သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် လယ်လုပ်ငန်း ပြန်လည် ထူထောင်ရေး ကူညီကြဖို့ ဆွေးနွေး


ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ဇွန်လက အကြမ်းဖက် ပဋိပက္ခတွေအတွင်း မီးလောင်ခဲ့တဲ့ အပျက်အစီးတချို့။ (စက်တင်ဘာလ ၁၀ ရက်၊ ၂၀၁၂)။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ဇွန်လက အကြမ်းဖက် ပဋိပက္ခတွေအတွင်း မီးလောင်ခဲ့တဲ့ အပျက်အစီးတချို့။ (စက်တင်ဘာလ ၁၀ ရက်၊ ၂၀၁၂)။
ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ပဋိပက္ခတွေကြောင့် ယိုယွင်းပျက်စီးခဲ့ရတဲ့ ဒေသခံတွေရဲ့ လယ်ယာလုပ်ငန်းတွေ အထူးသဖြင့် စီးပွားရေးတွေ ပြန်ထူထောင်နိုင်ဖို့ အရေးကို နိုင်ငံတော် အစိုးရနဲ့အတူ အဖွဲ့အစည်း အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ အရေးတကြီး လိုအပ်တယ်လို့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ဒီနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ရခိုင်ဒေသ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက် ဖို့ ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဦးဆောင် ကျင်းပခဲ့တဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းခဲ့တဲ့ မဆုမွန်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်တွင်း လတ်တလော ဖြစ်ပျက်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှု ပဋိပက္ခတွေကြောင့် ယိုယွင်းပျက်စီးခဲ့ရတဲ့ ရခိုင်ဒေသရဲ့ စီးပွားရေး၊ လူမှုရေး၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အဖွဲ့အစည်းတွေ အနေနဲ့ ပူးပေါင်း ဆောင်ရွက်တာဟာ ပိုပြီးတော့ ထိရောက်မှုရှိပါတယ်။ ဒါကြောင့် ဒီလိုမျိုး အရေးတကြီး လိုအပ်ချက်နေချိန်မှာ ရခိုင်ဒေသအရေး ကူညီဆောင်ရွက်နေသူတွေ ဝိုင်းဝန်း ပူးပေါင်းလုပ်ဆောင်ဖို့အတွက် အဓိကရည်ရွယ်ပြီး ဆွေးနွေး ခဲ့ကြတာ ဖြစ်တယ်လို့ ဦးဆောင် ဆွေးနွေးတင်ပြခဲ့သူ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ဒီကနေ့ လုပ်တဲ့အစည်းအဝေးက ရန်ကုန်မှာရှိတဲ့ ရခိုင်လူမှုရေးအသင်းတွေ၊ ရခိုင်မြို့နယ် အသင်းတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေ အားလုံး စုပြီးတော့ network တခုပေါ့နော်။ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ပြောရေးဆိုခွင့်ရှိတဲ့ အဖွဲ့တဖွဲ့ ဖွဲ့ပါတယ်။ ဖွဲ့ပြီးတော့ ဒီအဖွဲ့တွေရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ရခိုင်မှာ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေ ပဋိပက္ခတွေ အမြန်ဆုံး ငြိမ်းချမ်း တည်ငြိမ်အောင် ကျနော်တို့ ဒီကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်မယ်။ ဆောင်ရွက်တဲ့အခါမှာ ဘယ်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်မလဲ။ နိုင်ငံတော် အစိုးရ ဆိုတဲ့အခါမှာ ပြည်ထောင်စု အစိုးရနဲ့ရော၊ ရခိုင် ပြည်နယ် အစိုးရနဲ့ရော ကျနော်တို့ ဒီအဖွဲ့တွေ ပူးပေါင်းပြီးတော့ ရခိုင်မှာ အမြန်ဆုံး တည်ငြိမ်အေးချမ်းဖို့ ပူးပေါင်း ဆောင်ရွက်မယ်။”

အဓိက ရခိုင်ပြည်နယ်တွင်းက ဒေသခံ လယ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်ရေးနဲ့ စိုက်ပျိုးထားတဲ့ လယ်ယာတွေ အချိန်မီ ရိတ်သိမ်းနိုင်ဖို့ အတွက်က အရေးတကြီး ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဦးဇော်အေးမောင်က ပြောပါတယ်။

“အခုက ရခိုင်မှာ မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်နေတဲ့ စီးပွားရေး ကျဆင်းမှုတွေကို ကျနော်တို့ ဒီက အတတ်နိုင်ဆုံး ပူးပေါင်း ကူညီပေးမယ်။ ဥပမာ ပြောရမယ်ဆိုရင် စပါး ရိတ်သိမ်းချိန် ရောက်နေပြီး။ စပါး ရိတ်သိမ်းလို့ မရသေးဘူး။ အဲဒီတော့ စပါး ရိတ်သိမ်းလို့ရအောင် ဘာတွေ ကူညီပံ့ပိုးပေးရမလဲ ဆိုတာကို ကျနော်တို့ ဒီက အကြံဉာဏ်တွေ ပေးမယ်။ အကူအညီတွေ ပေးမယ်။ နောက်တခုက အဲဒီ ပဋိပက္ခကြောင့် ထိခိုက်နစ်နာသူတွေကို ကျနော်တို့ ဒီကနေပြီးတော့ ဒီ network ကနေပြီးတော့ ဝိုင်းဝန်း ပြီးတော့ ကူညီပံ့ပိုးပေးမယ်။”

ရခိုင်ဒေသ ပြန်လည် ထူထောင်ရေးနဲ့ ရခိုင်အရေးတွေမှာ အဖွဲ့အစည်းတွေ အားလုံးကိုယ်စား Network တခုအဖြစ် ကွန်ယက်ဖွဲ့ပြီး တာဝန်ခံပြောဆိုနိုင်ဖို့ အတွက်လည်း ရည်ရွယ်တယ်လို့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။
ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ ကွန်ယက်အနေနဲ့ ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အဖွဲ့ပေါင်းစုံရဲ့ လုပ်ဆောင်လိုတဲ့ ပြန်လည် ထူထောင်ရေး ရေရှည်လုပ်ငန်းစဉ်တွေနဲ့ အဓိက လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးဖို့ အစီအစဉ်တွေ ဆွဲထားတာရှိပါတယ် လို့လည်း ဆက်ပြောပါတယ်။

“ဖွံ့ဖြိုးတိုးတက်ရေး အားလုံး ပါတာပေါ့ဗျာ။ ရခိုင်ပြည်နယ်မှာ ကျနော်တို့ ခုလို ပဋိပက္ခကြောင့် ထိခိုက်နာကျင်မှုတွေ၊ စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ပညာရေးရော၊ ကျန်းမာရေးရော အကုန်လုံး ဒီက ကျနော်တို့ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးမယ်။ ကူညီတာမှာလည်း အစိုးရနဲ့ ပူးပေါင်းပြီး ကူညီမယ်ဆိုပြီးတော့ ရည်ရွယ်ပြီး လုပ်ကြမှာ ဖြစ်ပါတယ်။ ဟိုမှာ လိုအပ်တဲ့ ဆေးဝါးအားလုံး ဒီက ကျနော်တို့ ပံ့ပိုးပေးမှာပေါ့။”

ရခိုင်ပြည်နယ်မှာ မတည်ငြိမ်မှုတွေ ဖြစ်ပွားနေတဲ့အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ တိုင်းဒေသကြီး တာဝန်ရှိသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ပြီး ထိန်းသိမ်းနေရတဲ့ အခြေအနေအပေါ်မှာ စိုးရိမ်မကင်း ဖြစ်မိတယ်လို့လည်း ဦးဇော်အေးမောင်က ပြောပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း သွားတဲ့အခါမှာ ဒီလို ပဋိပက္ခတွေ ရေရှည်ဖြစ်နေရင် မကောင်းဘူးခင်ဗျ။ အခုဆိုလို့ရှိရင် ဒီလို ရခိုင်ပြည်နယ်မှာ မတည်ငြိမ်မှုတွေကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရေးပေါ် ကြေညာပြီးတော့ တပ်မတော်နဲ့ ပြည်နယ်အစိုးရ ပူးပေါင်းပြီးတော့ အုပ်ချုပ်နေတဲ့ အခြေအနေ၊ ဒီဟာကလည်းပဲ ထပ်ပြီးတော့ မတည်ငြိမ်မှုတွေ ဆက်ဖြစ်လာတယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၁) အရ စစ်အုပ်ချုပ်ရေး ကြေညာပြီးတော့ အုပ်ချုပ်တယ် ဆိုရင် ကျနော်တို့ နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်က ကျန်နေခဲ့မယ်။ လွှတ်တော် ဆိုတာလည်း မရှိတော့ဘူး။ ပြည်နယ်အစိုးရလည်း မရှိတော့ဘူး၊ တပ်မတော်ကပဲ အုပ်ချုပ်သွားတယ် ဆိုရင် ကျနော်တို့ ရခိုင်ပြည်နယ်ဟာ နောက်ကြောင်း ပြန်လှည့်သွားတဲ့ ပြည်နယ်တခု ဖြစ်သွားပြီးတော့ ကျန်နေခဲ့မယ်။ အဲဒါကို ကျနော် စိုးရိမ်ပါတယ်။”

ရခိုင်ဒေသထဲမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ အမြန်ဆုံး ရပ်ဆိုင်းပြီး နယ်မြေတည်ငြိမ် အေးချမ်းအောင် ထိပ်တိုက် မကျေနပ်မှုတွေ ဖြစ်နေတဲ့ အုပ်စုတွေကို သူ့အနေနဲ့ မေတ္တာရပ်ခံပါတယ်လို့လည်း ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ အမြန်ဆုံး ငြိမ်းချမ်းမှုကို လိုချင်ပါတယ်။ ငြိမ်းချမ်းမှ နိုင်ငံ တည်ငြိမ်မယ်။ ငြိမ်းချမ်းမှ စီးပွားရေး လုပ်လို့ရမယ်။ အခုဆိုရင် ဒီလိုမျိုး မတည်ငြိမ်မှုတွေ ကြာနေရင် စီးပွားရေးလည်း ရပ်နေတယ်။ ရပ်နေတော့ စားဝတ်နေရေးလည်း ခက်ခဲပါတယ်။ လုပ်ငန်းတွေလည်း အကုန် ရပ်ဆိုင်းနေပါတယ်။ အဲဒါကြောင့် ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဒီ ပဋိပက္ခကြီး အမြန်ဆုံး ချုပ်ငြိမ်းသွားဖို့အတွက် လိုလားပါတယ်။”

အောက်တိုဘာလ ၂၈ ရက်နေ့ မှာ ရန်ကုန်မြို့ ရခိုင်ဓမ္မာရုံမှာ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ကူညီဆောင်ရွက်ပေးနိုင်ဖို့ ရခိုင်အဖွဲ့တွေ တွေ့ဆုံခဲ့ကြသလို ဒီမိုကရေစီမိတ်ဆွေ ပါတီများကလည်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဌာနချုပ်ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါသေးတယ်။
XS
SM
MD
LG