သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် လုံခြုံရေး တိုးမြှင့်ချထား


A Myanmar policeman and soldier provide security
A Myanmar policeman and soldier provide security
အခြေအနေတွေ ပြန်လည် တည်ငြိမ်လာပြီ ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးအတွက် တိုးမြှင့် တာဝန်ပေးထားသလို လုံခြုံရေးကို အဆင့်မြှင့်ပြီး ဆောင်ရွက်နေတယ်လို့ သမ္မတရုံးက ပြောပါတယ်။ ရခိုင်ပြည်နယ် တချို့မြို့နယ်တွေမှာတော့ ရဲတွေ စစ်တပ်တွေကို ထင်သာ မြင်သာ တွေ့ရပေမဲ့ ဒေသခံတွေက ကိုယ့်ရပ်ရွာ လုံခြုံရေးအတွက် ကိုယ်တိုင်စောင့်ကြပ်ဖို့လိုတယ်လို့ မြင်နေကြဆဲဖြစ် ပါတယ်။ တချိန်ထဲမှာပဲ ဒုက္ခရောက်နေကြသူ သောင်းချီအတွက် ကူညီကယ်ဆယ်ရေးကို အစိုးရက နိုင်ငံတကာနဲ့ ပေါင်းပြီး ဆောင်ရွက်ပေးနေတယ်လို့ သမ္မတရုံးတာဝန်ရှိသူတယောက်က ပြောပါတယ်၊ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေအရ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးရှိဖို့ လုံခြုံရေးကို တိုးမြှင့် အင်အားတိုးဖို့အတွက် သမ္မတဦးသိန်းစိန်က ညွှန်ကြားထားတဲ့အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက VOA ကို ပြောပါတယ်။

“ကျနော်တို့ လုံခြုံရေးအင်အားတိုးထားတယ်။ ပြီးတော့ အဆင့်မြင့်ထားတယ်။ ဒါကျနော်တို့ သမ္မတကြီး ညွန်ကြားချက် ထုတ်ထားတယ်။ အဲ့ဒီ့အပြင် ကျနော်တို့ နောက်ဆုံး သမ္မတရုံးက နေပြီးတော့ သတင်းထုတ်ပြန်ချက် ထုတ်ထားပါတယ်။ သက်ဆိုင်ရာဝန်ကြီးတွေ၊ သက်ဆိုင်ရာ လုံခြုံရေးခေါင်းဆောင်တွေကိုလည်း အသေးစိတ် မှာကြားပြီးဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်မှာ အရင်ထဲက လုံလောက်တဲ့ ရဲနဲ့ စစ်တပ်အင်အားရှိထားပြီးသားဖြစ်ပေမဲ့ လုံခြုံရေး အတွက် တာဝန်ပေးမှု အပိုင်းကို တိုးမြှင့်လိုက်တာ ဖြစ်တဲ့အကြောင်းကိုလဲ ခုလို ရှင်းပြပါတယ်။

“လုံခြုံရေးက လုံလောက်တဲ့ တပ်အင်အားရှိပြီးသား၊ သို့သော် တပ်အပိုင်း၊ ရဲအပိုင်း၊ကျနော်တို့ ဘီလူးစည်း၊ လူ့စည်းခွဲပြီး ဆောင်ရွက်ရတဲ့အခါမှာ၊ အဲ့ဒီ့ဖြစ်လာတဲ့နေရာတွေမှာ လုံခြုံရေးအင်အားနည်းတဲ့အတွက်။ အဲ့တော့ လုံခြုံရေးအင်အားက မနည်းဘူး။ သို့သော်လည်း တာဝန်ယူမှုအပိုင်းမှာတော့ ရဲက ရဲအပိုင်း၊ တပ်က တပ်အပိုင်း ယူရတာမျိုးတွေရှိပါတယ်။ အခုက တပ်ဝင်တယ်။ ရှင်းရှင်းပြောရရင် တပ်မတော်က လုံခြုံရေးကို ဝင်ထိန်းတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးတွဲပြီးတော့ မူလက ပဋိက္ခတွေဖြစ်လာစက တပ်နဲ့ရဲနဲ့ ဒီလိုမျိုးထိန်းတယ်။ ပဋိပက္ခတွေ ပြီးသွားတဲ့အခါမှာ သာမာန်အားဖြင့် နယ်မြေလုံခြုံရေး၊ ပြည်တွင်းလုံခြုံရေး၊ကို ရဲတပ်ဖွဲ့က တာဝန်ယူလေ့ရှိပါတယ်။ ဒါကလည်း ဗဟိုတရားဥပဒေအရ၊ နိုင်ငံတကာမှာလည်း ဒီအတိုင်းပဲ ရဲကယူတယ်။ ပြီးတော့ ရဲဝင်ယူတဲ့အချိန်မှာ ဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးကို ရဲက တာဝန်ယူတယ်။ နယ်မြေလုံခြုံရေးကို လိုက်ဆောင်ရွက်တယ်။ အဲ့တော့ တပ်မတော်ရဲ့တာဝန်သည် ပဋိပက္ခဖြစ်လာတဲ့အခါ ရဲက ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ ပဋိပက္ခတွေ ဖြစ်လာတဲ့အချိန်မှာ တပ်က ဝင်ယူတယ်။ အဲ့လို သဘောပါ။ ”

ပဋိပက္ခဖြစ်နိုင်တဲ့နေရာတွေကို အထူးအလေးထားပြီး လုံခြုံရေးဆောင်ရွက်နေတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှုးက ပြောပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ အပါအဝင် ပြဿနာဖြစ်ခဲ့ တဲ့ ဒေသတချို့ဖက်မှာ ရဲနဲ့ စစ်တပ် လုံခြုံရေးကို အရင်ကထက်ပိုပြီး ထင်သာ မြင်သာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ ကျောက်ဖြူမြို့နယ်ဖက်ကို သွားရောက် အထောက်အပံ့ပေးခဲ့တဲ့ ဝံလက် ပရဟိတအဖွဲ့က ကိုကျော်ဇောဦးကတော့ ပဋိပက္ခတွေဖြစ်ထားတဲ့ ရွာတွေဖက်က ဒေသခံတွေအနေနဲ့ သူတို့လုံခြုံရေးအတွက် သူတို့ကိုယ်တိုင် စောင့်ကြပ်ဖို့ လိုအပ်တယ်လို့ မြင်နေကြဆဲလို့ ပြောပြပါတယ်။

“အရင်က ဘယ်လောက်ရှိမယ်။ အခု ဘယ်လောက်တိုးလာမယ်ဆိုတာတော့ မသိဘူး။ အခုကျနော်စီးလာတဲ့ သင်္ဘောပေါ်မှာဆိုလည်း အဲ့ဒီ့တပ်ရင်းမှူးတယောက်ရယ်၊ စစ်သားတွေရယ်၊ ပါလာတယ်။ အဲ့တာ ကျနော်တွေ့တယ်။ မနေ့ကအထိ ကျနော်မြို့ထဲမှာ ကျောက်ဖြူမြို့ပေါ်မှာ စစ်သားတွေတွေ့တယ်။ ဒါပေမယ့် ညဆယ်နာရီမှာ လမ်းဆုံတိုင်း၊ လမ်းဆုံတိုင်းမှာပေါ့နော်။ လူတွေက ကင်းစောင့်နေကြတယ်။ နောက်တခုက ကျနော် ကျောက်ဖြူကို မနေ့ကည ထားဝယ်ချောင်း ဆိုတဲ့နေရာကနေ ကျောက်ဖြူမြို့နယ် ကျွန်းတကျွန်းကနေ ကျနော် စက်လှေနဲ့ပြန်လာတယ်။ ခုနှစ်နာရီခွဲကျော်လောက်မှာ ကျောက်ဖြူဘက်ကနေ ဖြတ်လာတော့ အဲ့ဒီ့တင်ဖြူမော်တို့၊ ကုလားပိုက်စစ်တို့ အနီးက လူတွေက သူတို့မအိပ်ကြဘူးဗျ။ သူတို့က ဓာတ်မီးနဲ့လှမ်းထိုးနေကြတယ်။ အဲ့တာ အရပ်သားတွေပါပဲ။ ကျနော်တို့လှမ်းမေးတော့ ဒီအတိုင်းပဲ နေ့တိုင်း ကင်းစောင့်နေရတယ်ပေါ့နော်။ လာပြီးတိုက်ခိုက်မှာစိုးတဲ့အတွက်။ တပ်ကတော့ အစီအစဉ်ချထားတာရှိပါလိမ့်မယ်။ ဒါပေမယ့်လူတွေက စိုးရိမ်မှုရှိနေတုန်းပါပဲ။ ကိုယ်ကိုတိုင်ပဲ ကင်းစောင့်နေရတယ်။”

အောက်တိုဘာလ ၂၁ ရက်နေ့ညပိုင်းကနေ ၅ ရက်လောက်ဆက်ပြီး ရခိုင်ပြည်နယ်ထဲက မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်ထဲက ရွာတွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေ တဖက်နဲ့ တဖက် အကြမ်းဖက် မီးရှို့ တိုက်ခိုက်မှုတွေကြောင့် ၆၀ ထက် မနည်းသေဆုံးပြီး ထောင်ချီ ဒုက္ခရောက်နေကြပါတယ်။

ဒုက္ခရောက်နေသူတွေကို အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အကူအညီပေးနေတဲ့အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက ခုလို ပြောပြပါတယ်။

“အခုပြီးခဲ့တဲ့ ဖြစ်စဉ်မှာ ဖြစ်ခဲ့တဲ့ဒုက္ခသည်တွေရော၊ အခုဖြစ်စဉ်မှာဖြစ်ခဲ့တဲ့ ဒုက္ခသည်တွေရော၊ အကုန်လုံးကို ကုလသမဂ္ဂ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပေါင်းပြီးတော့ စားနပ်ရိက္ခာလိုအပ်ချက်တွေကအစ အကုန်လုံး တောက်လျောက် လုပ်ပေးနေပါတယ်။ အဲ့မှာလည်း ကျနော်တို့ အရင် ကာကွယ်ရေးဝန်ကြီး လုပ်သွားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ နယ်စပ်ရေးရာဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ နောက် ရခိုင်ပြည်နယ် အစိုးရ အကုန်လုံး ကျနော်တို့ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ နောက် နိုင်ငံတကာနဲ့
ချိတ်ဆက်ပြီး ထောက်ပံ့မှုတွေ တောက်လျောက်လုပ်နေပါတယ်။”

လူမျိုးဘာသာမရွေးအတွက် လူသားချင်းစာနာမှုအရ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ပေးတဲ့ အကူအညီတွေကို လက်ခံမယ်လို့ အစိုးရက သဘောထားရှိထားတဲ့အတိုင်း ပြီးခဲ့တဲ့ သီတင်းပါတ်ကုန်ပိုင်းက တူရကီနိုင်ငံက လေယဉ် ၂ စီးနဲ့ ပေးပို့လာတဲ့ ထောက်ပံ့ရေးပစ္စည်း အကူအညီတွေကို လက်ခံယူခဲ့တယ်လို့လဲ သူကပြောပြပါတယ်။

ရခိုင်ပြည်နယ်အခြေအနေတွေကို လေ့လာဖို့အတွက် ရခိုင်ပြည်နယ်ကို ရောက်နေကြတဲ့ ကာကွယ်ရေးဦးစီးချုပ်( ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး လှမင်းနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးတို့ဟာ တာဝန်ရှိသူတွေနဲ့ ဒီကနေ့မှာ ပေါက်တောမြို့နယ်ကို သွားရောက်ကြည့်ရှု့ခဲ့ကြပါတယ်။
XS
SM
MD
LG