သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် လူသားချင်းစာနာမှုအခြေအနေ ကုလ စိုးရိမ်


ရခိုင်ပြည်နယ် စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်များ (၁၄ မေ ၂၀၁၃)
ရခိုင်ပြည်နယ် စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်များ (၁၄ မေ ၂၀၁၃)
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘေးဒုက္ခရောက်ရသူ ၁ သိန်း ၄ သောင်းကျော်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေဆဲဖြစ်ပြီး အခြေအနေဟာ စိုးရိမ်စရာကောင်းနေတုန်းပဲလို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ဒါ့အပြင် လူမှုအဝန်းအဝိုင်း နှစ်ခုအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားနိုင်ရေးအတွက် ခိုင်မာတဲ့အဖြေတွေကို ရှာဖို့ လုပ်ဆောင်သွားရမယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်က ဘေးဒဏ်သင့်သူတွေရဲ့ နောက်ဆုံးအခြေအနေတွေ၊ လုပ်ဆောင်ရမှာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်က လူမှုအဝန်းအဝိုင်း နှစ်ခုအကြား ပဋိပက္ခတွေဖြစ်ခဲ့တာ တစ်နှစ်ကြာတဲ့အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေရဲ့ အခြေအနေ တိုးတက် ကောင်းမွန် မလာသေးတဲ့အပေါ် အထူးပဲ စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြောလိုက်တာပါ။

လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီးတိုင်းမှာ သူတို့ရဲ့ ပုံမှန်ဘဝဆီ အမြန်ဆုံး ပြန်ရောက်သင့်တယ်လို့ ကုလသမဂ္ဂအနေနဲ့ ယူဆပြီး လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေရဲ့ ရည်ရွယ်ချက်က ယာယီအတွက်ပဲ ဖြစ်တာကြောင့် လူတွေ သူတို့ရဲ့ ပုံမှန်ဘဝဆီ ပြန်ရောက်နိုင်အောင် အစွမ်းကုန် ကြိုးစားအားထုတ်သင့်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးမှူး အာရှုတ်က် နီဂမ်းမ် (Ashok Nigam) က ဗွီအိုအေကိုပြောပါတယ်။

"လူအတော်များများဟာ သင့်တင့်လျောက်ပတ်တဲ့ အမိုးအကာတွေအောက်မှာ ရှိမနေကြသေးတဲ့အပေါ် ကျနော်တို့အနေနဲ့ စိုးရိမ်နေရဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လျော့နည်းလာနေပါတယ်။ အဲဒီလူတွေအတွက် ရေရှည် ခိုင်မာတဲ့ အဖြေတွေ ရရှိရေး လုပ်ဆောင်နိုင်သမျှ အားလုံးလုပ်ဆောင်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။"

လက်ရှိအချိန်မှာ စားနပ်ရိက္ခာတွေကို လစဉ် ထောက်ပံ့ပေးနေပြီး မေလ တစ်လထဲမှာတင် စားနပ်ရိက္ခာ မက်ထရစ်တန်ချိန်ပေါင်း ၂,၂၀၀ နီးပါးကို ထောက်ပံ့ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒါ့အပြင် လူပေါင်း ၇ သောင်း ၁ ထောင်ကျော်အတွက် ယာယီ အမိုးအကာတွေကို ကူညီခဲ့တယ်လို့လည်း ကုလသမဂ္ဂ ဒုတိယပြောရေးဆိုခွင့်ရှိသူ Eduardo del Buey က တနင်္လာနေ့က ကုလသမဂ္ဂရုံးချုပ်မှာ သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း မိုးရာသီက ရောက်လာပြီဖြစ်ပြီး လူပေါင်း ၆ သောင်း ၉ ထောင်လောက်အတွက် အမိုးအကာတွေ ပေးဖို့ ကြိုးစားနေရပြီးတော့ အစိုးရက စစ်တွေမှာ အမိုးအကာတွေ တည်ဆောက်နေသလို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ မိတ်ဘက်အဖွဲ့တွေကလည်း ပေါက်တောနဲ့ မြေပုံမြို့တွေမှာ တည်ဆောက်ပေးနေတယ်လို့ မစ္စတာ နီဂမ်းမ်က ပြောပါတယ်။

အဲဒီအမိုးအကာတွေ အချိန်မှီ ပြီးစီးပြီးတော့ လူတွေ အမိုးအကာအောက် အချိန်မှီ ရောက်ဖို့ ကုလသမဂ္ဂက မျှော်လင့်နေပါတယ်။ အဲဒါဟာ သူတို့ရဲ့ အဓိကစိုးရိမ်ချက်ဖြစ်သလို တခြားစိုးရိမ်စရာတွေကလည်း ရှိနေပါတယ်။

"ကလေးငယ်ပေါင်း ၂ သောင်းလောက်ဟာ ကျောင်းမတက်ရတာ တစ်နှစ်ပတ်ဝန်းကျင်ရှိနေပြီမို့ အဲဒီကလေးတွေရဲ့ ပညာရေးအတွက်လည်း ကျနော်တို့ စိုးရိမ်ပါတယ်။ ဒါ့အပြင် အခု သူတို့ နေထိုင်နေကြရတဲ့ ရွက်ဖျက်တဲတွေဟာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့အခြေအနေမှာ ရှိမနေတာကြောင့် ကျန်းမာရေးပိုင်းဆိုင်ရာကိုလည်း ကျနော်တို့ စိုးရိမ်ပါတယ်။ အလားတူ အသက်မွေး ဝမ်းကြောင်းမှုအပေါ် ကန့်သတ်ထားတာတွေဟာလည်း ကျနော်တို့ရဲ့ အဓိက စိုးရိမ်ချက်တစ်ခု ဖြစ်ပါတယ်။"

လက်ရှိမှာ ကုလသမဂ္ဂအနေနဲ့ ရခိုင်ဘေးဒဏ်သင့်သူတွေကို အလုံအလောက် အကူအညီပေးနိုင်ဖို့ ရန်ပုံငွေ လိုအပ်ချက် နောက်ထပ် ဘယ်လောက်ရှိနိုင်မယ်ဆိုတာကို ပြန်လည် တွက်ချက်နေတယ်လို့ မစ္စတာနီဂမ်းမ်က ပြောပါတယ်။

အခုလို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို အပြည့်အ၀ ပေးနိုင်ဖို့ ကြိုးစားနေတဲ့ တပြိုင်ထဲမှာပဲ လူမှုအဝန်းအဝိုင်း နှစ်ခုအကြား သဟဇာတဖြစ်ရေးဆိုင်ရာ ရေရှည် ခိုင်မာတဲ့အဖြေကို ရှာကြဖို့လည်း မစ္စတာ နီဂမ်းမ်က တိုက်တွန်းပါတယ်။

"ဒီလူတွေ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ဘဝတွေကို ပြန်လုပ်ကိုင်နိုင်ဖို့အတွက် ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ် လိုက်ဖက်ညီစွာ နေထိုင်သွားနိုင်ရေးဆီ ဦးတည်ပြီးတော့ ကျနော်တို့ လုပ်ဆောင်ဖို့ လိုပါတယ်။ လူမှုအဝန်းအဝိုင်းတွေကြားမှာ ငြိမ်းချမ်း သဟဇာတဖြစ်စွာ နေထိုင်နိုင်ကြပြီး အသက်မွေးဝမ်းကျောင်း အလုပ်တွေကို လုပ်နိုင်ကြသလို အခြေခံ ဝန်ဆောင်မှုတွေကို ရကြဖို့ရာဟာ နောက်တဆင့် လုပ်ဆောင်ရမယ့်ကိစ္စလို့ ကျနော်တို့ ယုံကြည်ပါတယ်။"

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဇွန်လက လူမှုအဝန်းအဝိုင်းနှစ်ခုအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် လူပေါင်း ၁၆၇ ဦး သေဆုံးခဲ့ရပြီး အဆောက်အဦးပေါင်း ၁ သောင်းကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ရခိုင်ပြည်နယ်မှာ စခဲ့တဲ့ ပဋိပက္ခအခြေအနေဟာ တခြားမြို့ရွာတွေဆီ ကူးစက်ဖြစ်ပွားတာတွေလည်း ရှိခဲ့ပြီး အခုချိန်ထိကိုပဲ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ဒေသတွေ ရှိနေဆဲပါ။

သံသယတွေနဲ့ ယုံကြည်စိတ်ချမှု အပြည့်အ၀ ပြန်မရနိုင်ကြသေးတဲ့ လူမှုအဝန်းအဝိုင်း နှစ်ခုအကြား သဟဇာတ ပြန်ဖြစ်ပြီးတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားနိုင်ရေးအတွက် ကြိုးစားနေကြတဲ့ အဖွဲ့အစည်း အတော်များများလည်း ရှိလာနေပြီ ဖြစ်ပါတယ်။
XS
SM
MD
LG