သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသဖွံ့ဖြိုးရေး ANP - တရုတ်ဆွေးနွေး


ဒေါက်တာအေးမောင်
ဒေါက်တာအေးမောင်

ရခိုင်ပြည်နယ်အတွင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးဖို့ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ ဘေဂျင်းမြို့ မှာ ဆွေးနွေးခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင် က ပြောပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ ပါတီချင်း ချစ်ကြည်ရေးတည်ဆောက်တဲ့ လေ့လာရေးခရီးစဉ်အဖြစ် ဧပြီလ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တရုတ်နိုင်ငံမြို့တော် ဘေဂျင်း အပါအဝင် ကူမင်းနဲ့ နန်နင်းမြို့တို့ကိုလည်း သွားရောက် လေ့လာခဲ့တယ် လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။ ဒီခရီးစဉ်အကြောင်း ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဒေါက်တာ အေးမောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အခုသွားတဲ့ခရီးစဉ်က တခြားကိစ္စတွေများ ပါပါသလားခင်ဗျ။ ဥပမာ - ကျနော်တို့သိချင်တာက ရခိုင်ပြည်နယ်ဆိုရင် အထူးသဖြင့် တရုတ်ပြည်နဲ့ အဝေးကြီးဆိုပေမဲ့လည်း ရခိုင်ပြည်နယ်ကနေပြီးတော့ ဓာတ်ငွေ့ပိုက်လိုင်းတွေ ဖောက်နေတဲ့ကိစ္စရှိတယ်။ အဲဒါတွေလည်းရှိနေတော့ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့များ ပြောဆိုဆွေးနွေးတာတွေ ရှိပါသလား။ တရုတ်ပြည်မှာရောက်တုန်း။ ဒါမှမဟုတ်ရင်လည်း ကွန်မြူနစ်ပါတီနဲ့ ဆက်ဆံတဲ့ အနေအထားမှာ။

ဖြေ။ ။ “ကျနော်တို့ အဲဒါ နောက် ၂ ချက်ပါတာပေါ့။ တစ်အချက်က လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေအရ တိုင်းဒေသကြီး ပြည်နယ်များရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့် ဒါ မလွဲမသွေ အတိုင်းအတာတခုထိ ရကိုရမှာဖြစ်တယ်ဆိုတာကို ကျနော်တို့က သုံးသပ်တဲ့အခါမှာ ကိုယ့်ဒေသ ကိုယ့်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးရဲ့ နဂိုဆက်သွယ်ပြီးသား ယခင်အစိုးရအဆက်ဆက်ရဲ့ လုပ်ငန်းများကို ပိုပြီးတော့ ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်ဖို့ လိုအပ်လာတဲ့အပိုင်း ရှိတဲ့အခါ ကိုယ့်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ နှီးနွယ်တဲ့ လုပ်ငန်းလေးတွေကို ဆက်ပြီးကို အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ အဲဒီကဏ္ဍလေး ကျနော်တို့ ပါပါတယ်။ တနည်းအားဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် တိုက်ရိုက် သူတို့ စီဘီစီရဲ့ ပံ့ပိုးကူညီမှုပေါ့နော် တရုတ်ပြည်အစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတခု ပေါ်စေချင်တဲ့ သဘောလည်း ပါပါတယ်။ နောက်တချက်က တခြား ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းလေးတွေကဏ္ဍပါ။ အထူးသဖြင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ တိုက်ရိုက် ပါဝင်ကူညီတဲ့ တခြားလုပ်ငန်းလေးတွေပါ။ အထူးသဖြင့် INGO တွေကတဆင့် ကူညီတာမျိုး၊ တခြား ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းလေးတွေမှာ ဝိုင်းကူပေးခြင်းအားဖြင့် တရုတ်-မြန်မာချစ်ကြည်ရေး၊ တရုတ်နဲ့ ဒေသခံပြည်သူတွေ ချစ်ကြည်ရေးကို ပိုပြီးတော့ သဘောပေါက်လာစေနိုင်တဲ့ ပံ့ပိုးကူညီမှုလေးတွေကိုလည်း ဖြည့်ဆည်းစေလိုတဲ့သဘော ပါပါတယ်။ အဲဒီ ၃ ချက်လောက်ပါပဲ။”

မေး။ ။ ဆိုတော့ သူတို့ဘက်ကပြောတဲ့ ဟိုဟာပေါ့ ကူညီပံ့ပိုးမယ်ဆိုတဲ့ အချက်တွေအပေါ်မှာ ဆရာတို့ ရခိုင်ပါတီအနေနဲ့ရော ကျေနပ်အားရမှု ရှိပါသလား။ ဒေသဖွံ့ဖြိုးရေးဆိုတဲ့နေရာမှာရော ဘယ်လိုပုံစုံမျိုးတွေ ဖွံ့ဖြိုးရေးတွေကို ကူညီမယ်လို့ သူတို့ဘက်က ဆိုလိုပါသလဲ။

ဖြေ။ ။ “အလားအလာက တော်တော်တော့ ကောင်းပါတယ်။ ဆွေးနွေးတဲ့ပုဂ္ဂိုလ်တွေရဲ့ သဘောကလည်းပဲ ကျနော်တို့ ဆွေးနွေးတဲ့ အချက် ၃ ခုအပေါ်မှာ ထပ်တူ သဘောရပါတယ်။ သူတို့ထက် အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်များကို တင်ပြပြီးမှ ကျနော်တို့ သဘောတူကြတဲ့ အချက်တွေကိုလေ ဆက်လက် ပံ့ပိုးပေးဖို့ လုပ်ငန်းတွေကို လုပ်ပါလိမ့်မယ်။”

မေး။ ။ ဒီအခု ဓာတ်ငွေ့ပိုက်လိုင်း ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ဒေသခံတွေဘက်ကလည်း တရုတ်ပြည်က ရခိုင်ပြည်နယ်က ဒေသထွက် သယံဇာတတွေကို သူတို့ အကျိုးအမြတ်အတွက် သူတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ယူနေတယ်။ ဒါပေမဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဘာမှ လုပ်မပေးဘူးဆိုပြီး အခုနောက်ပိုင်းမှာ ပြောဆိုလာတာတွေရှိတယ်။ grassroots လှုပ်ရှားမှုတွေလည်း များလာတယ်ဆိုတော့ အဲဒီအတွက်ကြောင့်များ တရုတ်ဘက်က ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးတို့၊ ဒေသဖွံ့ဖြိုးရေးကိစ္စတို့ကို ပိုပြီး အာရုံစိုက်လာသလား အခုနောက်ပိုင်းမှာ ဆရာ။

ဖြေ။ ။ “ကျနော်တို့က ကျနော်တို့ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို အလွန့်အလွန် လိုအပ်ပါတယ်။ အဲတော့ ရခိုင်ဒေသ အရင်းအမြစ်များကို အသုံးပြုပြီးမှ တရုတ်ပြည်ကြီး ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ အလားအလာတွေကို အခြေပြုတဲ့ စီမံကိန်းများရှိရင်၊ ကျနော်တို့ဒေသ ပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုကို အခြေပြုတဲ့ စီမံကိန်းများလည်း ရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း နှစ်နိုင်ငံ ပြည်သူများ ချစ်ကြည်မှုမှတဆင့် နှစ်နိုင်ငံချစ်ကြည်ရေး ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ အဓိက ပြည်သူကို အခြေပြုပါတယ်။ အဲဒါကြောင့် ပြည်သူချင်း ချစ်ကြည်မှုရှိဖို့ လိုအပ်တဲ့အခါမှာ ဒီဘက်က ရခိုင်ဒေသက ပြည်သူများကို မြန်မာအစိုးရသည်လည်း မေ့လို့မရပါ။ ဒီလိုပဲ တရုတ်ပြည်အစိုးရသည်လည်း မေ့လို့မရဘူးဆိုတဲ့ သဘောနဲ့ ကျနော်တို့ ချဉ်းကပ်ပါတယ်။ အဲဒါကြောင့် ခုနမေးတဲ့အတိုင်းပါပဲ ကျနော်တို့ဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်သူများရဲ့ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် လိုအပ်တဲ့ကဏ္ဍလေးတွေကို တရုတ်ပြည်အစိုးရဘက်က သတိတရရှိဖို့လည်း ကျနော်တို့ တိုက်တွန်းတဲ့သဘောပါ။ အဲဒါကြောင့် ခုန ဟို မည်သည့်စီမံကိန်းမဆို ပြည်သူထောက်ခံမှုရှိမှပဲ ရေရှည်အောင်မြင်တယ်ဆိုတာဖြစ်အောင် ပြည်သူထောက်ခံမှုရနိုင်တဲ့ တခြားဖွံ့ဖြိုးတိုးတက်မှု တိုက်ရိုက်အကူအညီများကို ၂၀၁၆ အတွင်းပေါ့လေ ပေါ်ထွန်းလာမယ့် နိုင်ငံရေးအခြေအနေအပေါ် မူတည်ပြီးမှ တရုတ်ပြည် ကွန်မြူနစ်ပါတီဘက်က အလေးအနက်ထားပြီး ဆောင်ရွက်ပေးဖို့ ဆိုတဲ့သဘောပါ။”

ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာ အေးမောင်ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ဒေါက်တာ အေးမောင်နဲ့တူ ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဌလည်းဖြစ်၊ ရခိုင်ပြည်နယ် လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးဖိုးမင်း၊ ပါတီအထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးထွန်းအောင်ကျော်တို့အပြင် တခြား ပါတီအဖွဲ့ဝင်တွေလည်း လိုက်ပါသွားကြတာ ဖြစ်ပါတယ်။

ကျားဖြူပါတီ၊ NDF - အမျိုးသားဒီမိုကရေစီအင်အားစုပါတီနဲ့ တစည - တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ကလည်း ဧပြီလ ၆ ရက်ကနေ ၁၅ ရက်နေ့အထိ တရုတ်ပြည်ကို လေ့လာရေးခရီး သွားရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG