သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး HRW အမြင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်ပယ်ချ


ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ HRW ကနေ ထုတ်ပြန်တဲ့ "ဆုတောင်းရုံက လွဲပြီး ဘာမှ မလုပ်နိုင်ဘူး" ဆိုတဲ့ အစီရင်ခံစာကို လက်မခံဘူးလို့ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ပြောလိုက်ပါ တယ်။ နိုင်ငံတော် စီးပွားရေးနဲ့ လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာ ရင်ရင်နွယ်ဟာ တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ ဌာနေ ကိုယ်စားလှယ်အဖြစ်နဲ့လည်း ၂၁ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီးတော့ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်အဖြစ် သက်ဆိုင်ရာ ဒေသေတွေ ဆီကို ကွင်းဆင်းလေ့လာပြီးတော့ အစီရင်ခံစာ ပြုစုရာမှာ ပါဝင်ခဲ့ပါတယ်။ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဒေါက်တာ ရင်ရင်နွယ်ကို ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းချိန်အတွင်း HRW အဖွဲ့ရဲ့ အစီရင်ခံစာအပေါ် သူ့ရဲ့သဘောထားကို မေးမြန်းတာမှာတော့ ဒေါက်တာ ရင်ရင်နွယ်က အခုလို စပြီး ဖြေပါတယ်။

ဖြေ။ ။ ကျမအနေနဲ့ ပြောမယ်ဆို- သူတို့ပြောတာကို ကျမ ငြင်းပယ်ပါတယ်။ Human Rights Watch ကလည်း အမြဲ တရားမျှမျှတတ မရှိပါဘူး။ ကျမ နိုင်ငံအလိုက်တော့ မပြောချင်ဘူးပေါ့။ ဒါပေမဲ့ တချို့နိုင်ငံတွေဟာ လူ့အခွင့်အရေး ချိုးဖောက်တဲ့နိုင်ငံတွေ အများကြီး ရှိတယ်။ သူတို့ အဲဒီနိုင်ငံတွေကို လက်ညှိုးမထိုးဘူး။ တချို့နိုင်ငံတွေ၊ တချို့အစိုးရတွေကိုပဲ လက်ညှိုးထိုးတယ်။ ကျမတို့အနေနဲ့လည်း Human Rights Watch က UN အဖွဲ့ အစည်းလည်း မဟုတ်ဘူး၊ UN အဖွဲ့အစည်း ဖြစ်တာတောင်မှ ကျမတို့ နိုင်ငံက အင်္ဂလိပ်လို ခေါ်တဲ့ Sovereignty ဆိုတာ ရှိတယ်။ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်-ရှိတယ်လေ။ အဲဒီတော့ ဂရုစိုက်စရာ မလိုပါဘူး။ ဒါပေမဲ့ မှားနေတယ်။

အရင်တုန်းက UN ပေါ့လေ။ ကျမတို့ ပြောလွန်းလို့ UN က အဲဒီလို မလုပ်တော့ဘူး။ ကင်တားနားတို့ ဘာတို့ဆိုလို့ရှိရင် သူတို့က တဘက်ကိုပဲ အင်တာဗျူးလုပ်တယ်။ ရခိုင်ဘက်ကို ဘယ်တော့မှ သွားပြီး မတွေ့ဘူး။ ရခိုင်ဘက်က ဖိနှိပ်နေတယ်ဆိုပြီး -

ရခိုင်နဲ့ ဒီမှာရှိတဲ့ အစိုးရနဲ့ အတူတူ ဒွန်တွဲပြီး ရောပြောတယ်။ ဘင်္ဂါလီဘက်ကိုပဲ အင်တာဗျူးလုပ်တော့ ဟိုမှာ ငိုလိုက်- ဘာလိုက် ဆိုတော့ သနားတာပေါ့လေ။ ဒါကတော့ လူပဲ။

..ဆိုတော့- တဖက်ကိုပဲ အင်တာဗျူးလုပ်ထားတဲ့ လူတွေရဲ့ Report ကို ကျမ လုံးဝ ငြင်းပယ်ပါတယ်။ လုံးဝ အလေးမထားပါဘူး။ Human Rights Watch တင် မကဘူး။ တော်တော်များများ အဖွဲ့အစည်းတွေက တဘက်တည်းကို BBC ကအစ တဘက်တည်းကိုပဲ အင်တာဗျူးလုပ်ပါတယ်။

ရခိုင်ရဲ့ ဗျူးပွိုင့်ကို မမေးဘူး။ ရခိုင်လူမျိုးကလည်း တော်တော် ခံစားခဲ့ရတယ်။ ရာစုလိုက်ကို ခံစားခဲ့ရတယ်ဆိုတာကို သူတို့ သဘောမပေါက်ဘူး။

မေး။ ။ အခု အစီရင်ခံစာတော့ ပြီးသွားပါပြီ။ တော်တော်ကြာကြာလည်း ရက်ရွှေ့လိုက်ရတာ ရှိပါတယ်။ ထွက်လာပြီး နောက်တဆင့် ကျနော်တို့ ဘာမျှော်လင့်လို့ ရပါမလဲ။

ဖြေ။ ။ နောက်တဆင့်ကတော့ ကော်မရှင် အစီရင်ခံစာထဲမှာ အကြံပြုချက်တွေ ပေးထားပါတယ်။ တချို့တွေကလည်း တာတို၊ တချို့တွေက တာရှည် ပေးထားတယ်။ အဲဒါကို ထင်ထင်ရှားရှား လုပ်သွားရမယ့် အပိုင်းပေါ့။ အဲဒါကတော့ ကျမတို့နဲ့ မသက်ဆိုင်တော့ဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်သွားရမှာပါ။ အဲဒီတော့ ရှေ့လျှောက် အရင်ဆုံးကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု ထပ်မရှိအောင် နောက်တစ်ခုက ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ လူတွေရဲ့ စား ဝတ် နေရေးတို့ အဲဒါတွေ အဆင်ပြေအောင် အရင်ဆုံး လုပ်ပေးရမယ်။ နောက်ပြီး ဒိထက်မက တာလတ်၊ တာရှည် အကြံဉာဏ် ပြုချက်တွေ ရှိတယ်။

ဒါပေမဲ့ တချိန်တည်းမှာပဲ အဆိုးဆုံး ဖြစ်ရပ်မှာကတော့ ဒီလို ပြဿနာ ဆက်မကြီးစေချင်ရင်တော့ အိမ်နီးချင်းနိုင်ငံက ထပ်မဝင်အောင် လုံခြုံရေးတွေ လုပ်ရမယ်။ နှစ်အချက်က ရှိပြီးသားလူတွေကို နိုင်ငံသား စိစစ်ရမယ်။ နိုင်ငံသား မဟုတ်ရင်လည်း မဟုတ်သလို စီမံရမယ်။ ဟုတ်တယ်ဆိုလို့ရှိရင်လည်း နိုင်ငံသားတွေ၊ တခြားနိုင်ငံသားတွေ မည်သည့်ဘာသာဝင်မဆို ခံစားတဲ့အခွင့်အရေး သူတို့ကို အပြည့်ပေးရမှာပေါ့။ အဲဒီတော့ အဲဒါကို ပြတ်ပြတ်သားသား လုပ်ဖို့လိုတယ်။

နောက်ဆုံးတစ်ချက် - ပြတ်ပြတ်သားသား ပြောချင်တာက တိုင်းရင်းသားက မတူပါဘူး။ ကျမ ပြောချင်တာ ဗမာတစ်ပြည်လုံးမှာရှိတဲ့ လူတွေကိုလည်း ပြောချင်တယ်။ အယူလွဲမှားတဲ့ တချို့တွေ ရှိချင်ရှိမယ်။ သူတို့ကို တိုင်းရင်းသားဖြစ်အောင် လုပ်ပေးသင့်တယ်ဆိုတာ။ အဲဒါတော့ ဘယ်နည်းနဲ့မဆို ပြည်သူလူထုနဲ့ နိုင်ငံတော်ရဲ့ဥပဒေအရတော့ မဖြစ်နိုင်ပါဘူး။
အဲဒီကိစ္စကိုပဲ ငြင်းနေရင်တော့ မပီးတော့ဘူး။

.. ဆိုတော့ ဘင်္ဂါလီ လူမျိုးသည် တိုင်းရင်းသားမဟုတ်၊ သူတို့ကိုယ်သူတို့ခေါ်တဲ့ ရိုဟင်ဂျာ ကလည်း ်နိုင်ငံက အသိအမှတ်ပြုထားတဲ့ ်နာမည်မဟုတ်ဘူး။ အဲဒီတော့ နိုင်ငံသား ဖြစ်ချင်ရင်တော့ ထုံးစံ ရှိပါတယ်။ နိုင်ငံတစ်ခုရဲ့ အသိအမှတ်ပြုထားတဲ့ နိုင်ငံသုံးရပါတယ်။ စကားသုံးရပါတယ်။ နိုင်ငံက အသိအမှတ်ပြုထားတဲ့ အခေါ်အဝေါ် သုံးရပါတယ်။ ဒီလိုပါပဲ၊ ဒါကတော့ သမားရိုးကျပါပဲ။
XS
SM
MD
LG