သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲ ရေကြီးမှုကြောင့် လူအသေအပျောက်ရှိ


ရခိုင်ပြည်နယ် မိုးများရေကြီးမှုကြောင့် မြစ်ကမ်းပါး ပြိုကျနေပုံ။
ရခိုင်ပြည်နယ် မိုးများရေကြီးမှုကြောင့် မြစ်ကမ်းပါး ပြိုကျနေပုံ။
ရခိုင်ပြည်နယ် သံတွဲမြို့မှာ တောင်ကျရေကျခြင်း မိုးအဆက်မပြတ် ရွာသွန်းခြင်းတွေကြောင့် မြို့ပေါ်မှာ ရေကြီးမှုတွေဖြစ်ပြီး ရေနဲ့ အတူ မျောပါသွားပြီး လူအသေအပျောက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ်တချို့မှာ ဇူလိုင်လကုန်နဲ့ သြဂုတ်လအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြစ်ရေကြီးမှု၊ တောင်ကျရေ ကျဆင်းမှုတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း စတဲ့နေရာတွေမှာ ရေကြီးမှုတွေကို ကြုံနေကြရပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်မှာ ရေကြီးပြီး ဈေးများပိတ်ထားရသလို ကျောင်းတွေကိုလည်း ကျောင်းသားတွေ မသွားနိုင်ကြဘူးလို့ ဆိုပါတယ်။ သံတွဲမြို့ ရေကြီးမှုအတွင်း အသေအပျောက်တွေ ရှိနေတယ်လို့လည်း သံတွဲမြို့က သတင်းမှန် ဖော်ထုတ်ရေးအဖွဲ့ဝင် ဦးဝင်းနိုင် က ဆိုပါတယ်။

“အသေအပျောက် ၃ ယောက်လောက်ရှိပါတယ်။ တချို့လည်း ဟိုအောက်ဘက်မှာ သွားတင်လို့ သွားယူနေကြတဲ့ လူတွေလည်းရှိပါတယ်။ အားလုံးတော့ မသိသေးပါဘူးခင်ဗျ။ ရေကြီးတယ်ဆိုတာကတော့ မိုးက တော်တော်လေး ရွာတယ်လေ။ မိုးတော်တော်ရွာတော့ ချောင်းဖျားမိုးပေါ့။ ချောင်းဖျားမိုး တော်တော်ရွာတယ်။ မိုးကလည်း ၃၊ ၄ ရက်လောက်ကို ရွာလိုက်တော့ ရေနဲ့ အင့်နေတာပေါ့။ အခုလောလောဆယ်ကို ၂ ပေ၊ ၃ ပေ လောက်တော့ ကျသွားပါပြီ။ ကျသွားပြီဆိုပေမဲ့လည်း ရေကတော့ ငြိမ်ပြီးတော့ အင့် နေတာပေါ့နော်။ ဈေးတို့၊ ကျောင်းတို့ ဆိုတာကတော့ ပိတ်တာမဟုတ်ပါဘူး။ ဈေးသည်လည်း မလာနိုင်ဘူး။ ကျောင်းသားလည်း မသွားနိုင်ဘူး။ အဲ့ဒီအနေအထားကြောင့်ပါ။ ကျနော်တို့ အမှတ်-၁ ရပ်ကွက်၊ ၂ ရပ်ကွက်ပေါ့ အဲ့ဒီနေရာတွေမှာတော့ မြုပ်နေပါတယ် အားလုံးကတော့။ လမ်းတွေအားလုံး မြုပ်နေတယ်။”

မြစ်ကမ်းပါးအနီးမှာ ဆောက်လုပ်ထားတဲ့ အိမ်တွေလည်း ပြိုနိုင်တဲ့ အခြေအနေ ရှိတာကြောင့် အိမ်ကို ဖျက်နေကြရတယ်လို့လည်း ဆိုပါတယ်။

“ရခိုင်ပြည်နယ်မှာဆိုရင် ကျနော်တို့ သံတွဲမြို့နဲ့ ၁၄ မိုင်ကွာတဲ့ ရွာမှာ ရသေ့အုပ်စု၊ ရွှေလေအုပ်စုဆိုတာရှိတယ်။ ရွှေလေအုပ်စုဆိုတာက အဲ့ဒီနေရာမှာတောင်မှ အခု အိမ်တွေ ၁၀ လုံးလောက်တော့ ဖျက်လိုက်ရတာပေါ့ဗျာ။ ဖျက်လိုက်ရတယ်ဆိုတာ ချောင်းရေက တအားကြီးတော့ ကားလမ်းတွေလည်း မြုပ်နေတယ်လေ။ ချောင်းရေက တအားကြီးတော့ အိမ်တွေက ကမ်းပါးပြိုတော့ ပါသွားမှာစိုးတော့ ပါသွားမယ့်အတူတူ ဖျက်နေကြတာပေါ့။ အခုတော့ ၁၀ လုံးလောက် ဖျက်နေပါတယ်လို့ ကျနော့်ဆီကို သတင်းပို့ပါတယ်ခင်ဗျ။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ဥက္ကဌလည်းဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ ရေကြီးမှုကြောင့် စားသောက်ရေး ခက်ခဲနေတဲ့ သံတွဲမြို့က လူထုတွေထံကို စားစရာနဲ့ လိုအပ်တဲ့ ပစ္စည်းများကို သွားရောက်ပေးပို့မှုတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“ကယ်ဆယ်ရေးကတော့ ရှိပါတယ်။ ဌာနဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကရော၊ ကြက်ခြေနီတို့ ဘာတို့ကလည်း ကယ်ဆယ်ရေး ရှိပါတယ်။ ကျနော်တို့အဖွဲ့အနေနဲ့လည်း အခုလက်ရှိမှာ ကျနော်ကိုယ်တိုင်လည်း ရေမြုပ်တဲ့နေရာတွေဆီသွားပြီးတော့ ရိက္ခာခြောက်တွေ ဖြန့်ဝေပေးနေပါတယ်။”

ဒီရက်ပိုင်းအတွင်းမှာပဲ ပဲခူးတိုင်း ရွှေတောင်မြို့နယ်အတွင်းမှာ မြစ်ကမ်းပါးတွေ ပြိုဆင်းတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းကတော့ ကရင်ပြည်နယ်တွင်းက မြဝတီမြို့နဲ့ ဘားအံမြို့တွေမှာ ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပြီး မြဝတီမြို့မှာလည်း လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။

မြဝတီက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူ ဒေါ်ခင်ထားကတော့ အခုချိန်ထိ ရေဘေးဒုက္ခသည်တွေဟာ ဓမ္မာရုံတွေမှာ နေထိုင်နေရသူတွေ ရှိနေသေးသလို သေဆုံးသူတွေကို ရေကျသွားချိန်မှာ ထပ်မံတွေ့ရှိတဲ့အကြောင်းနဲ့ မြို့ခံ မဟုတ်တဲ့သူတွေ အများစုဟာ စာရင်းအတိအကျ မရှိတဲ့အတွက် သေဆုံးပျောက်ဆုံးမှုတွေ ဘယ်လောက် ရှိတယ်ဆိုတာကို ခန့်မှန်းဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

“ကျန်နေပါသေးတယ်။ အိမ်ပျက်သွားတဲ့သူတွေက လုံးဝကို အိမ်ပြန်မဆောက်နိုင်ဘူးလေ။ တချို့တွေဆို ဓမ္မာရုံမှာ နေနေရတုန်းပဲ။ အတိဒုက္ခကို ရောက်နေကြပါတယ်။ ဒီမှာက သူ့မိသားစု၊ ကိုယ့်မိသားစု မရှိဘူး။ ပြန်ကျတွေရှိမယ်။ ပြန်ကျတွေများတယ်။ အထူးသဖြင့် ကမ်းနဖူး ရွှေ့ပြောင်းအလုပ်သမားတွေပေါ့နော်။ ကမ်းနဖူးမှာ စက်ရုံအလုပ်သမားတွေ အဲ့ဒါတွေကျတော့ သူတို့မှာ မိသားစုဆိုတာ မရှိဘူး။ အဲ့ဒါတွေ အများကြီးပဲ။ သေဆုံးစာရင်း အခုချိန်ထိ မသိသေးဘူး။ ဟိုတလောကတောင်မှ ကျမတို့သွားတော့ အလောင်း ၆ လောင်းထပ်တွေ့တယ်လေ။ ရေကြီးပြီး တော်တော်ကြာတော့မှနော်။ ရေကျပြီး ၁ ပတ်လောက်ကြာတော့မှ အလောင်း ၆ လောင်း ထပ်တွေ့ရတယ်။ အဲ့ဒီကုမ္ပဏီတွေကလည်း ဘာမှ တာဝန်မယူဘူး။ တာဝန်မယူတဲ့အခါကျတော့ သူတို့ကလည်း မြဝတီရေကြီးတာ မကြုံဖူးကြဘူးလေ။ ဒါမျိုး မတွေ့ဖူးကြဘူး။ အဲ့တော့ ပြေးရလွှားရမယ်ဆိုတာလည်း မသိဘူးပေါ့။ ရာနဲ့ချီကတော့ ငတ်နေကြတာပေါ့။ အထူးသဖြင့် ဒုက္ခရောက်တာတော့ ရပ်ဝေးကသူတွေ တော်တော်ဒုက္ခရောက်တယ်။”

ကရင်ပြည်နယ်တွင်း ရေကြီးမှုကြောင့် သောင်းနဲ့ချီရှိတဲ့ လူထုတွေဟာ ရေဘေးဒဏ်ကို ခံစားခဲ့ရပါတယ်။ အစိုးရနဲ့ ဌာနဆိုင်ရာတွေကတော့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပေမဲ့ ရေဘေးဒဏ်ခံပြည်သူတွေက အများအပြား ဖြစ်တာမို့ အစားအသောက်နဲ့ သောက်ရေတွေ အခက်အခဲတွေ ဖြစ်ခဲ့ရပါတယ်။ ရေကျသွားပေမဲ့လည်း ရေကြီးမှုရဲ့ နောက်ဆက်တွဲအဖြစ် အိမ်တွေ အလုံးလိုက် မျောပါသွားသူတွေ အိမ်တွေ ပျက်ဆီးသွားသူတွေကတော့ နေထိုင်စရာ အခက်အခဲတွေ ရှိနေဆဲပါ။

မြဝတီမြို့မှာတော့ အဓိကကျတဲ့ လမ်းမကြီးတွေက လွဲရင် တခြား ချောင်ကျတဲ့နေရာေတွေမှာ ရွှံနွံများ၊ အမှိုက်များနဲ့ မြို့ပျက်ကြီးတခုလို ဖြစ်နေပြီး အနံ့အသက် မကောင်းတာတွေ ရေမသန့်တာတွေကြောင့် ကျန်းမာရေးအရ စိုးရိမ်စရာတွေ ရှိနေတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။
XS
SM
MD
LG