သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MSF နဲ့ ကုလ စွပ်စွဲချက် ဒုချီယားတန်းကော်မရှင် ပယ်ချ


ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်မှ ဧပြီလ ၂၉ ရက်၊ ၂၀၁၃ ခုနှစ်က ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်မှ ဧပြီလ ၂၉ ရက်၊ ၂၀၁၃ ခုနှစ်က ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ဇန်နဝါရီလဆန်းပိုင်းတုန်းက ရခိုင်ပြည်နယ် ဒုချီယားတန်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်အစီရင်ခံစာပါ စွပ်စွဲချက်တွေဟာ အခြေအမြစ် ခိုင်ခိုင်လုံလုံ မရှိဘူးလို့ ဒုချီယားတန်းကိစ္စ စုံစမ်းရေးကော်မရှင်က ပြောပါတယ်။

ဒုချီယားတန်းအရေး စုံစမ်းရေးကော်မရှင် တွေ့ရှိချက် အစီရင်ခံစာကို ဒီကနေ့ အများပြည်သူကို ထုတ်ပြန်လိုက်ရာမှာ၊ ဒုချီယားတန်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက ရေးသားပြောဆိုခဲ့တာ အတော်များများကို မဟုတ်မမှန်တဲ့အကြောင်း ငြင်းဆန်ထားပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဒုချီယားတန်းကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်အစီရင်ခံစာ အပါအဝင် နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ ဖော်ပြရေးသားချက်တွေကို အခြေခံပြီး၊ မှန် မမှန် ကွင်းဆင်းလေ့လာ တွေ့ဆုံမေးမြန်းမှုတွေလုပ်ပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ အစီရင်ခံစာ ရေးသားသူတွေက ပြောပါတယ်။

ကော်မရှင်အနေနဲ့လည်း ကော်မရှင်အဖွဲ့ဝင်တွေ သာမက ကျွမ်းကျင်သူတွေ ပညာရှင်တွေကို ဖိတ်ခေါ် ပါဝင်စေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာတော့ ကျေးရွာသားတွေ ထိခိုက်ဒဏ်ရာရမှု ရှိခဲ့တယ်ဆိုတာကိုတော့ ကော်မရှင် အစီရင်ခံစာက အတည်ပြုထားပါတယ်။ ဒါပေမဲ့လည်း ဒါဟာ ရန်လိုတဲ့လူအုပ်ကို လုံခြုံရေးတပ်က ခုခံတုံ့ပြန်ရင်း ဖြစ်လာတဲ့ အခြေအနေဆိုပြီး သုံးသပ်ထားပါတယ်။

“လုံခြုံရေး တပ်ဖွဲ့ဝင်တွေကနေ ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်တာတွေ လုယက်မှု ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြောရရင်တော့ ဒုချီယားတန်း ကျေးရွာသားအချို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်ဆိုတာကိုတော့ တွေ့ပါတယ်။ ဒါပေမဲ့လည်း ဒီဒဏ်ရာတွေ ဘယ်လိုရသလဲဆိုတာ ဖြစ်နိုင်ချေ နှစ်ရပ်ရှိတယ်လို့ တွက်ပါတယ်။ ပထမတခုကတော့ ရန်လိုတဲ့လူအုပ်ကြီးနဲ့ တွေ့တဲ့အခါမှာ ရဲတပ်သားတွေက သူတို့ကိုယ်သူတို့ ခုခံကာကွယ်ရင်းနဲ့ ဖြစ်တယ်ဆိုပြီး တွက်ပါတယ်။ အဲဒီမှာ ပစ်ခတ်ပြီး ရှင်းရတာမျိုး ရှိပါတယ်။ နောက်တချက်ကတော့ ကျေးရွာသားတွေ ထွက်ပြေးကြတဲ့အခါ မှောင်ထဲမဲကြီးထဲမှာ ထိခိုက်ဒဏ်ရာရတာမျိုး ဖြစ်ပါတယ်။”

စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာယဉ်ယဉ်နွယ်က ရှင်းပြခဲ့တာပါ။ ဒုချီယားတန်း အလယ်ကျေးရွာ မီးလောင်တဲ့ကိစ္စမှာတော့ ဒါဟာ သာမန် မတော်တဆ သဘောမျိုး မဟုတ်ဘဲ၊ နိုင်ငံရေး ရည်ရွယ်ချက်တရပ်နဲ့ အဖွဲ့အစည်းတခုက လုပ်တယ်ဆိုပြီး သုံးသပ်ပါတယ်။ ဘယ်အဖွဲ့ဆိုတာကို မရေးပါဘူး။ တချိန်တည်းမှာတော့ ကုလသမဂ္ဂ လျှို့ဝှက်အစီရင်ခံစာထဲမှာ ဖော်ပြသလို၊ မူဆလင်အချို့ သတ်ဖြတ်ခံရပြီး အလောင်းတွေကို ဖျောက်ဖျက်ပစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း သူတို့ အသေအချာ လေ့လာခဲ့တယ်လို့ ဒေါက်တာယဉ်ယဉ်နွယ်က ပြောပါတယ်။

“မူဆလင် ရုပ်အလောင်း ၁၀ လောင်းကနေ အလောင်း၂၀ လောက် အထိကို သင်္ချိုင်းဝင်းနားမှာ မြှုပ်လိုက်တယ်ဆိုပြီး ကုလသမဂ္ဂ အစီရင်ခံစာမှာ စွပ်စွဲထားပါတယ်။ ကော်မရှင်ဟာ အဲဒီနေရာအထိကို သွားခဲ့ပါတယ်။ နေရာဟာ အရောက်အပေါက် နည်းပြီးတော့ သစ်ပင်တွေ မြက်တွေအားလုံး သဘာဝအတိုင်း ရှိနေပါတယ်။ သံသယဖြစ်စရာ အနေအထား မရှိပါဘူး။”

ကျေးရွာအတွင်း ပိုင်ဆိုင်မှုပစ္စည်းတွေ လုယက်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားချက်တွေအပေါ်မှာ စုံစမ်းတွေ့ရှိချက်တွေအရ အစားအစာနဲ့ မီးဖိုချောင် ပစ္စည်းတွေ ခိုးယူခံရနိုင်တယ် ဆိုတာကို သုံးသပ်ထားပေမဲ့၊ ရွှေ၊ ငွေ၊ ကျွဲ၊ နွား ပိုင်ဆိုင်မှုတွေ လုယက်ခံရတယ်ဆိုတဲ့ အပေါ်မှာတော့ မြေပြင်စုံစမ်းချက်အရရော လူမှုစီးပွားရေး အခြေအနေအရပါ ဖြစ်နိုင်ခြေ နည်းတယ်လို့ ကော်မရှင် အစီရင်ခံစာက သုံးသပ်ပါတယ်။ အထူးသဖြင့်ကတော့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်အစီရင်ခံစာဆိုတာနဲ့ MSF က ပြောဆိုချက်တွေဟာ လုံး၀ ခိုင်လုံမှု မရှိဘူးဆိုတာကို ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက အထပ်ထပ် ငြင်းခဲ့ပါတယ်။

“AZG လို့လည်း ခေါ်တဲ့ MSF က ပြောဆိုချက်နဲ့ ကုလသမဂ္ဂရဲ့ ဒီလျှို့ဝှက် အစီရင်ခံစာ နှစ်ခုစလုံးကို လုံး၀ ပယ်ချပါတယ်။ အဲဒီက စွပ်စွဲချက်တွေ အားလုံးဟာ အခြေအမြစ် မရှိပါဘူး။ အထူးသဖြင့်တော့ ကလေးတွေ၊ အမျိုးသမီးတွေကိုပါ သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ကျေးရွာလူကြီးက ကလေးငယ်ကို ရက်ရက်စက်စက် သတ်ပစ်တယ်ဆိုတဲ့ လုပ်ဇာတ်သဘော စွပ်စွဲချက်တွေဟာ လုံးလုံး အခြေအမြစ် မရှိပါဘူး။”

အစီရင်ခံစာ အဆုံးသတ်မှာတော့ အကြံပြုချက် ၁၂ ချက် ထည့်သွင်းထားပါတယ်။ လက်ရှိ ဥပဒေအတိုင်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားဖို့၊ ပဋိပက္ခဖြစ်တာနဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ဖို့၊ နောက်နောင် လူမျိုးရေး ပဋိပက္ခတွေကို ရှောင်နိုင်မယ့် အုပ်ချုပ်မှု ပုံစံတွေကို အကြံပြု ထည့်သွင်းထားပါတယ်။ ဒုချီယားတန်းကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရော၊ ရခိုင်ပဋိပက္ခ လေ့လာရေးကော်မရှင်က ကနဦး စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာနဲ့ ပြည်ပမီဒီယာတွေမှာ မယုံကြည်တဲ့သဘောတွေ ဖြစ်ခဲ့တာကြောင့် သမ္မတလက်မှတ်နဲ့ ဒုချီယားတန်း စုံစမ်းရေးကော်မရှင်ကို ဖွဲ့ခဲ့တာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ကိုယ်တိုင်ကလည်း ဒီစုံစမ်းမှုတွေဟာ နိုင်ငံတကာ စံနှုန်းနဲ့ မပြည့်ဘူးလို့ ထောက်ပြခဲ့ပြီး၊ အခု ဒုချီယားတန်း ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို သူစောင့်ကြည့်သွားမယ်၊ လိုအပ်ရင်တော့ ကုလသမဂ္ဂနဲ့တွဲပြီး အထူး စုံစမ်းမှုလုပ်နိုင်အောင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ကို တိုက်တွန်းသွားမယ်လို့ ပြောခဲ့ပါတယ်။
XS
SM
MD
LG