခု သဟဇာတဖြစ်ရေး စသည်အားဖြင့် ကဏ္ဍ ၁၂ ခုအတွက် အကြံပြုချက် အသီးသီးကို စုံစမ်းစစ်ဆေးရေးကော်မရှင်က နိုင်ငံတော်သမ္မတဆီ တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်း တင်ပြခဲ့တာဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ လူမှုအဝန်းအဝိုင်းနှစ်ခုကြား ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ပုံမှန် အခြေအနေ ပြန်ရောက်ဖို့ အချိန်ယူရလိမ့်မယ်လို့ ကော်မရှင်အဖွဲ့ဝင်တွေက ပြောကြသလို၊ နိုင်ငံသားဖြစ်မှုဆိုင်ရာကိစ္စကို တိုင်းပြည်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအတိုင်း ကျင့်သုံး လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင်တဦးက ပြောပါတယ်။

"အဲ့ဒီဥပဒေကိုသာ မှန်ကန်စွာနဲ့ ဥပဒေအတိုင်း မျှတစွာ ကျင့်သုံးခဲ့မယ်ဆိုရင် ပြဿနာ အများအပြားကို တားဆီးနိုင်ခဲ့ဖွယ် ရှိပါတယ်။ အဲ့ဒီဥပဒေကို ကျင့်သုံး အကောင်အထည်ဖော်တဲ့နေရာမှာ ဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေနဲ့ တခြားတာဝန်ရှိသူတွေကြားမှာ အကျင့်ပျက်ခြစားမှုတွေ ရှိတယ်ဆိုတာကို အစီရင်ခံစာမှာ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။" လို့ ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်ရင်ရင်နွယ် က ပြောပါတယ်။

အကြံပြုချက်တွေထဲမှာ ထိပ်ဆုံးကလို ပါလာတဲ့ကိစ္စကတော့ လုံခြုံရေးကိစ္စပါ။ ရခိုင်ပြည်နယ်က လုံခြုံရေးတပ်ဖွဲ့ဝင် အရေအတွက်ကို ရုပ်သိမ်းတာ ဒါမှမဟုတ် သိသာတဲ့ အရေအတွက်နဲ့ လျှော့ချတာမျိုးကို မလုပ်သင့်ဘူးလို့ ကော်မရှင်က အကြုံပြုထားပါတယ်။ စစ်တပ်နဲ့ပတ်သက်လို့ ပြောဆိုကြတာတွေ အမျိုးမျိုးရှိပေမဲ့ အိုးအိမ်ပစ် ထွက်ပြေးသူတွေကို တွေ့ဆုံမေးမြန်းခဲ့တာမှာ သိခဲ့ရတာကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဆက်ရှိစေချင်တယ် ဆိုတာပဲဖြစ်ပါတယ်လို့ နောက် ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်ရင်လှိုင် က ပြောပါတယ်။

“လက်ရှိအခြေအနေအတိုင်း စစ်တပ်ကို ဖယ်ရှားသွားစေချင်သလား၊ ရှိစေချင်သလား ဆိုတဲ့အပေါ်မှာ community ၂ ခုစလုံးက စစ်တပ်တွေ ဖယ်သွားလို့မဖြစ်ဘူး။ ဖယ်သွားရင် ကျနော်တို့ ဒုက္ခရောက်မယ်ဆိုတာ ၂ ခုစလုံးက ပြောကြတယ်။ အဲ့ဒါဆို လက်ရှိ အခြေအနေအရဆိုရင် ရဲကကျတော့လည်း သူတို့ရဲ့ ယုံကြည်ကိုးစားမှုက နည်းသေးတယ်။ ၂ ဘက်စလုံးက စစ်တပ်ကို လုံခြုံရေးအရ - စစ်တပ်မှာက တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့အခါကျတော့ ဟိုဘက်ကို လိုက်မယ်။ ဒီဘက်ကို လိုက်မယ် ဆိုတာ ရခိုင်ချည်းပဲပါလို့ရှိရင် ဟိုလိုဖြစ်မယ် ဒီလိုဖြစ်မယ် ဆိုတဲ့ဟာမျိုးတွေ စစ်တပ်မှာ ကင်းတဲ့အခါကျတော့ လောလောဆယ် နှစ်ဘက်စလုံးက ဒါကို တောင်းဆိုတာဖြစ်တဲ့အတွက် ကျနော်တို့ကိုယ်တိုင်ကလည်း ရှေ့ဆက်ပြီးတဲ့အခါကျတော့ နယ်စပ်ဒေသ လုံခြုံရေး လုပ်မယ်ဆိုရင် ဒီ့ထက်ကို ပိုပြီးတော့ ကောင်းမွန်တဲ့ လုံခြုံရေးအဖွဲ့အစည်း လိုအပ်တယ်ဆိုတာကို တင်ပြခဲ့ပါတယ်။”

သူတို့ လေ့လာတွေ့ရှိခဲ့သလောက် ရခိုင်လူမျိုး ဘေးဒုက္ခသင့်သူတွေ ယာယီခိုလှုံနေကြတဲ့ စခန်းတွေမှာ အကူအညီတွေ အလုံအလောက် ရနေပြီး၊ ဘင်္ဂါလီလူမျိုးတွေရဲ့ စခန်းတွေမှာတော့ အကူအညီတွေကို အလုံအလောက် ရမနေဘူးလို့ ဦးကျော်ရင်လှိုင်က ပြောသလို နိုင်ငံတကာ အကူအညီပေး အဖွဲ့တွေအပေါ် ဒေသခံတွေရဲ့အမြင်က သဟဇာတဖြစ်တဲ့ အမြင်မျိုး မရှိတဲ့အကြောင်းလည်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ရိုဟင်ဂျာဆိုပြီး သုံးနှုန်းပြောဆိုတာမျိုး မပါတဲ့အပေါ် မေးခွန်းတွေ ထွက်လာခဲ့ပြီး၊ ဒီအသုံးအနှုန်းနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုက အတော် ပြင်းထန်ပြီးတော့ ကော်မရှင်အနေနဲ့ မှတ်တမ်းမှတ်ရာ အထောက်အထားတွေကို လေ့လာခဲ့ပြီးတဲ့နောက် အစီရင်ခံစာထဲမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကိုကိုကြီး က ရှင်းလင်းခဲ့ပါတယ်။

“အခုအချိန်မှာ အဲ့ဒီအသုံးအနှုန်းကိုယ်တိုင်က ပြဿနာဖြေရှင်းဖို့အတွက် အခက်အခဲတခု ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ကျနော် တသီးပုဂ္ဂလအနေနဲ့ မဟုတ်ဘဲ ကော်မရှင်အဖွဲ့ဝင်တယောက် ဖြစ်နေတဲ့အတွက်ကြောင့် ရိုဟင်ဂျာနဲ့ပတ်သက်လို့ ကျနော့်သဘောထား ဘာမှ တိတိကျကျ မပြောပေမဲ့လို့ ကော်မရှင်အနေနဲ့ ဒီအသုံးအနှုန်းကို ထည့်သွင်းမထားတာကတော့ ပြဿနာ ပြေလည်စေဖို့အတွက် ပြဿနာ ဖြေရှင်းဖို့ နည်းလမ်းကို ရှာဖွေတဲ့နေရာမှာ ဒီအသုံးအနှုန်းကိုယ်တိုင်က ကျနော်တို့ တွေ့ဆုံမေးမြန်းတဲ့ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားများရော၊ ရခိုင်ပြည်နယ် ပြင်ပမှာရှိတဲ့ တခြား တိုင်းရင်းသားများကိုပါ မေးမြန်းတဲ့ သဘောထား စစ်တမ်းတွေကို ကောက်ကြည့်ပြီးတော့မှ ကျနော်တို့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မသုံးနှုန်းဘဲ ချန်လှပ်ပစ်ခဲ့တာ ဖြစ်ပါတယ်။”

အခု ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့က အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေရဲ့အပိုင်းဖြစ်ပြီး ဒီအကြံပြုချက်တွေကို သမ္မတ ဦးသိန်းစိန် က အားလုံး လက်ခံသလို တာဝန်ရှိသူအားလုံးက လေးလေးနက်နက် ခံယူပြီးတော့ ဆက်လုပ်သွားမယ်လို့ ပြောကြတဲ့အကြောင်း ကော်မရှင်အဖွဲ့ဝင်တွေက ပြောပါတယ်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း လူပေါင်း ၁၉၂ ယောက်သေဆုံး၊ ၂၆၅ ယောက် ဒဏ်ရာရ၊ နေအိမ်ပေါင်း ၈,၆၀၀ ကျော် ဖျက်ဆီးခံခဲ့ရပြီးတော့ ခန့်မှန်းခြေ လူပေါင်း ၁၀၀,၀၀၀ အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြရတယ်လို့ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG