သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်ဆူပူမှု ကျောက်ဖြူနဲ့မြေပုံကို ကူးစက်


ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားနဲ့ မြောက်ဦးမြို့နယ်က စတင်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက် တာတွေဟာ ကျောက်ဖြူနဲ့ မြေပုံမြို့တွေအထိ မနေ့ညပိုင်း ကူးစက်သွားခဲ့ပြီး ဒီကနေ့ နေ့ခင်းပိုင်းမှာထိ အဓိကရုဏ်းတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ တနင်္ဂနွေနေ့က အကြမ်းဖက်မှုတွေ စတင်ခဲ့တဲ့ မင်းပြားနဲ့ မြောက်ဦးမြို့နယ်ဘက်တွေမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက အခြေအနေတွေကို ထိန်း သိမ်းနိုင်တဲ့ အနေအထားရှိပေမဲ့ ကျောက်ဖြူနဲ့ မြေပုံဘက်မှာတော့ ထိန်းသိမ်းနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ ရခိုင်ပြည်နယ် အတွင်းက နောက်ဆုံးအခြေအနေတွေ ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းတွင်း ပြန်လည်ဖြစ်ပွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂလီလို့ အစိုးရကခေါ်တဲ့ အစ္စလာမ် ဘာသာဝင်တွေအကြား အကြမ်းဖက် တိုက်ခိုက်တာတွေဟာ မနေ့ညဦးပိုင်းက ကျောက်ဖြူ နဲ့ မြေပုံမြို့တွေဘက်ကို ပျံ့နှံလာခဲ့တာဖြစ်ပါတယ်။ လက်ရှိ ကျောက်ဖြူမြို့မှာ ဖြစ်ပွားနေတဲ့ အခြေအနေကို ဒေသခံ ရခိုင်အမျိုးသားတယောက်က အခုလို ပြောပါတယ်။

“ကျောက်ဖြူမှာ၊ ကျောက်ဖြူ အရှေ့ပိုင်း ပိုက်ဆိပ်ပေါ့။ ကုလားရွာ၊ အဲဒီရွာဘက်မှာပေါ့။ ဒီဘက်က ရခိုင်တွေနဲ့ ဟိုဘက်က ကုလားတွေနဲ့ အဲဒီမှာ မီးရှို့လို့ ရွာလည်း တော်တော်ကုန်သွားပြီ။ နောက်ပြီး စစ်တပ်ကလည်းပစ် ဘယ်လိုဖြစ်နေမှန်းတော့ မသိဘူး။ ကျနော်လည်း အနားမကပ်ရဲဘူး။ မနေ့ကည ၇ နာရီလောက်ကတည်းက စဖြစ်တာ။ အိမ်ခြေတွေ တော်တော်လေးတော့ ပါသွားပြီထင်ပါတယ်။”
နေ့ခင်း ၁၁ နာရီလောက် ကြားသိရတာကတော့ တိုက်ခိုက်မှုတွေဟာ ဆက်လက်ဖြစ်နေကြောင်းနဲ့ ဘင်္ဂလီ အမျိုးသား နှစ်ယောက်သေပြီး ၇ ယောက်လောက် ဒဏ်ရာပြီး ရခိုင်ဘက်က အထိအခိုက် ရှိတယ် မကြားသိရသေးကြောင်း ပြောပါတယ်။ သူရဲ့နေအိမ်ဟာ ပိုက်ဆိပ်ရပ်အနီးမှာ ရှိ တာကြောင့် လောလောဆယ်မှာ မိမိနေအိမ်မှာ မနေရဲဘဲ တခြားကို တိမ်းရှောင် နေရတယ်လို့လည်း ဒေသခံ ရခိုင်အမျိုးသားက ဆက်ပြောပါတယ်။

“ပိုက်ဆိပ်ဘက် မီးလောင်တဲ့ဟာနဲ့ နီးတဲ့ဘက်က ကျနော်တို့ဘက်က အခြမ်းတွေဆိုရင် အိမ်က မနေရဲတော့ဘူး။ မနေရဲတော့ ဒီမြို့ထဲ ဘက်ကိုပဲ ပြေးပြီးခိုနေကြရတာပေါ့ခင်ဗျာ။ အဲလို မီးနဲ့ ကုလားရွာနဲ့နီးတဲ့သူတွေက အဲလို မြို့ထဲဘက် ပြန်ပြေး။ အိမ်တွေလည်းပဲ ပစ်ခဲ့ရတာပေါ့။ လူအသေမခံနိုင်တော့ဘူးလေ။ လွတ်ရာကျွတ်ရာမှာ လာပြီး ပုန်းနေရတဲ့သဘောပါပဲ။”
တခြားကျောက်ဖြူဒေသခံ ရခိုင်အမျိုးသမီးတယောက်ကလည်း ကျီးလန့်စာစား ဖြစ်နေရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ဟုတ်ကဲ့ရှင့်။ အခုက ဖြစ်နေတယ်။ ဒါပေမဲ့လို့ ကျမတို့ကပြောမယ့် အချိန်က မရှိဘူးဖြစ်နေတယ်။ အခုက ကျမတို့က ပစ္စည်းတွေ ရွှေ့၊ လူတွေရွှေ့ အဲလိုလုပ်နေတာ။ ဒီရပ်ကွက်ကို ဒုက္ခတော့ မရောက်သေးဘူး။ ကုလားပိုက်ဆိပ်ကိုတော့ မီးရှို့ထားတယ်။ အခု လူပြန်စုပြီး အခု ဆက်လုပ်ကြမှာ။ မနေ့က ညကနေ ခုချိန်ထိ မပြီးသေးပါဘူး။ အိမ်ခြေတော့ မသိရသေးဘူး။ ရခိုင်နဲ့ ကုလားနဲ့ပေါင်းနှစ်ဦးစလုံး လောင်နေတယ်။”

ဒါကတော့ ကျောက်ဖြူဒေသခံတွေ နေ့ခင်း တစ်နာရီလောက်က ပြောဆိုသွားတာဖြစ်ပါတယ်။
ကျောက်ဖြူမြို့၊ ပိုက်ဆိပ်ရွာက ဘင်္ဂလီအမျိုးသားတွေနဲ့ တောက်လျှောက်ဆက်သွယ်ပြီး ဒီကနေ့ ဖြစ်ပျက်နေတာတွေကို မေးမြန်းထားတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် တယောက်ကတော့ လက်ရှိ ကျောက်ဖြူမြို့က အခြေအနေကို အခုလို ပြောပါတယ်။

“ကျောက်ဖြူမှာဆိုရင် အခုသိရတဲ့အနေအထားအရ အိမ်ခြေ ၇၀၀ လောက်တော့ ပါသွားပြီပြောတယ် ဗျ။ ဒီအချိန်မှာ အဲဒီ ဒေသခံလူတွေ ကလည်း အဲဒီနားကို ကပ်လို့ မရတော့ အတိအကျတော့ စာရင်း မရဘူးဗျ။ အခု ရွာသုံးရွာလုံးတော့ကုန်သွားပြီပြောတဲ့ဗျ။ မနေ့ညက ဖြစ်ပျက်တဲ့ အဖြစ်အပျက်ဆို အတော်ဆိုးတယ်ဗျ။ ဒီပိုက်ဆိပ် ရွာသားတွေ ရွာက သုံးရွာပဲ ရှိတယ်ဗျ။ ကျောက်ဖြူတမြို့လုံးမှာ။ သူတို့ က မီးရှို့ခံရပြီး၊ ရိုက်နှက်ခံရပြီး၊ သူတို့မှာ ပြေးစရာဆိုလို့ ပင်လယ်ဘက်ပဲ ရှိတယ်ဗျ။ ပြေးစရာမြေ မရှိတော့ဘဲ အဲဒီနားမှာ လူ ၂,၀၀၀။ ၃,၀၀၀ လောက်က သောင်တင်နေတယ် ဗျ။ ပင်လယ်ဝနား မှာပေါ့နော်။”

အစ္စလာမ် ဘာသာရေးခေါင်းဆောင်က နှစ်ဘက်အထိအခိုက် ရှိကြောင်းပြောဆိုပြီး ဘင်္ဂလီလို့ အစိုးရကခေါ်တဲ့ အစ္စလာမ်ဘာသာဝင်တွေ ဘက်က လူ ၂၀ လောက်သေဆုံးပြီး လူ ၃၀ ကျော်လောက် ဒဏ်ရာရတယ်လို့ သိရကြောင်း ပြောပါတယ်။ ဒီကနေ့ ဖြစ်ပျက်နေတဲ့ မီးလောင်ပျက်စီးမှုနဲ့ ထိခိုက်သေဆုံးမှုသတင်းကိုတော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

ရခိုင်ပြည်နယ်အစိုးရရဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း ကတော့ မနေ့ညနဲ့ ဒီကနေ့ မနက်ပိုင်းထိ ကျောက်ဖြူမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အပျက်အစီးနဲ့ အထိအခိုက် အခြေအနေကို အခုလို ပြောပါတယ်။

“အဲဒီဖြစ်စဉ်တွေကြောင့် ရခိုင်နေအိမ်က ၃၂ လုံး၊ ဘင်္ဂလီအိမ်က ၃၇ လုံး၊ ပေါင်း ၆၉ အိမ်ခန့် မီးလောင်ခဲ့ပြီးတော့ ၂၄ ရက်နေ့မနက်မှာ ပြီးသွားတယ်ပေါ့နော်။ အဲဒီမှာ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂလီ လူမျိုးတွေ အချင်းချင်း ပစ်ခတ်တဲ့အတွက်ကြောင့် ရခိုင်လူမျိုးတွေဟာ ကျောက်ဖြူဆေးရုံကို အပြင် လူနာ ၂၀၊ အတွင်းလူနာ ၁၀ ဦးတက်ရောက် ကုသလျှက်ရှိတယ်တဲ့။ မီးလောင် ဒဏ်ရာရသူ တစ်ဦး နဲ့ ခေါင်းမှာ ဂျင်ဂလိမှန်သူတစ်ဦးကတော့ စိုးရိမ်ရတယ်-တဲ့။ ဘင်္ဂလီလူမျိုးများ ထိခိုက်ဒဏ်ရာရမှု များကိုတော့ စုံစမ်းဆဲပဲဖြစ်တယ်တဲ့။”

မနေ့ညနဲ့ ဒီကနေ့ မှာလည်း မြေပုံမြို့မှာလည်း အလားတူ အကြမ်းဖက် တိုက်ခိုက်တာတွေ ရှိခဲ့ပါ တယ်။ မြေပုံမြို့ဘက်မှာ မနေ့ညနေ ဘက်က စတင်ဖြစ်တာလို့ ဒေသခံ ရခိုင်အမျိုးသားတယောက်က အခုလို ပြောပါတယ်။

“ညနေဘက် ၆ နာရီ၊ ၇ နာရီလောက်က စပေါ့။ ကုလားတွေက စပြီး မီးတိုက်လို့ပါ။ သူတို့က ကိုယ့်အိမ် ကိုယ် မီးတိုက်ပြီးတော့ ရခိုင်အိမ်တွေကို ပါအောင် အဲ့လိုမျိုးလုပ်ပါတယ်။ ကုလားအိမ်တွေ ရှိသမျှ အကုန်လုံး ကုန်ပြီခင်ဗျ။ အစတုန်းက ကုလားတွေက တိုက်တယ်။ နောက်ပိုင်းတော့ ရခိုင်တွေက ဖြိုပြီးတော့ တိုက်လိုက်တာပေါ့။ အိမ်ကတော့ ခန့်မှန်းခြေ ကျနော်လည်း မသိဘူး။ များတော့များတယ်။ အခုက သူတို့က တောင်ပေါ်မှာ နေကြတယ်။ အပေါ်ကနေပြီး လောက်စာသီးတွေ၊ ခဲတွေနဲ့ ပစ်နေကြ တယ်။ အောက်ကတော့ ကျနော်တို့ ဝိုင်းနေကြတယ်။ အထိအခိုက်လည်း ရှိတော့ ရှိတယ်။ အသေအပျောက်တော့ ကျနော်လည်း မသိရသေးဘူးခင်ဗျ။”

ရခိုင်ပြည်နယ်အစိုးရရဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဦးလှသိန်း ကတော့ မြေပုံမြို့က မနေ့ညနဲ့ ဒီနေ့ မနက်အစောပိုင်း ဖြစ်ပျက်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“မြေပုံမှာ မြို့ပေါ်ရှိ အလယ်ပိုင်း၊ ဈေးပိုင်း၊ တရုတ်တန်း၊ တောင်ပေါ်၊ ကန်သာရပ်ကွက် ငါးခုရှိ ရခိုင်နဲ့ ဘင်္ဂလီနေအိမ် ၄၀ လုံး မီးလောင်သွားတယ်ဆိုတဲ့ သတင်းကို ကျနော့်ဆီကို ပေးလိုက်ပါတယ်။ မြေပုံ လည်း ဒီနေ့ နေ့ခင်းမှာ ဆက်ဖြစ်နေတယ်လို့ ကြားပါတယ်။ အဲဒါကိုတော့ အသေးစိတ်သတင်းတွေကို ကျနော်တို့ဆီကို အစိုးရအဖွဲ့က ပေးထားတာ မရှိသေးဘူးခင်ဗျ။”

ဒေသခံတွေကတော့ အိမ်ခြေ ၅၀၀ လောက်ထိ မီးလောင်နိုင်တယ်လို့ ပြောဆိုပေမဲ့ သီးခြား အတည်ပြုလို့တော့ မရသေးပါဘူး။

ဒီကနေ့ ကျောက်ဖြူနဲ့ မြေပုံက ဘင်္ဂလီအမျိုးသားတွေနဲ့ တောက်လျှောက် အဆက်အသွယ်ရှိတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်ကတော့ မြေပုံမြို့နယ် ရခိုင်ပြည်နယ်မှာ မူစလင် အနည်းဆုံး နေထိုင်ရာဒေသဖြစ်တယ်၊ မြေပုံမြို့မှာဆိုရင် ရခိုင်တိုင်းရင်းသားတွေနဲ့ အတူရောနှော နေထိုင်တဲ့ မြို့ပေါ်ရပ်ကွက် လေးခုက မူစလင်နေအိမ်တွေ အကုန်နီးပါး ဖျက်ဆီးခံရပြီးဖြစ်ကြောင်းနဲ့ မူစလင်တွေဟာ တောင်ပေါ်ရပ်ကွက်မှာပဲ သွားရောက် ခိုလှုံနေကြောင်းပြောပါတယ်။ သူက ကျောက်ဖြူနဲ့ မြေပုံမြို့တွေက လုံခြုံရေးအခြေအနေဟာ အင်မတန် အားနည်းကြောင်း ဝေဖန် ထောက်ပြပါတယ်။

“လုံခြုံရေးအနေအထားက တော်တော်ဆိုးပါတယ်။ အဆိုးဆုံးက ကျောက်ဖြူနဲ့ မြေပုံမြို့တွေပါ။ မြေပုံ မှာ လုံခြုံရေးအနေအထားက လုံး၀ မရှိပါဘူး။ သူတို့ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အရမ်းကို စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။”

အစိုးရကတော့ အရင်ရက်က မင်းပြားနဲ့ မြောက်ဦးမြို့နယ်အတွင်း အကြမ်းဖက်မှုမှာ မင်းပြားမြို့နယ် က ကျေးရွာခြောက်ရွာမှာ အိမ်ခြေ ၅၃၁ လုံး၊ မြောက်ဦးမြို့နယ်က ကျေးရွာ နှစ်ရွာမှာ အိမ်ခြေ ၅၀၈ လုံး၊ စုစုပေါင်း ၁,၀၃၉ လုံး မီးလောင်ခဲ့ကြောင်းနဲ့ ဖြစ်စဉ်အတွင်းမှာ အမျိုးသားတဦး၊ အမျိုးသမီး တဦး သေဆုံးကြောင်း အမျိုးသား ၈ ဦး ဒဏ်ရာရကြောင်း ဒီနေ့ထုတ်နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါ တယ်။
XS
SM
MD
LG