သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးစောင့်ရှောက်မှုသာလုပ်ဖို့ MSF ကို ရခိုင်အစိုးရဝန်ကြီးချုပ် ပြော


နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဖွင့်ထားတဲ့ ရန်ကုန်ဆေးခန်းမှာ လာရောက်ကုသမှုခံယူနေကြတဲ့ မြန်မာပြည်သူများ။
နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဖွင့်ထားတဲ့ ရန်ကုန်ဆေးခန်းမှာ လာရောက်ကုသမှုခံယူနေကြတဲ့ မြန်မာပြည်သူများ။

MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့အနေနဲ့ ဒေသတွင်း ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကိုသာ အဓိကထား လုပ်ကိုင်ကြဖို့ ရခိုင်ပြည်နယ် အစိုးရက ပြောဆိုလိုက်ပါတယ်။ MSF ကို ရခိုင်ပြည်နယ်တွင်း လူသားချင်းကူညီမှုဆိုင်ရာ အကူအညီပေးရေး ပြန်လုပ်ခွင့် ပေးပြီးနောက်ပိုင်း MSF နဲ့ ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူတွေ ပထမဆုံးအကြိမ် ဆွေးနွေးကြချိန် အခုလိုပြောဆိုလိုက်တာပါ။ MSF ဟာ ကျန်းမာရေး စောင့်ရှောက် ကူညီပေးနေတဲ့ INGO အဖွဲ့သာဖြစ်တဲ့အတွက် နိုင်ငံရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာ မဟုတ်ဘူးလို့လည်း MSF သတင်းပြန်ကြား အရာရှိက ပြောပါတယ်။ သတင်းအသေးစိတ်ကို မဆုမွန် တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရခိုင်ပြည်နယ် အစိုးရနဲ့ မြန်မာနိုင်ငံ အခြေစိုက် MSF နယ်စည်းမခြားဆရာဝန်များအဖွဲ့တာဝန်ရှိသူတွေ ရခိုင်ပြည်နယ်အရေး လူသားချင်းစာနာမှုကူညီပေးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက MSF အနေနဲ့ ဒေသတွင်းပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကိုသာ အလေးအနက်ထား ဆောင်ရွက်စေလိုပြီး အခြားမသက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်ခြင်း မပြုဖို့ ပြောကြားခဲ့တယ်လို့ MSF သတင်းပြန်ကြား အရာရှိ Eddy McCall က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့မှာ အစည်းအဝေးတခုလုံးကို မှတ်တမ်းတင်ထားတာရှိပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ ကျနော် တို့ကို သတိပေးတာမျိုး သူမပြောပါဘူး။ တခြားကိစ္စတွေမပါဘဲ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေကိုပဲလုပ်ရမယ်လို့ ပြောပါတယ်။ နိုင်ငံရေး ကိစ္စရယ်လို့ သူမပြောပါဘူး။ ကျနော်တို့ဟာ နိုင်ငံရေး အဖွဲ့အစည်းမဟုတ်ပါဘူး၊ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းပါ။”

ရခိုင်ပြည်နယ်တွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ လာရောက်လုပ်ကိုင်ကြတဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့တွေနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း INGO တွေအနေနဲ့ ဒေသတွင်းက မတူကွဲပြားတဲ့ လူအုပ်စုတွေကြား ယုံမှားသံသယကင်းတဲ့ ဘက်မျှတတဲ့ ကူညီဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် အထွေထွေအတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

“MSF ကို ကျနော်တို့ပေးတာက ဆေးဖြန့်ဝေတဲ့အတိုင်းအတာမျိုး မပေးတော့ဘူး၊ ကျနော်တို့သိတာပေါ့ဗျာ။ အဓိက-ကတော့ဗျာ၊ အဲဒီမှာ လူအုပ်စုနှစ်ဘက်ရှိတော့ နှစ်ဘက်လုံးရဲ့သံသယတွေ ကင်းတဲ့နည်းကို ရွေးချယ်လုပ်ဖို့ လိုတယ်ဗျ။ အဲဒီမှာ INGO တွေလည်းပဲ လုပ်နေတာ ရှိပါတယ်။ တချို့ လုပ်တတ်တဲ့ INGO တွေ၊ Understanding တည်ဆောက်တတ်တဲ့ INGO တွေကျတော့လည်း ချောချောမောမော လုပ်ကိုင် ဆောင်ရွက်လို့ရတာကို ကျနော်တို့ တွေ့တယ်။ အဲဒီတော့ လုပ်တဲ့အဖွဲ့တွေ အနေနဲ့ကတော့ INGO တွေအနေနဲ့ကတော့ နှစ်ဘက် ပြည်သူလူထုရဲ့ နားလည်မှုကို ရအောင်ယူပြီးတော့ လုပ်သင့်တယ်လို့ ကျနော်ကတော့ ဒီလိုမြင်ပါတယ်။”

MSF အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ရခိုင်ပြည်နယ်တွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လာရောက် လုပ်ကိုင်ဖို့ဆိုရင် ဒေသခံတွေရဲ့ယုံကြည်မှုကို တည်ဆောက်ဖို့ အရေးတကြီးလိုပြီး ဒေသဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ပတ်သက်လို့ စနစ်တကျလေ့လာထားလို့လိုတယ်လို့လည်း ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်ကပြောပါတယ်။

“လာရောက်လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေကတော့ - အဓိက ဒီမှာ ဘာလိုလဲဆိုတော့ နှစ်ဘက် အဖွဲ့အစည်းတွေ၊ ရခိုင်နဲ့ ဘင်္ဂလီတွေကြားမှာ ပြဿနာဖြစ်တဲ့အတွက်ကြောင့် ရောက်လာတဲ့လူတွေ များတယ်။ အဲဒီတော့ ရခိုင်နဲ့ ဘင်္ဂလီတွေ ပြဿနာဖြစ်တဲ့နေရာမှာ လူ့အဖွဲ့အစည်းရဲ့ နောက်ခံအခြေအနေလည်း နည်းနည်းလေး သိထားအောင် လေ့လာဖို့လိုတယ်။ အဲလို သိထားအောင်လေ့လာပြီး လုပ်တဲ့အခါမှ နားလည်မှုလွဲတာတွေ မရှိနိုင်ဘူးပေါ့လေ။ နောက်တခု - အဓိက အလေးထား လိုက်နာရမှာကတော့ ဒီနိုင်ငံမှာ လာလုပ်တယ်ဆိုလို့ရှိရင် ဒီနိုင်ငံရဲ့တည်ဆဲ ဥပဒေတွေကို ဂရုစိုက်ရမယ်။ နောက်တခါ အုပ်ချုပ်တဲ့အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို ရယူပြီးတော့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လုပ်ဖို့လိုတယ်။ ရခိုင်လူ့အဖွဲ့အစည်းနဲ့ ဘင်္ဂလီ လူ့အဖွဲ့အစည်းဆိုတာက နားလည်မှုလွဲတာတွေ ရှိတတ်တယ်လေ။ အဲဒါကြောင့် ပိုပြီးတော့ ဂရုစိုက်ဖို့ လိုတာပေါ့။”

အခုလို MSF နဲ့ ရခိုင်ပြည်နယ်အစိုးရကြား ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် MSF အနေနဲ့လည်း ဒေသခံပြည်သူတွေနဲ့ ယုံကြည်မှုရအောင် ပိုပြီးမှ နီးစပ်တဲ့ထိတွေ့ဆက်ဆံမှုတွေကို ဆောင်ရွက်သွားဖို့ရှိသလို လုပ်ငန်းတွေလောလောဆယ်မှာတော့ လုပ်ငန်းတွေ မစတင်ရသေးဘူး MSF သတင်းပြန်ကြားအရာရှိ Eddy က ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း မတူကွဲပြားတဲ့ လူအုပ်စုကြား ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှုတွေဖြစ်ခဲ့လို့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီး လူသေဆုံးခဲ့တဲ့အထိဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ လာရောက် အကူအညီပေးနေတဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ ရှိနေတာပါ။

အဲ့ဒီ့အထဲကမှာ MSF အဖွဲ့ကို ဒေသခံပြည်သူအချို့က နားလည်မှုလွဲပြီး တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ဖေဖော်ဝါရီလကစလို့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို ရပ်နားခဲ့ရတာဖြစ်ပါတယ်။ MSF အနေနဲ့ ရခိုင်ပြည်နယ်အတွင်း သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နိုင်ရေး အတွက် မြန်မာအစိုးရနဲ့ရော ရခိုင်ပြည်နယ် အစိုးရနဲ့ပါ ဆွေးနွေးပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ MSF အဖွဲ့ကို ရခိုင်ပြည်နယ်အတွင်း လုပ်ငန်း ပြန်လည် ဆောင်ရွက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG