သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြဿနာ အခြေခံကိုဖြေရှင်းဖို့ ကင်တားနားတိုက်တွန်း


ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်များ
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်များ
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်လူအုပ်စုတွေကြား အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မိကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း VOA သတင်းထောက် မာဂရက်ဗားရှေး ကုလသမဂ္ဂကနေ သတင်းပေးပို့ထားတာကို မအေးသန္တာကျော်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

ကာလရှည်ကြာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ပြဿနာတွေ ကို ဖြေရှင်းဖို့ ကိစ္စ ဟာ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်နေပါတယ်လို့ လူ့ အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေးကင်တာနားက သတင်းထောက်တွေ ကို ပြောကြား သွားတာပါ။ ရခိုင်ပြည်နယ်မှာ လူတွေ အတော်များများသေဆုံးပြီးတော့ အိမ်ခြေတထောင်ကျော် မီးရှို့ခံခဲ့ရတာကို ကြည့်မယ်ဆိုရင် အခြေခံ အကြောင်းရင်းတွေကို ဖြေရှင်းဖို့ လိုအပ်နေတယ် ဆိုတာ ပြသလိုက်တာပဲဖြစ်တယ်လို့ဆိုပါတယ်။

“ဗုဒ္ဓဘာသာနဲ့ မူဆလင်အဖွဲ့အစည်းတွေကြား ဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ ပဋိပက္ခတွေအတွက် အရိုးစွဲနေတဲ့ ဘာသာရေး၊ လူမျိုးရေးခွဲခြားမှုတွေ မုန်းတီးမှုတွေ အပါအဝင် အခြေခံ အကြောင်းအရင်းတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းရမယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒီနေရာမှာ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံတာကို ပြုပြင်ပြီး သူတို့ရဲ့ လူ့အခွင့်အရေးကို လေးစားဖို့ အစိုးရကို ကျနော်တိုက်တွန်းပါတယ်။ ဒီထဲမှာ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်ပြင်ဖို့ကိစ္စလည်း ပါဝင်ပါတယ်။”

နိုင်ငံသားဖြစ်ဖို့အတွက် လိုအပ်တဲ့အရည်အချင်းတွေ၊ အသေးစိတ်ပါဝင်တဲ့ အဲ့ဒီ့ဥပဒေမှာ ရိုဟင်ဂျာ မူဆလင်တွေကို ခွဲခြားချိုးနှိမ်ထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုနေကြတာပါ။ သူတို့ဟာ မြန်မာနိုင်ငံမှာ မျိုးဆက်နဲ့ချီပြီး နေထိုင်လာခဲ့ပေမယ့် နိုင်ငံသားဖြစ်ခွင့်မရရှိဘဲ၊ ဗုဒ္ဓဘာသာအများစုက သူတို့ကို ဘင်္ဂလားဒေ့ရှ်က ဥပဒေမဲ့ ဝင်ရောက်လာသူတွေလို့ မှတ်ယူထားကြပါတယ်။

လူဦးရေ ၈သိန်းလောက်ရှိတဲ့ ရိုဟင်ဂျာတွေဟာ ခရီးသွားလာခွင့်၊ ပညာရေး၊ အလုပ်အကိုင်ရရှိရေး တို့မှာ ဟန့်တားခံနေရတယ်လို့လည်း မစ္စတာ ကင်တာနားက ဆိုပါတယ်။ လက်ထပ်ထိမ်းမြားဖို့ကိစ္စ ကိုတောင်မှ ခွင့်ပြုချက်တောင်းခံနေရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အစိုးရထဲမှာ ဒီပြဿနာကို ဖြေရှင်းဆောင်ရွက်လိုသူတွေရှိနေတယ်လို့ အခုလိုမျိုးပြောကြားသွားပါတယ်။

“မြန်မာပြည်ကို ပြီးခဲ့တဲ့ သြဂုတ်စ်လက ကျနော်ရောက်ခဲ့ပါတယ်။ အာဏာပိုင်တချို့ဟာ ဒီကိစ္စကိုအဖြေရှာဖို့ အဆင်သင့်ဖြစ်နေတာ၊ ရခိုင်ပြည်နယ်က လူ့အဖွဲ့တွေကို အထောက်အပံ့တွေ ရောက်စေဖို့ ရိုးသားစွာ အားထုတ်နေတာကို တွေ့ခဲ့ရပါတယ်။ အခုအခါမှာ သူတို့ဟာ စစ်မှန်တဲ့အဖြေကို ရှာဖွေဖြေရှင်းဖို့ မှန်ကန်တဲ့ဆုံးဖြတ်ချက် မချမှတ်ရသေးတာ ကို တွေ့နေရပါတယ်။”

အခုဒုက္ခသည်စခန်းမှာ နေနေကြရတဲ့အခြေအနေကိုလည်း မစ္စတာကင်တာနားက စိုးရိမ်မကင်းကြောင်း နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို သွားရောက်ခွင့်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
XS
SM
MD
LG