သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေအကြမ်းဖက်မှု ကလေးငယ်တစ်ဦး သေဆုံး


ရခိုင်ပြည်နယ် စစ်တွေ လုံခြုံရေး တင်းကျပ်ထား။
ရခိုင်ပြည်နယ် စစ်တွေ လုံခြုံရေး တင်းကျပ်ထား။
ရခိုင်ပြည်နယ် စစ်တွေ မြို့ပေါ်မှာရှိတဲ့ နိုင်ငံတကာက NGO တွေ ကို ဒေသခံတွေက ဖျက်ဆီးမှုတွေ လုပ်ခဲ့ပေမဲ့လည်း ဒီနေ့အချိန်ထိ ပြစ်မှု ကျူးလွန်ခဲ့တဲ့ သူတွေကို ဖမ်းဆီးအရေးးတာမျိုးတွေ မရှိသေးဘူးလို့ စစ်တွေမြို့ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပေါ်တဲ့အချိန် ရဲတပ်ဖွဲ့က မိုးပေါ် သေနက်ထောင်ဖောက်ပြီး လူစုခွဲရာမှာ ကလေးမတဦးကို ထိမှန်ပြီး သေဆုံးသွားတယ်လို့လဲ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောသလို ဒီကနေ့မှာတော့ စစ်တွေမြို့ အခြေအနေဟာ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနေ့က ဖြစ်ခဲ့တဲ့ စစ်တွေမြို့က အန်ဂျီအိုတွေ ကို ဒေသခံတွေ ဝိုင်းဝန်း တိုက်ခိုက်ကြတဲ့နေရာမှာ အန်ဂျီအိုရုံးတွေနဲ့ အန်ဂျီအို ဝန်ထမ်းတွေနေတဲ့ အိမ်တွေအတော်တော်များများ ပျက်ဆီးသွားခဲ့ တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကို သက်ဆိုင်ရာ တစ်ယောက်မှ ဖမ်းဆီး ထိန်းသိမ်းနိုင်ခြင်း မရှိသေးသလို၊ ဒီကိစ္စ နဲ့ ပတ်သက်ပြီး အထက်ကို တင်ပြထားတယ်လို့ စစ်တွေ မြို့နယ် အမှတ် (၁) ရဲစခန်းက စခန်းမှူး ဦးအောင်မြင့်ဦးက ပြောပါတယ်။

"အင်း။ အဲ့လိုဖမ်းထားတာတော့ မရှိဘူး။ လောလောဆယ်ကတော့ ကျနော်တို့လည်း ဖြစ်တဲ့အပေါ်မှာ အပေါ်ကို တင်ပြထားတာပဲရှိတယ်။ ကျနော်တို့ သီးခြား လုပ်ကိုင်တာတော့ မရှိသေးပါဘူး။"

စစ်တွေမြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် အခြေအနေကြောင့် ဒီနေ့ထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီးတော့ ညနေ ၆ နာရီ ကနေ မနက် ၆ နာရီ အထိ အပြင်မထွက်ဖို့ တင်းကြပ်ထားတယ်လို့လည်း သူက ပြောပါတယ်။ ညပိုင်းမှာတော့ ရဲတပ်ဖွဲ့တွေ နဲ့အတူ စစ်တပ်ကပါ ကင်းလှည့်ပြီး လုံခြုံရေး ယူပေးထားတယ်လို့လည်း ဦးအောင်မြင့်ဦး က ပြောပါတယ်။

" ၁၄၄ ထုတ်ထားတာကိုး။ ၁၄၄က မနက်(၆)၊ ည(၆) ထုတ်ထားတာဆိုတော့ ညကျရင် တပ်က လှည့်ပေးတယ်လေ။"

စစ်တွေမြို့ထဲမှာ ရှိနေတဲ့ နိုင်ငံခြားသားတွေရဲ့ လုံခြုံရေး အခြေအနေကို ရဲတပ်ဖွဲ့ဝင်တွေကပဲ အကာအကွယ်ပေးထားဆဲ ဖြစ်ပြီးတော့ နိုင်ငံခြားသား အတော်များများဟာလည်း စစ်တွေကနေ ရန်ကုန် ကို ပြန်လည်ထွက်ခွာသွားပြီလို့ ပြောပါတယ်။

ဒီကနေ့မတ်လ ၂၈ ရက်နေ့ စစ်တွေမြို့နယ်အတွင်း မှာ ပဋိပက္ခတွေ ထပ်မံ ဖြစ်ပွားတာမျိုး မရှိပဲ၊ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့လည်း စစ်တွေ ဒေသခံတစ်ဦးလည်း ဖြစ်၊ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်တဲ့ ဦးအောင်မြတ် ကျော်က ဗွီအိုအေ ကို ပြောပါတယ်။

" ဒီနေ့တော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်တော့ ဖြစ်သွားပါပြီ။ ညဘက်တော့ ညနေ ခြောက်နာရီလောက်ဆို အိမ်ထဲ ဝင်ပြီးရင် အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်နဲ့ ညဘက်မှာ အဲ့လိုဖြစ်နေတာပေါ့။ အင်း။ နိုင်ငံခြားသားတွေတော့ ရှိပါတယ်။ NGO ဝန်ထမ်းတွေတော့ ဟိုဟာဖြစ်လို့ ပြန်သွားကြတယ်။ Tourတွေ ဟိုဟာတွေကတော့ သူ့ဘာသာသူ ရှိနေကြပါတယ်။ မြို့ထဲမှာလည်း သူ့အစီအစဉ်နဲ့သူ Tour တွေကတော့ သွားနေလာနေကြတာတော့ တွေ့ရတယ်။"

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အခြေစိုက်တဲ့ Malteser နိုင်ငံခြား အန်ဂျီအိုက နိုင်ငံခြားသူတစ်ဦးက သာသနာ့အလံကို မဖွယ်မရာ ပြုလုပ်တယ် ဆိုတဲ့ သတင်းထွက်လာပြီးတဲ့ နောက်မှာ စစ်တွေ က NGO ရုံးတွေ နဲ့ NGO ဝန်ထမ်းတွေနေတဲ့ နေအိမ်တွေကိုပါ စစ်တွေ ဒေသခံအချို့က ဗုဒ္ဓဟူးနေ့ ညနေပိုင်းကစပြီး ဝိုင်းဝန်း ဖျက်ဆီးမှုတွေ လုပ်ခဲ့တာပါ။

ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ ရဲတပ်ဖွဲ့ဝင်တွေ က ပဋိပက္ခဖြေရှင်းဖို့နဲ့ လူစုခွဲဖို့ ကြိုးစားရင်း မိုးပေါ်ထောင်ပစ်ခတ်ခဲ့တဲ့ သေနတ် ကျည်ဆံကြောင့် ၁၀ နှစ် အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ စခန်းမှူး ဦးအောင်မြင့်ဦးက ပြောပါတယ်။

" ထိခိုက်ဒဏ်ရာရတာက ဟိုလိုကြီး မရှိပါဘူး။ ဟို... ဒါပေမဲ့ ဟိုပေါ့။ ဆန်ဂိုဒေါင်ဘက်တွေမှာ WFP ဆန်ဂိုဒေါင်ကို နည်းနည်းဖောက်ဖျက်တာရှိတယ်။ အဲ့ဘက်မှာ နည်းနည်းတော့ ရဲတပ်ရင်းနဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့ ကာကွယ်လိုက်ရတယ်။ ရဲတွေက ပစ်တော့ လူတွေကိုလည်း ထိသွားပါတယ်။ အဲ့မှာပဲ နည်းနည်း ဟိုဟာပေါနော်။ ဒီ အပေါ်ကို ထောင်ပစ် နည်းနည်း လုပ်လိုက်ရတယ်။ အဲ့မှာတော့ ကောင်မလေးတစ်ယောက် နည်းနည်းထိသွားလို့ ဆုံးသွားတယ်။ ဟုတ်တယ်။ ဟုတ်တယ်။ ကလေးမလေး။"

ရခိုင်ဒေသ အခြေစိုက် Malteser အပါအဝင် NGO တချို့ဟာ မွတ်စလင် ဘာသာဝင်တွေကို ဘက်လိုက်မှု ရှိတယ်ဆိုပြီးတေ့ ရခိုင်ပြည်နယ်က ထွက်ခွာပေးဖို့ ဆန္ဒပြတောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့မှာရှိတဲ့ ဆင်တက်မော်မှာရှိတဲ့ ဒုက္ခသည်စခန်းအတွင်းက လူတွေနဲ့ ဒေသခံ ရွာသားတွေအကြား မနှစ် နိုဝင်ဘာလက ဖြစ်သွားခဲ့တဲ့ ပဋိပက္ခမှာ ဒဏ်ရာရခဲ့သူတွေကို ခွဲခြားဆက်ဆံဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာ အဲန်ဂျီအိုတွေကို ဒေသခံတွေက ကန့်ကွက် ဆန္ဒပြခဲ့တဲ့အတွက် အဲဒီဒေသက ထွက်ခွာသွားရတဲ့ အဲန်ဂျီအို ၃ ဖွဲ့ထဲမှာ Malteserအဖွဲ့လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG