သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန်ကို RNDP ကန့်ကွက်


ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် ခိုလူံနေကြသော ဒေသခံ ရခိုင်ပြည်သူများ
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် ခိုလူံနေကြသော ဒေသခံ ရခိုင်ပြည်သူများ
ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးက သဝဏ်လွှာနဲ့ ပူးတွဲသတင်း သုံးသပ်ချက် လွှတ်တော်ကို ပေးပို့ခဲ့တဲ့အပေါ် RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်ထောင်စုလွှတ်တော်ထဲမှာ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ရခိုင်ပါတီနဲ့ မျိုးချစ်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ပါတယ်ဆိုတဲ့ သတင်းသုံးသပ်ချက်ကို သဝဏ်လွှာနဲ့အတူ ပူးတွဲတင်ပြခဲ့တာမှာ ပူးတွဲ သတင်းသုံးသပ်ချက်ကို ကန့်ကွက်မှာ ဖြစ်တယ်လို့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သြဂုတ်လ ၁၇ ရက်နေ့ ရက်စွဲပါ အဲဒီ သဝဏ်လွှာနဲ့ ပူးတွဲ သတင်းသုံးသပ်ချက်ဆိုတဲ့ စာကိုတော့ သြဂုတ်လ ၂၁ ရက်နေ့မှာ နိုင်ငံတော် သမ္မတရုံးက လွှတ်တော် ကို ပေးပို့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌက လွှတ်တော်အမတ်တွေကို ဖြန့်ဝေပေးခဲ့တာပါ။

အဲဒီသတင်းသုံးသပ်ချက်မှာ ဖော်ပြထားတဲ့ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဆိုတဲ့ က ကနေ ဈ အထိပါတဲ့အချက်တွေကို သူတို့အနေနဲ့ တချက်ခြင်းစီ ကန့်ကွက်သွားဖို့ ပါတီခေါင်းဆောင်တွေအနေနဲ့ ဆွေးနွေး ဆုံးဖြတ်ထားတယ်လို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌလည်းဖြစ်၊ စစ်တွေမြို့ နယ် ကိုယ်စားပြု ပြည်ထောင်စုလွှတ်တော်အမတ်တဦးလည်းဖြစ်တဲ့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ကျနော်တို့က အစည်းအဝေးလုပ်ပြီး တစ်ချက်ခြင်း သဘောတူ ညှိနိုင်းထားတာတွေရှိပါတယ်။ ဒါနဲ့ပတ်သတ်လို့လည်း ကျနော်တို့ဘက်က လိုအပ်သလို ကန့်ကွက်သွားဖို့ရှိပါတယ်။နောက် မနက်ဖြန် ပြည်ထောင်စု လွှတ်တော်မှာ အဲ့ဒီ့အကြောင်းအရာ သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ဖို့ဆိုတဲ့ အချက်လေးတစ်ခုပါပါတယ်။

အဲ့ဒီ့အပေါ်မှာ သုံးသပ်ဆွေးနွေးသွားမှာပါ။ သဝဏ်လွှာကို မှတ်တမ်းတင်တယ်ဆိုတာကတော့ လွှတ်တော် ပြည်ထောင်စုလွှတ်တော်ရဲ့ နိုင်ငံတော်သမ္မတက ပါးတဲ့ အတိုင်းကို မှတ်တမ်းတင်ကြရပါမယ်။ ဆိုတော့ ကျနော်တို့ဆွေးနွေးမယ့်အပိုင်းလည်း ရှိလာနိုင်ပါတယ်။ ဘာလို့လည်းဆိုရင် သဝဏ်လွှာခြောက်ချက်ကတော့ ကျနော်တို့ မပြောတော့ပါဘူး။ ပူးတွဲဆိုတဲ့ ပါရှိတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်းဆိုတာလည်း အင်မတန် ကျယ်ပြန့်စွာ သုံးသပ်ထားပါတယ်။

ဒါနဲ့ပတ်သတ်လို့ အချက်ဆယ်ချက်ပေါ့ ရခိုင်တိုင်းရင်းသားများရဲ့ အခြေအနေဆိုတာကို သုံးသပ်တာ ဆယ်ချက်ရှိပါတယ်။ အဲ့ဒီ့တချက်ခြင်းအပေါ်မှာ ပြန်လည်သုံးသပ်မှာပါ။ ဒီလိုကိစ္စမျိုးက ဆွေးနွေးခွင့်ရကောင်းပါတယ်လို့ပဲ သုံးသပ်မျော်လင့်ပါတယ်။”

အရာရာကို သိမ်မွေ့ နူးညံ့စွာ ကိုင်တွယ်ရမယ့်အချိန်မှာ တိုင်းပြည်မှာ အမြင့်ဆုံးအာဏာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတော်သမ္မတရုံးအနေနဲ့ သတိထား ကိုင်တွယ်သင့်တယ် လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခ တွေနဲ့ပါတ်သက်လို့ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပြီးမှ သမ္မတရုံး ရဲ့ သုံးသပ်ချက်
ထွက်လာတာကြောင့် ကော်မရှင်ရဲ့ လုပ်ငန်းတွေကို သမ္မတရုံးက လွှမ်းမိုးလိုစိတ်ရှိ စိတ်ရှိသလား ဆိုတဲ့အချက်ကို သူ့အနေနနဲ့ သုံးသပ်တင်ပြမယ် လို့ သူက ပြောပါတယ်။

“အဲ့လိုကာလမျိုးမှာ ဒီလိုဆယ်ချက်ကြီးများတောင်မှ တော်တော်လေး စိုးရိမ်ဖွယ်ရာ ကောင်းပါတယ်။ပါတီတွေကို ယိုးမယ်ဖွဲ့တာ ပါသလို သင်္ဃာထုကိုလည်း စွဲဆိုတာတွေရှိပါတယ်။ အဲ့သလိုပဲ ကုန်သည်လောက စီးပွားရေးသမားတွေအပေါ်မှာ ဘင်္ဂလီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်မှာ အချောင်ရယူလိုတဲ့အသုံးအနူန်းမျိုး စွတ်စွဲတယ် ပြစ်တင်တယ်ဆိုတာ အထောက်အထားရှိမှပဲ ဒီကာလမျိုးမှာ အင်မတန် သတိထားရတဲ့ကာလပါ။ အဲ့လို အထောက်အထား မရှိပဲနဲ့ သို့မဟုတ် အထောက်အထားရှိလို့ စွတ်စွဲတယ် ပြစ်တင်တယ်ဆိုရင်တော့ဖြင့် အထောက်အထားဆိုတာ ဘာလဲဆိုတာ ပွင့်လင်းမြင်သာတဲ့ အစိုးရလက်ထက်မှာ ချပြဖို့ လိုပါလိမ့်မယ်။

အဲ့တာမျိုးမဟုတ်ဘဲ ဝါးလုံးရှည်နဲ့ ရမ်းတာမျိုး ဆိုရင် သမ္မတကြီးကို ဝန်းရံနေတဲ့ အကြံပေးတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာလည်းပဲ ဒီဥစ္စာရဲ့ ရောင်ပြန်ဟာ သက်ရောက်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုရင် ခုနက ကျနော်တင်ပြခဲ့သလိုပါပဲ။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုတာကို တရားဝင်ပြည်တွင်းပြည်ပကို ကြေငြာပြီး ဖွဲ့စည်းထားပြီးပြီ။

အဲ့နေ့တစ်ရက်တည်းမှာ ဒီလိုသုံးသပ်ချက်တွေ ထွက်တယ်ဆိုတာမျိုးကတော့ ချိန်ဆတက်တဲ့သူ သမိုင်းရဲ့အမြင် သုံးသပ်နိုင်တဲ့ပုဂ္ဂိုလ်တွေ အနာဂတ်မှာ ဖြစ်လာနိုင်ခြေ ပြီးခဲ့တဲ့ကိစ္စအပေါ်မှာ လက်ရှိ ဘယ်လိုဖြစ်နေတယ် ဘယ်လိုဖြစ်ဦးမယ် ဘယ်လိုတည်ဆောက်ရင် ကောင်းမယ်ဆိုတဲ့ ကျနော်တို့ သုံးသပ်နေတဲ့ ကဏ္ဍအပေါ်မှာ တစုံတခုလွှမ်းမိုးခြင်း သို့မဟုတ် လွှမ်းမိုးစေလိုခြင်း ရှိခဲ့မယ်ဆိုရင် သို့မဟုတ် ရှိနေတယ်ဆိုရင် တည်ဆောက်ထားတဲ့ ကဏ္ဍတစ်ခုလုံးဟာပြိုကျသွားမှာပေါ့ဗျာ။”

လွှတ်တော်တွင်း ပေးပို့တဲ့ သဝဏ်လွှာထဲမှာတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပြီးမှ သမ္မတရုံးရဲ့ သုံးသပ်ချက် ထွက်လာတာကြောင့် ကော်မရှင်ရဲ့ လုပ်ငန်းတွေကို သမ္မတရုံးက လွှမ်းမိုးလိုစိတ်ရှိသလားဆိုတဲ့အချက်ကိုပါ သူတို့အနေနဲ့ သုံးသပ် တင်ပြမယ်လို့ ဆိုပါတယ်။

လွှတ်တော်ကို ပေးပို့တဲ့ သမ္မတရဲ့ သဝဏ်လွှာထဲမှာတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူအရေအတွက်ကို အရင်က ၇၇ ဦးလို့ ကြေငြာထားရာကနေ ၈၇ ဦးလို့ ပြင်ဆင် ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပြဿနာတရပ်အဖြစ် ပုံဖော်ရန် ကြိုးပမ်းလုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေနှင့် လက်ခံမည်မဟုတ်ပဲ အဲဒီလို လုပ်ရပ်တွေဟာ ပြဿနာအတွက် အဖြေရှာရေးကို အထောက်အကူမပြုပဲ ပိုမို ရှုပ်ထွေး ခက်ခဲစေသည်လို့ သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်ကို သြဂုတ်လ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG