သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

INGOs ဝန်ထမ်း လုံခြုံရေး ရခိုင်အစိုးရနဲ့ နေပြည်တော် ပူးပေါင်းဆောင်ရွက်မည်


နိုင်ငံတကာ NGO ဝန်ထမ်းတွေ စစ်တွေမြို့က ထွက်ခွာရစဉ်ကပုံ (၂၈ မတ်၊ ၂၀၁၄)
နိုင်ငံတကာ NGO ဝန်ထမ်းတွေ စစ်တွေမြို့က ထွက်ခွာရစဉ်ကပုံ (၂၈ မတ်၊ ၂၀၁၄)
ရခိုင်ပြည်နယ်မှာ မတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ပိတ်ထားခဲ့ရတဲ့ ကုလသမဂ္ဂ UN လက်အောက်ခံအဖွဲ့တွေနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တချို့ရဲ့ လုပ်ငန်းတွေ အခုအခါ ပြန်လည် လည်ပတ်နေပြီး သူတို့ရဲ့ လုံခြုံရေးကို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရက ပူးတွဲဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်။

UN နဲ့ INGO လုပ်ငန်းတွေ ပြန်လည် ဆောင်ရွက်လာတာကို ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တဦးက ကြိုဆိုလိုက်ပြီး သူတို့အနေနဲ့ ဒေသခံပြည်သူတွေနဲ့ ဆက်ဆံရာမှာ သတိရှိဖို့လည်း ပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေက စစ်တွေမြို့မှာရှိတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းက နိုင်ငံခြားသူ ဝန်ထမ်းတဦးကနေ ဗုဒ္ဓသာသနာ့အလံကို ဖြုတ်ချပြီး မဖွယ်မရာ လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် UN နဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေရဲ့ ရုံးတွေ၊ သိုလှောင်ရုံတွေနဲ့ နေအိမ်တွေကို အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။ အဲ့ဒီ ဖြစ်စဉ်ပြီးတဲ့နောက် ရပ်နားထားခဲ့ရတဲ့ UN နဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့ လုပ်ငန်းတွေကို အခုအခါ တဝက်နီးပါးလောက် ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။

လက်ရှိ နိုင်ငံတကာအဖွဲ့အစည်းတွေ လုပ်ငန်းဆောင်ရွက်နေတဲ့ အခြေအနေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတင်းနှင့်မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက အခုလို ပြောပါတယ်။

“လောလောဆယ်တော့ သူတို့ကို မြို့ထဲက စက်မှုလက်မှု အထက်တန်းကျောင်းပေါ့နော် အဲ့ဒီမှာ သူတို့ကို နေရာလေးပေးပြီးတော့ လုပ်ပေးထားတာတွေတော့ ရှိပါတယ်။ စက်မှုလက်မှု အထက်တန်းကျောင်းမှာ သူတို့ တချို့အဖွဲ့တွေက သူတို့အဖွဲ့အတွက် သတ်မှတ်တဲ့အခန်းလေးတွေမှာ နေ ရာယူကြတာရှိတယ်။ တချို့ကတော့ စစ်တွေဟိုတယ်မှာရှိတယ်။ တချို့လည်း ရန်ကုန်မှာရှိတယ်။ ဆိုတော့ အခု ဒီဟာကို ကိုင်နေတဲ့ဟာကတော့ကာ ဗိုလ်ချုပ်မောင်မောင်အုန်းတို့အဖွဲ့နော်။ အဲ့ဒီအဖွဲ့က ကိုင်နေတဲ့အခါကျတော့ ဒီလ ၂၆ ရက်လောက်မှာ သူတို့ ပြန်ဆုံပြီးတော့ အစည်းအဝေးလုပ်မယ်လို့ ပြောတယ်။ လုပ်ပြီးလို့ရှိရင် ရှေ့ကိုဆက်ပြီးတော့ သွားမယ့်ဟာလေးကို သိရမှာပေါ့ဗျာ။”

နိုင်ငံတကာအဖွဲ့အစည်းတွေ လုပ်ငန်း ပြန်လည်ဆောင်ရွက်ဖို့အတွက်
ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရက ပူးတွဲပြီး လုံခြုံရေးလုပ်ငန်းတွေ ကို ဆောင်ရွက်သွားမယ်လို့လည်း ဦးလှသိန်းက ပြောပါတယ်။

“ဒီပြန်လည်ဆောင်ရွက်တဲ့အခါမှာတော့ သူတို့အတွက် လိုအပ်တဲ့ လုံခြုံရေးကို ကျနော်တို့ ပြည်နယ်အစိုးရပေါ့ နောက်ပြီးတော့ ပြည်ထောင်စုပြည်ထဲရေး ဝန်ကြီးဌာနပေါ့ဗျာ ဒါနဲ့ ပူးပေါင်းပြီးတော့ ပေးရမယ်။ ပေးမယ်ဆိုတဲ့ အစီအစဉ် ရှိတယ်ဆိုတာတော့ သိပါတယ်။”

ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာတော့ ရခိုင်ပြည်နယ်မှာ UN နဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့ INGO အဖွဲ့ ၂၃ ဖွဲ့ လုပ်ငန်းဆောင်ရွက်နေရာက အခုအခါ ၁၁ ဖွဲ့ က လုပ်ငန်း ပြန်လည် ဆောင်ရွက်နေပြီဖြစ်ကြောင်းနဲ့ သူတို့ရဲ့ လုံခြုံရေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အနီးကပ် ဆောင်ရွက်ပေးနေကြောင်း ဖော်ပြ ပါတယ်။

UN နဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့ INGO တွေ လုပ်ငန်း ပြန်လည်စတင်တာကို စစ်တွေမြို့နယ်က ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က ကြိုဆိုကြောင်း ပြောပါတယ်။

“ကောင်းပါတယ်။ ဒီလုပ်ငန်းကို ပြန်စနိုင်တဲ့အပိုင်းမှာ။ ဟိုဘက်ဒီဘက် အုပ်စုနှစ်ခုလုံးက အကူအညီဆိုတာ လိုအပ်ကြတာ။ ဒီအကူအညီတွေကလည်း အစိုးရအနေနဲ့ အဲ့လောက်အထိ မပေးနိုင်ဘူး။ ဒီမှာရှိတဲ့ ကျနော်တို့ Volunteer သီးသန့် ဒီလိုမျိုး အလှူငွေပေးတဲ့သူတွေလည်း အမြဲတမ်း အဲ့လိုမျိုး ပေးနိုင်မှာမဟုတ်ဘူး။ အဲ့လိုဆိုတော့ NGOs တွေ ဝင်လာတဲ့အပိုင်းအတွက်ကတော့ တော်တော်များများကို ဒီမှာရှိတဲ့ ဒုက္ခသည်တွေအတွက်ကတော့ အဆင်ပြေနိုင်မယ့် အစီအစဉ်ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ကတော့ ကြိုဆိုပါတယ်။”

နိုင်ငံတကာ အဖွဲ့အစည်းတွေ အပေါ်မှာတော့ ဦးအောင်မြကျော်က အခုလို တိုက်တွန်းပါတယ်။

“အဲ့ဒီ NGO တွေလုပ်ဆောင်တဲ့ မူဝါဒသဘောထားတွေက တော်တော်ကောင်းပါတယ်။ လူမှန်၊ နေရာမှန် အဲ့ဒါ လူတွေကို ခင်းပေးဖို့တော့ လိုမယ်လို့ ထင်ပါတယ်။ အခု ပြန်ပြီး NGO တွေ ရောက်လာတဲ့အချိန်မှာ ဒီပြည်နယ် ဒီဒေသမှာရှိတဲ့ လူတွေရဲ့ Culture၊ အဓိက ဒီမှာဖြစ်နေတဲ့ ပြည်သူလူထုတွေရဲ့ Culture စိတ်အခြေအနေ အဲ့ဒါတွေကို လေ့လာဖို့တော့ တော်တော်များများ လိုအပ်မယ်လို့ ထင်ပါတယ်။ အဲ့ဒါတွေကို လိုက်နာ ဟိုဟာဖြစ်နိုင်ရင်တော့ ကျနော်တို့ ထပ်ပြီး ပြဿနာဖြစ်နိုင်မယ်လို့တော့ မထင်ပါဘူး။ လူတွေရဲ့ အမြင်ရှင်းဖို့အတွက်ကတော့ ဒီ NGO အဖွဲ့တွေက အများကြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”

အရင်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်းမှာတော့ UN နဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်း ၁၈ ဖွဲ့ရဲ့ ရုံး ၁၄ ရုံး၊ နေအိမ် ၁၆ လုံး၊ သိုလှောင်ရုံ ၁၅ လုံး၊ မော်တော်ယာဉ် ၁၄ စီး၊ ရေယာဉ် ၂ စီး၊ မော်တော်ဆိုင်ကယ် ၂၉ စီးနဲ့ ရုံးသုံးပစ္စည်း စုစုပေါင်း ကျပ်ငွေ သန်း ၄၃၀ နဲ့ အမေရိကန်ဒေါ်လာ ၄ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒီအကြမ်းဖက်မှု စစ်ဆေးခဲ့တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ အဖွဲ့အစည်းတခု မမှန်သတင်းထုတ်ပြန်ပြီး လှုံ့ဆော်ခဲ့တာ ရှိခဲ့ကြောင်းနဲ့ ဒေသခံအာဏာပိုင်တွေက လုံခြုံရေးအခြေအနေကို အချိန်တိုအတွင်း မထိန်းသိမ်းနိုင်ခဲ့ကြောင်း ဖော်ပြပါတယ်။
XS
SM
MD
LG