သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် လုံခြုံရေးတိုးမြှင့်


အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် ရခိုင်ပြည်နယ်မှာ လုံခြုံရေး တင်းကျပ်ထားပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုးချထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

ရှေးဟောင်းစေတီပုထိုး အဆောက်အဦးတွေရှိရာ မြောက်ဦးမြို့မှာတော့ စစ်တပ်က အဓိက လုံခြုံရေး ယူထားတယ်လို့ ဆိုပေမဲ့ ဘူးသီးတောင်မြို့မှာတော့ လုံခြုံရေး အင်အားက အနည်းငယ်သာ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေနဲ့ ဆက်စပ်ပြီး ပြည်ပအကြမ်းဖက် အဖွဲ့အစည်းတွေက အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တာနဲ့ အိန္ဒိယနိုင်ငံက ဗုဒ္ဓဂါယာမှာ ဗုံးခွဲတိုက်ခိုက်တာတွေ ဖြစ်ပေါ်ခဲ့တဲ့နောက်မှာ အခုလို လုံခြုံရေး တင်းကျပ်လာတာ ဖြစ်ပါတယ်။

လောလောဆယ် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး တိုးမြှင့်လာရတဲ့ အခြေအနေကိုတော့ ရခိုင်ပြည်နယ် အစိုးရရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက အခုလို ပြောပါတယ်။

“လုံခြုံရေးတွေ နည်းနည်းတိုးချတယ်။ သတင်းတွေ ရထားတာလေးတွေ ရှိလို့ပေါ့လေ။ မောင်းတောပဲ အဓိကအားဖြင့် သတင်းရတာဖြစ်ပါတယ်။ သတင်းကတော့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဖို့အတွက် လူ ၄၊ ၅ ယောက်လောက် ဝင်တယ်လို့ သတင်းရတာပေါ့လေ။ အဲ့လိုသတင်းတွေ ပြင်မှာလည်း ဖြစ်ပေါ်ပါတယ်။ ပြင်မှာလည်း ဖြစ်ပေါ်တော့ လုံခြုံရေးအနေနဲ့ကတော့ကာ နည်းနည်း ပိုပြီးတော့ ဂရုစိုက်ပေးရတာပေါ့လေ။ ကျနော်တို့ အစိုးရအဖွဲ့ရုံးကတော့ ဒီမြောက်ပိုင်းက ရုံးတွေ၊ တံတားတွေ၊ နောက် ဘာသာရေး အဆောက်အဦးတွေ၊ သတိထားဖို့ ဆိုပြီးတော့ ဒါတော့ ကျနော်တို့ နှိုးဆော်ထားတာပေါ့လေ။”

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦးမြို့က လုံခြုံရေးအခြေအနေကိုတော့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

“အဲ့ဒီမြောက်ဦးမြို့ပေါ်မှာ အထင်ကရ ဘုရားတွေပေါ့၊ နောက်ပြီးတော့ အထင်ကရ ဘုန်းတော်ကြီးကျောင်းတွေမှာ တပ်မတော် လုံခြုံရေးကတော့ အပြည့် ချထားတယ်ခင်ဗျ။ ပြီးတော့ မြို့ကို ဝင်လာတဲ့ တံတား၊ အဲ့ဒီတံတားကြီးမှာလည်း ကျနော်တို့ လုံခြုံရေး တပ်မတော်လုံခြုံရေးတွေကို အပြည့်ချထားတယ်ခင်ဗျ။ အဲ့ဒါတော့ သိတယ်ဗျ။ ကျနော်။ လုံခြုံရေးအခြေအနေကတော့ လုံလောက်မှု ရှိပါတယ်ခင်ဗျ။ တမြို့လုံးကို အကုန်လုံး ပြင်ထားတာ တွေ့ရတယ်ဗျ လုံခြုံရေး။”

အဓိကကတော့ ရှေးဟောင်းအဆောက်အဦးတွေကို ဗုံးခွဲ တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဖြစ်တယ်လို့ မြောက်ဦးမြို့ခံက ဆက်ပြောပါတယ်။

“ကျနော်ကြားတာကတော့ ကျနော်တို့ ဒီ ယဉ်ကျေးမှုထွန်းကားတဲ့ ဒီမြောက်ဦးမှာ ရှေးဟောင်းဘုရားစေတီပုထိုး အမွေအနှစ်တွေကို တဘက်က ဘင်္ဂလာက ဝင်လာပြီးတော့ ဗုံးခွဲမယ်ဆိုတဲ့ အသံတွေတော့ ကျနော်တို့ ကြားတယ်ဗျ။ အဲ့ဒါကြောင့် ကျနော်တို့ လုံခြုံရေး အပြည့်ချထားရပါတယ် ဆိုတဲ့သတင်းကတော့ ကြားတယ်ဗျ အဲ့ဒါတော့။”

စစ်တွေမြို့မှာတော့ ရဲတပ်ဖွဲ့အင်အားကို အဓိကသုံးပြီး လုံခြုံရေး ချထားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောပါတယ်။

“ဒီမှာလည်း လုံခြုံရေးတွေ တော်တော်များများတော့ တိုးမြှင့်ထားပါတယ်။ နေရာတိုင်းလိုလိုပါ။ အဓိကကျတဲ့ ဈေးကြီးတို့၊ ဘုရားရင်ပြင်တို့၊ အဲ့ဒီနေရာတွေမှာတော့ အများကြီးတော့ လုံခြုံရေးတွေတော့ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ ကမ်းစပ်တွေမှာလည်း ရေကြောင်းရဲတွေ၊ လုံထိန်းတွေရော အဲ့လိုမျိုးတော့ ချထားပါတယ်။ အဓိကတော့ ဒီဘက်ကို al-Qaida နဲ့ အဆက်အသွယ်ရှိတဲ့ အကြမ်းဖက်အဖွဲ့တွေ ဒီဘက်ကို ဝင်နေတယ်ဆိုတဲ့ အဲ့လိုမျိုး သတင်းတွေ ထွက်နေတဲ့အတွက် ကြိုတင်ပြင်ဆင်အနေနဲ့ အဲ့လိုမျိုး ချထားတာလို့ အဲ့လိုမျိုး သုံးသပ်မိပါတယ်။”

ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒေသဘက် ဘူးသီးတောင်မြို့မှာ လုံခြုံရေး ချထားတဲ့ အခြေအနေကိုတော့ ဘူးသီးတောင်မြို့သား တယောက်က အခုလို ပြောပါတယ်။

“မြို့နယ် ထွေအုပ်ကတော့ ကျေးရွာတို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သတိပေးထားတာရှိပါတယ်။ တခြားနိုင်ငံက အကြမ်းဖက်အုပ်စုတွေ ဝင်နေတယ်။ အချိန်မရွေး ဖောက်ခွဲနိုင်တယ်။ ထောင်တို့၊ ဌာနဆိုင်ရာတို့လို၊ လူစုလူဝေး ရှိတဲ့နေရာတို့လို အဲ့လိုနေရာမျိုးမှာ အမြဲတမ်းပေါက်ကွဲနိုင်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သတိပေးထားပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် ကျနော်တို့ ပြည်သူတွေကို အသိပေးပါတယ်။ မြို့ပေါ်မှာ ရဲအင်အားကလည်း သိပ်မရှိဘူး။ ရဲအင်အားကလည်း နည်းတယ်။ ဖြစ်လာရင်တော့ လုံခြုံရေးတွေက အားနည်းပါတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ အခုလို လုံခြုံရေးကို တိုးမြှင့်ထားတဲ့တချိန်တည်းမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်က တခြား ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကိုလည်း လုံခြုံရေးသတိရှိဖို့နဲ့ နယ်စပ်ဒေသတွေမှာ လက်နက်ခဲယမ်းနဲ့ တပ်ဖွဲ့ဝင်အင်အားတွေကို အသင့်ပြင်ဆင်ထားဖို့ ညွှန်ကြားထားကြောင်း ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လအတွင်းကတော့ အိန္ဒိယနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့နောက်မှာတော့ ရန်ကုန်မြို့က ရွှေတိဂုံစေတီ၊ မန္တလေးြမို့က မဟာမြတ်မုနိဘုရားကြီးနဲ့ ပုဂံက စေတီပုထိုးတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပါတယ်။
XS
SM
MD
LG