သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေ ပဋိပက္ခအတွက် မသင်္ကာသူ ၁၂ ဦး ဖမ်းဆီး


ရခိုင်ပြည်နယ် စစ်တွေမြို့တွင်း လုံခြုံရေး။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်း လုံခြုံရေး။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၆ရက်နေ့နဲ့ ၂ရရက်မှာဖြစ်ခဲ့တဲ့ ကုလသမဂ္ဂနဲ့ အန်ဂျီအိုလို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေရဲ့ ရုံးတွေ တိုက်ခိုက်ခံရမူနဲ့ ပတ်သက်လို့ ဒေသခံ ၁၂ ဦးထက် မနည်းကို အာဏာပိုင်တွေ က ဖမ်းဆီးပြီး စစ်တွေထောင်ကြီးချုပ်ကို ပို့လိုက်ပြီဖြစ် ပါတယ်။ နိုင်ငံတကာက အကူအညီပေးရေးအဖွဲ့အစည်းတွေ စစ်တွေမြို့ကို ပြန်ရောက်မလာသေးပေမယ့် လည်း စစ်တွေမြို့ရဲ့ အခြေအနေဟာ တည်ငြိမ်အေးချမ်းနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

အစိုးရမဟုတ်တဲ့ Malteser လို့ခေါ်တဲ့ NGO အဖွဲ့အစည်းက နိုင်ငံခြားသူတဦး ကနေ သာသနာအလံကို ဖြုတ်ချမူနဲ့ပတ်သက်လို့ သာသနာအလံကို မဖွယ်မရာလုပ်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်အပြီးမှာ စစ်တွေမြို့မှာ Malteser International အဖွဲ့က ငှားရမ်းထားသည့်နေအိမ်ေတွေ၊ UN အဖွဲ့အစည်းများက နိုင်ငံခြားသားများငှားရမ်းနေထိုင်နေတဲ့ နေအိမ်တွေနဲ့ ပစ္စည်းသိုလှောင်တဲ့ ဂိုဒေါင်တွေ ဖျက်ဆီးခံခဲ့ရတာပါ။

ဒီ့အတွက် တိုက်ခိုက်ခံရမူတွေမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရသူ ၁၂ဦးထက် မနည်းကို အာဏာပိုင်တွေ ဖမ်းဆီးထားပြီးဖြစ်တယ်လို့ RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက စစ်တွေမြို့ကိုယ်စားပြု ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောပါတယ်။

"အခုလက်ရှိအထိတော့ ၁၂ယောက်ပေါ့။ ၁၂ယောက် ဖမ်းထားတာတော့ သိရပါတယ်။ ပါတီကဆိုလို့ အခုကတော့ အရင်တုန်းကတော့ ALD ပါတီဝင်တစ်ယောက် ပါတယ်လို့တော့ ကျနော်တို့ သိရတယ်။ အဲ့တာတော့ စစ်ဆေးနေတဲ့ အခြေအနေပဲ ရှိပါသေးတယ်။ အဲ့တာတော့ သိရသလောက်တော့ ထောင်ချုပ်မှာ ထည့်ထားတယ်လို့ပြောတယ်။ သူတို့ရဲ့ ထွက်ဆိုချက်တွေ၊ ပြီးတော့ ပတ်ဝန်းကျင်ရဲ့ သက်သေထွက်ဆိုချက်တွေ၊ အဲ့တာတွေကို လိုက်ပြီးရင်တော့ ဥပဒေကြောင်းအရ ဘယ်လိုမျိုး အရေးယူမှုတွေ ရှိလာမလဲ ဆိုတာ စောင့်ကြည့်ရဦးမယ်လို့ ထင်ပါတယ်။ အဲ့ ဘယ်လိုပြောမလဲ၊ အိမ်လုံး အရေအတွက်ကလည်း ငါးဆယ်ကျော်၊ ခြောက်ဆယ်နီးပါး အဲ့လိုမျိုး အဖျက်ဆီးခံကြရတာပါပဲ။ အိမ်ငါးဆယ်ကျော်ခြောက်ဆယ်နီးပါးဆိုတာ အများကြီး ဆုံးရှုံးမှုတွေရှိကြပါတယ်။ "

ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရနဲ့ပြောရေးဆိုခွင့်ရှိသူတွေကို
ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။ စစ်တွေမြို့မှာ လူစုလူဝေးတွေနဲ့ တိုက်ခိုက်ခံရမူတွေ အတွင်း မငြိမ်မသက်ဖြစ်မူတွေကြောင့် ရဲတွေက ခြောက်လှန့် ပစ်ခတ် လူစုခွဲရာမှာ အသက် ၁၁ နှစ် အရွယ် ကလေးမလေး တစ်ယောက် သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဒီ့အတွက် စစ်တွေမြို့မှာ ညမထွက်ရ အမိန့်ကိုထုတ်ပြန်ခဲ့တာပါ ။

ဒီ့နောက်မှာတော့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကနေ စစ်တွေမြို့မှာ အန်ဂျီအိုတွေ အကြမ်းဖက်ခံရမူတွေနဲ့ပတ်သက်လို ဝေဖန်ခဲ့ပါတယ် ။ အစိုးရဘက်က ပြန်ကြားရေးဒုဝန်ကြီးကတော့ စစ်တွေမြို့ရဲ့ထိလွယ်ရှလွယ် အခြေအနေပေါ်မှာ အန်ဂျီအိုတွေဘက်ကလည်း အားနည်းချက် ရှိသလို ပြည်နယ်အစိုးရဘက်ကလည်း ပဋိပက္ခတွေကြီးထွားမူဖြစ်လာရတဲ့အထိ ကိုင်တွယ်မူတွေအပေါ်မှာ အားနည်းချက်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ် ။

ဒီ့နောက်မှာတော့ စစ်တွေမြို့က အကြမ်းဖက်မူတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ်ကို ဖွဲ့စည်းခဲ့ပြီး မတ်လ ၃၀ရက်နေ့မှာတော့ စစ်တွေမြို့ကိုသွားရောက်ပြီး စစ်ဆေးမေးမြန်းမူတွေ လုပ်ခဲ့ကြောင်း မြန်မာ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်တွေမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူ း ဘန်ကီမွန်းနဲ့ သမ္မတဦးသိန်းစိန်တို့ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့ပြီးတဲ့နောက်မှာ တော့ ဧပြီလ ၂ရက်နေ့မှာ
စစ်တွေမြို့ တရားဥပဒေ စိုးမိုးမူတွေ ပြန်လည် ရရှိနေပြီ ဖြစ်ကြောင်း မြန်မာ အစိုးရဖက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ့ထုတ်ပြန်ချက်ထဲမှာ အချက် ၉ ချက် ပါဝင်ပြီး စစ်တွေမြို့ ပြန်လည် တည်ငြိမ်နေပြီဖြစ်ကြောင်း ၊ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာတဲ့ အဖွဲအစည်းတွေရဲ့ နေရာတွေကို လုံခြုံ ရေးအရ ကာကွယ်ပေးထားတဲ့
အကြောင်း ၊ စစ်တွေမြို့က ပြန်လည် ထွက်ခွါလိုတဲ့ အန်ဂျီအို ဝန်ထမ်းတွေကို ဘေးကင်းစွာ ထွက်ခွာနိုင်ရေး စီစဉ်ပေးခဲ့တဲ့အကြောင်းနဲ့ ဆက်လက်ပြိး နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ စာနာထောက်ထားရေး ဆိုင်ရာ ကူညီမူတွေကို ထိရောက်စွာ ထောက်ပံ့နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ အကြောင်း ၊ စစ်တွေမြို့မှာ ဖြစ်ပျက်ခဲ့မူတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီး သမ္မတထံ အစီရင်ခံစာ တင်ပြပေးဖို့ လုပ်ဆောင်ထားကြောင်း စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။
XS
SM
MD
LG