သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအကြမ်းဖက်မှု မြန်မာအစိုးရ ကုလနှင့် သတင်းဌာနတချို့ကို ဝေဖန်


(photo credit: Ministry Of Foreign Affairs)
(photo credit: Ministry Of Foreign Affairs)
မြန်မာနိုင်ငံ အနောက်ခြမ်း မောင်းတောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ အခု ဇန်နဝါရီလလယ်ပိုင်းက လူအသေအပျောက်ရှိခဲ့တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းဟာ အကွက်ချ လှုံ့ဆော်မှုဖြစ်တယ်ဆိုပြီး မြန်မာအာဏာပိုင်တွေ က ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ သတင်းဌာနတွေကြောင့် အခြေအနေတွေဟာ ပိုပြီး ရှုပ်ထွေးသွားစေတယ်ဆိုပြီးတော့လည်း မြန်မာပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သတင်းမီဒီယာတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတချို့ကို အပြစ်တင်ခဲ့ပါတယ်။ အကြောင်းစုံကိုတော့ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း မောင်တောမြို့မှာဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံခြားသံတမန်တွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေကို ရှင်းလင်းတဲ့ အခမ်းအနားတရပ်ကို ရန်ကုန် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဒီကနေ့ ပြုလုပ်ပါတယ်။

အဲဒီမှာ ပြည်တွင်း ပြည်ပ သတင်းဌာန ၁၀ ခုကျော်ကိုပဲ သီးခြားဖိတ်ကြားခဲ့ပြီးတော့၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရက ခေါ်ယူသတိပေးခံခဲ့ရတဲ့ အေပီသတင်းဌာန အပါအဝင် သတင်းဌာန အတော်များများ ဝင်ရောက်ခွင့် မရတာကြောင့် ရန်ကုန် နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ သတင်းသမားတွေ အတော်လေး ရုတ်ရုတ်သဲသဲ ရှိခဲ့ပါတယ်။

အဲဒီမှာ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ထွက်လာပြီး သတင်းသမားတွေနဲ့ လမ်းမပေါ်မှာပဲ တွေ့ခဲ့တာပါ။ အဲဒီမှာပဲ မကြာခင်ကဖြစ်ခဲ့တဲ့ မောင်တောအခြေအနေကို ပြန်လည် ရှင်းပြပြီးတော့ ဒီပြဿနာဟာ သတင်းဌာနတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကြောင့် ပိုပြီး ရှုတ်ရှုတ်ထွေးထွေး ဖြစ်သွားစေတယ်ဆိုပြီး သမ္မတပြောခွင့်ရသူလည်းဖြစ်၊ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ် က အပြစ်တင် ပြောဆိုခဲ့တာပါ။

“အဲတော့ ကျနော်တို့က စပြီးတော့ ဖြစ်တဲ့အချိန်မှာ ဘာဖြစ်လို့ ဒါကို ထိန်းထိန်းသိမ်းသိမ်းနဲ့ တကယ်လုပ်လဲဆိုတော့ သေဆုံးတာက ရဲတပ်ကြပ်ကြီး၊ သူက ရခိုင်လူမျိုး ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ဒါကို Issue ကြီးတခု လုပ်လိုက်မယ်ဆိုရင် မလိုလားအပ်ဘဲနဲ့ ပြဿနာတွေ ကြီးမှာစိုးလို့ ကျနော်တို့က သာမန်ရာဇဝတ်မှုတခုအနေနဲ့ ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ တဘက်ကကျတော့ ဒီရာဇဝတ်မှုကို ဖုံးအုပ်ချင်တဲ့အတွက်ကြောင့်မို့ ခုနလိုဟာမျိုးတွေလုပ်တယ်။ ဒါကတော့ ထုတ်တာကတော့ သူတို့က ပြစ်မှုကျူးလွန်တဲ့သူဖြစ်လို့ ထုတ်မှာကတော့ သူတို့တာဝန်၊ ဒါပေမဲ့ အဲ့ဒီဟာကို အလွယ်တကူ ယုံတဲ့သူတွေပဲ ကျနော် ပြောချင်တာပါ။ အဲတော့ ဟုတ်လား သတင်းဌာနတွေ၊ UN အေဂျင်စီတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ အဲ့ဒီဒေသမှာရှိခြင်းသည် အဲ့ဒီဒေသမှာရှိတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်အောင်လို့ တည်ငြိမ်သွားအောင်လို့ လုပ်ဖို့ရောက်နေတာ။ ဒါပေမဲ့ သူတို့လုပ်ရပ်က ပိုပြီးတော့ ရှုတ်ထွေးအောင် လုပ်သလိုဖြစ်တယ်။ ဒါကို ကျနော်တို့က လက်မခံနိုင်ဘူး။”

ဖြစ်စဉ်မှာ ဒေသခံ မူဆလင်တွေ အသတ်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း ဦးရဲထွဋ်က မဟုတ်မမှန်ကြောင်း ထပ်မံ ငြင်းဆိုပါတယ်။ ဒီကိစ္စတွေဟာ အကွက်ချ လှုံ့ဆော်မှုဖြစ်တယ်လို့ တုံ့ပြန်သွားပါတယ်။

“အကွက်ချပြီးတော့ လှုံ့ဆော်တာပေါ့ဗျာ နော့်။ တိုက်ခိုက်ပြီးတော့ လှုံ့ဆော်တယ်။ ကျနော်တို့ဘက်က ဟုတ်လား၊ ဥပဒေနဲ့အညီပဲ လုပ်တဲ့အခါကျတော့ ဘာဖြစ်လဲ သတင်းမှားတွေကို ဖြန့်ပြီးတော့မှ လုပ်တယ်။ အဲ့ဒါ ကုလသမဂ္ဂဆိုတဲ့လူကလည်း အဖွဲ့အစည်းတွေကလည်း ဟုတ်လား တကယ်ကျတော့ ကုလသမဂ္ဂမှာ ကုလသမဂ္ဂ အထွေထွေညီလာခံက ပြဌာန်းထားတဲ့ UN အေဂျင်စီတွေ လိုက်နာရမယ့် ကျင့်ဝတ်ဆိုတာ ရှိပြီးသား။ အဲ့ဒီထဲမှာ သတင်းတွေအားလုံးကို Verify လုပ်ပြီးတော့မှ အတည်ပြုပြီးတော့မှ မီဒီယာကို သုံးရမယ်ဆိုတာ ရှိလျက်သားနဲ့ ဒီကုလသမဂ္ဂ အဖွဲ့အစည်းတွေ ကိုယ်တိုင်ကိုက ကျနော်တို့ အဲ့ဒီမှာရှိတဲ့ INGO အဖွဲ့အစည်းတွေကိုယ်တိုင်က ဒီလိုမျိုးလုပ်တယ်။”

တချိန်တည်းမှာပဲ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတချို့က တင်ပြလာတဲ့ အသေအပျောက် မှတ်တမ်းတွေမှာလည်း အချက်အလက်တွေ မှားယွင်းနေတယ်၊ အချက်အလက်တွေ မမှန်ကန်ဘူးဆိုတာကိုလည်း ဦးရဲထွဋ် က တုံ့ပြန် ပြောသွားပါတယ်။

“ရဲအရေးပိုင်တဲ့အမှု၊ ခင်ဗျားတို့ တကယ် အဲ့ဒီဒဏ်ရာရတဲ့သူရှိရင် ကျနော်တို့ကို ပြော၊ ခရိုင်ဆေးရုံတို့၊ ပြည်နယ်ဆေးရုံက ဆရာဝန်ကြီးတွေနဲ့ ရဲတပ်ဖွဲ့နဲ့ သွားစစ်ဆေးမယ်။ သူက ဘာပြောလဲဆိုတော့ အဲ့ဒီလူတွေ မပြရဲဘူးတဲ့။ ဘယ်လိုလုပ်မလဲ။ ဒီလိုမျိုးသာပြောမယ်ဆိုရင် ကျနော်လည်းပြောလို့ရတာပေါ့။ ရခိုင်တွေ ဘယ်နှစ်ယောက် အတိုက်ခိုက်ခံရပါတယ်။ ပြောတဲ့ရခိုင်က ကြောက်လို့ ပုန်းနေပါတယ်လို့ ပြောရင် ဘယ်လိုလုပ်မလဲ။”

လက်ရှိအားဖြင့်တော့ လုံခြုံရေးအခြေအနေကြောင့် တင်းမာမှုရှိနေတဲ့ မောင်တောဒေသမှာ လုံခြုံရေးချထားပြီး၊ အေပီသတင်းဌာနကလွဲလို့ ကျန်တဲ့ ပြည်တွင်းသတင်းဌာနတွေအနေနဲ့ သတင်းသွားယူမယ်ဆိုရင် စီစဉ်ပေးမယ့်အကြောင်း ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးရုံးထဲမှာတော့ နိုင်ငံခြားရေးဝန်ကြီးရယ်၊ ပြည်ထဲရေးဝန်ကြီးတို့က လက်ရှိအခြေအနေနဲ့ သူတို့ စုံစမ်းတွေ့ရှိချက်တွေကို ရှင်းလင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ သမ္မတက ဖွဲ့ထားတဲ့ ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်က ဖြစ်တဲ့ဒေသကို သွားရောက်စုံစမ်းခဲ့သလို၊ မကြာခင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကလည်း သွားရောက်စုံစမ်းဖို့ ရှိတာကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တောင်းဆိုကြသလို ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ ဖွဲ့ဖို့ဆိုတာတော့ လတ်တလောအထိ အစီအစဉ်မရှိကြောင်း ဦးရဲထွဋ်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG