သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲနဲ့ မြန်မာပြည် တချို့ဒေသတွေမှာ ရေကြီး


ရခိုင်ပြည်နယ်မှာ မိုးကြီးပြီး သံတွဲမြစ် ရေလျှံမှုကြောင့် သံတွဲမြို့အနိမ့်ပိုင်းရပ်ကွက်တွေက နေအိမ်တချို့ ရေ နစ်မြုပ်နေတာကြောင့် ဒေသခံတွေ အတော်လေး ဒုက္ခရောက်နေကြပါတယ်။ တချို့မြို့ကြီးတွေမှာလည်း နေအိမ်တွေ ရေမြုပ်နေသလို ကားလမ်းတွေပေါ်မှာလည်း ရေကျော်နေတာကြောင့် သွားလာရေးမှာပါ အခက်အခဲတွေ ကြုံနေကြရတာပါ။ အလားတူ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာလည်း ရေဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေကြရပြီး အိမ်နဲ့လယ်ယာမြေတွေ နစ်မြုပ်ပျက်စီးနေရပုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ဆက်သွယ်စုံစမ်း တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မိုးသည်းထန်စွာရွာနေတဲ့အတွက် သံတွဲမြစ်ရေကြီးပြီး ရပ်ကွက်တွေအတွင်း ရေလျှံနေတဲ့အကြောင်း သံတွဲမြို့ခံ တစ်ဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ချောင်းကတော့ သံတွဲမြစ်လို့ခေါ်တယ်၊ မြေပုံထဲမှာတော့ သံတွဲမြစ်လို့ပဲ ဆိုပါတယ်။ ကျနော်က မနေ့ကပဲ ဟိုးက- ကျိန်တနီကပဲ လာတာ၊ တောက်လျှောက်ပေါ့။ တောက်လျှောက် လမ်းတွေမှာ တချို့ အနိမ့်ပိုင်းတွေမှာ ရေကျော်နေပါတယ်ခင်ဗျ။ ဒီဘက်ရောက်တော့လည်း မြို့အဝင်မှာ ကားလမ်းမှာ တဖာလုံကျော်ကျော်လောက်ကို ကူးတို့နဲ့ကူးရတယ်ဗျ။ အဲလောက်လောက် အထိကို ကူးလာခဲ့ရပါတယ်။ ၁ ရပ်ကွက်ရှိတယ်။ ဇီးကျွန်းကွက်သစ်လို့ ခေါ်တယ်လေ။ အဲဒီရပ်ကွက်တွေမှာတော့ အနိမ့်ပိုင်းအိမ်တွေကတော့ အိမ်ပေါ်အထိ ရောက်တယ်ပေါ့။ မာလဲလမ်းကတော့ လမ်းပေါ်မှာ ခြေသလုံးလောက် ရောက်တယ်ပေါ့ဗျာ။ ဇီးကျွန်းကွက်သစ်မှာတော့ ခါးလောက်၊ ဇီးကျွန်းကွက်သစ်ရဲ့နောက်ဘက်က အိမ်တွေရှိတယ်။ အဲဒီအိမ်လေးတွေက အနိမ့်ပိုင်းမှာဆိုတော့ သူတို့အိမ်တွေကတော အိမ်ပေါ်အထိ ရေရောက်တာပေါ့လေ။ ”

ရခိုင်ပြည်နယ်အတွင်း တချို့နေရာတွေမှာလည်း ရေကြီး၊ ရေလျှံနေတဲ့အကြောင်းကိုလည်း အခုလို ဆက်ပြောပြပါတယ်။

“ရခိုင်ရိုးမ တောက်လျှောက်က သံတွဲနဲ့ဂွနဲ့ဆို မိုင် ၈၀ လောက်ရှိတယ်။ ဒီဘက် တောင်ကုတ်ကျတော့ မိုင် ၄၀ ပေါ့၊ အဲဒီ မိုင် ၁၂၀ အတောအတွင်းမှာ တော်တော်ကြီးကို ရွာတာ၊ ရွာတော့ ချောင်းတိုင်း၊ မြစ်တိုင်းပေါ့- သံတွဲမြစ်ပေါ့- ပုဇွန်ဖြေတို့ ပုဇွန်ဖြေမှာဆိုလည်း ပုဇွန်ဖြေချောင်းက တော်တော်လေးကို ရေစီးတာ၊ ဒီနှစ်ဆိုရင် ပုဇွန်ဖြေနဲ့ သံတွဲကြားမှာ လမ်းနဲ့တတား လေးဆက်ချိုးထားတယ်။ အဲဒီ နေရာမှာ တော်တော်ကြီးကို ရေတွေ ကြီးခဲ့ပါတယ်။”

ဧရာဝတီတိုင်းမှာတော့ ဒေးဒရဲမြို့နယ်အတွင်း ဇူလိုင်လ ဒုတိယပတ်အတွင်းမှာ ပင်လယ်ရေမြင့်တက်ပြီး ရေကြီးတဲ့အတွက် အိမ်ခြေ ရာနဲ့ချီပြီး ပျက်စီးခဲ့ရသလို လူဦးရေ ထောင်နဲ့ချီပြီး အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ပင်လယ်နဲ့နီးတဲ့ အရပ်ဒေသတွေမှာ နေထိုင်သူတွေဟာ ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေကြရတာပါ။ အလားတူ ဇူလိုင်လ ဒုတိယပတ်ထဲမှာပဲ ရှမ်းပြည်နယ်၊ မိုင်းလားမြို့နယ်မှာလည်း တောင်ကျရေကြောင့် လယ်ဧကတွေ ရာနဲ့ချီ ပျက်စီးခဲ့ရသလို ရေကြီးမှုကြောင့် ကားနဲ့ဆိုင်ကယ်တွေအပြင် တချို့ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူးဟောင်း ဦးထွန်းလွင်ကတော့ ဒီသီတင်းပတ်အတွင်း မိုးရွာသွန်းမှုတွေ များနိုင်ကြောင်း၊ ရေကြီးတဲ့အခြေအနေတွေကလည်း ဆိုးသည်ထက် ဆိုးလာနိုင်တာကို အထူး သတိပြုကြစေလိုကြောင်း သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘုတ် စာမျက်နှာကနေ မြန်မာပြည်သူတွေကို သတိပေးထားပါတယ်။

XS
SM
MD
LG