သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စုံစမ်းရေးကော်မရှင် အစီရင်ခံစာ သမ္မတဆီ တင်ပြ


၂၀၁၂ ခုနှစ် ဇွန်လပိုင်းက ရခိုင်ပြည်နယ်မှာ အဓိကရုဏ်း ဖြစ်ပွားစဉ်။
၂၀၁၂ ခုနှစ် ဇွန်လပိုင်းက ရခိုင်ပြည်နယ်မှာ အဓိကရုဏ်း ဖြစ်ပွားစဉ်။
လူပေါင်း ၂၀၀ လောက် သေဆုံးပြီး လူ ၁ သိန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ပြီးခဲ့ဲတဲ့နှစ် ရခိုင်ပြည်နယ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး
ကော်မရှင်ရဲ့ အစီရင်ခံစာကို ဒီရက်ပိုင်းအတွင်း နိုင်ငံတော်သမ္မတဆီ တင်ပြထား လိုက်ကြောင်း ကော်မရှင်အဖွဲ့ဝင်တဦးက ပြောပါတယ်။ အစီရင်ခံစာပါ သတင်း အချက်အလက်တွေကိုတော့ လကုန်ရက်ပိုင်းလောက်မှာ အများပြည်သူထံကို သတင်းထုတ်ပြန်သွားဖို့ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ ဒီသတင်းကိုတော့ ရန်ကုန်မှာရှိတဲ့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ခဲ့ပါတယ်။

ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ပြီးခဲ့တဲ့ မတ်လကုန်မှာ တင်ပြဖို့ ရက်သတ်မှတ်ခဲ့တာ ဖြစ်ပေမဲ့ လုပ်ငန်း မပြီးပြတ်သေးတာကြောင့် ဒီလ ၂၃ ရက်နေ့ကို ရက်ရွှေ့ဆိုင်းထားတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ကော်မရှင်က ပြုစုထားတဲ့ အစီရင်ခံစာကို နိုင်ငံတော် သမ္မတဆီ တင်ပြလိုက်ပြီဖြစ်ပြီး မကြာခင်မှာ လူထုထံကို သတင်းထုတ်ပြန်ဖို့ ရှိနေတယ်လို့ ကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့က ဦးအောင်နိုင်ဦး က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ နိုင်ငံတော်သမ္မတဆီကို အစီရင်ခံစာကို မနေ့ကပေါ့နော် ၂၂ ရက်နေ့က ပို့ပြီးပါပြီ။ အဲ့တော့ အဲ့ဒီပို့ပြီးတဲ့နောက်ပိုင်းမှာတော့ ကျနော်တို့ ဒီဧပြီလ မကုန်ခင်လောက်မှာ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်မှာဖြစ်ပါတယ်။ ၂၉၊ ၃၀ တရက်ရက်တော့ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းက ရခိုင်နဲ့ ဘင်္ဂါလီ လို့ အစိုးရက သတ်မှတ်တဲ့ မူဆလင်တွေအကြား ပဋိပက္ခ ဖြစ်ပွားခဲ့တာကြောင့် မတူညီတဲ့ ဘာသာရေး အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ တတ်သိပညာရှင် ၂၇ ဦးကို စုစည်းပြီး နိုင်ငံတော်သမ္မတက စုံစမ်းရေးကော်မရှင်ကို သြဂုတ်လမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ကော်မရှင် ဖွဲ့စည်းစဉ်က စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေကို နိုဝင်ဘာလလယ်မှာ အစီရင်ခံ တင်ပြဖို့ သတ်မှတ်ခဲ့ပေမဲ့ အောက်တိုဘာလအတွင်းမှာ ပဋိပက္ခတွေ ထပ်မံ ဖြစ်ပွားခဲ့တဲ့နောက် အစီရင်ခံစာကို ဒီနှစ် မတ်လကုန်မှာ တင်သွင်းဖို့ ပထမအကြိမ် ရွှေ့ဆိုင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ လုပ်ငန်းမပြီးပြတ်တာကြောင့် ဧပြီလအတွင်းကို ဒုတိယအကြိမ် ထပ်မံ ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒီလိုကော်မရှင်က နိုင်ငံတော်သမ္မတဆီကို အစီရင်ခံစာ တင်သွင်းလိုက်တဲ့ နေ့မှာ ပဲ အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအစီရင်ခံစာမှာ ရခိုင်ပြည်နယ်အတွင်း မူဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်တာတွေမှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲထားပြီး ဒီလုပ်ဆောင်မှုဟာ လူမျိုးတုံး သတ်ဖြတ်မှု အသွင်ဆောင်နေကြောင်း ဖော်ပြထား ပါတယ်။

HRW အဖွဲ့ရဲ့ အစီရင်ခံစာကိုတော့ တဖတ်သတ် ရရှိတဲ့ သတင်းတွေအပေါ်မှာ အခြေခံထားကြောင်းနဲ့ စကားလုံး အသုံးအနှုန်းတွေဟာ လက်ခံနိုင်ဖွယ် မရှိကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောဆိုပြီး ပယ်ချကြောင်း ဒီနေ့ထုတ် The Voice Daily သတင်းစာမှာ ဖော်ပြထားပါတယ်။

HRW ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သဘောထား မေးမြန်းရာမှာ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်နိုင်ဦးက အစီရင်ခံစာနဲ့ပတ်သက်ပြီး တိုက်ရိုက် တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ပြည်ပက လေ့လာ စုံစမ်းမှုတွေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။

“ရခိုင်အရေးအခင်းနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာက အမြင်တွေလည်း ရှိပါ တယ်။ အောက်ခြေမှာ ကျနော်တို့ကိုယ်တိုင် မြင်ရကြုံရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေလည်း ကျနော်တို့ မြင်ပါတယ်။ အဲ့တော့ တခါတခါမှာ အပြင်က ပြောတဲ့ကိစ္စနဲ့ လက်တွေ့ အောက်ခြေမှာ ဖြစ်နေတဲ့ကိစ္စမျိုး ကွာဟတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ပဋိပက္ခတခုကို ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ ပဋိပက္ခဟာ တဖက်တည်းလည်း မဟုတ်ပါဘူး။ ဘက်တွေ အများကြီးလည်းရှိတတ်ပါတယ်။"

"နောက်ပြီးတော့ ဒီလို ပြဿနာတွေ ရှိလာတာဟာလည်း ဖြစ်တဲ့ အချိန်ဟာ လည်းပဲ ပွင့်လင်းလာတဲ့ အခြေအနေမှာ ဖြစ်တဲ့အတွက် ဒီလို ကိစ္စမျိုးတွေ ဟာ ရှောင်လွှဲလို့ရတတ်တဲ့ သဘာဝတော့ မရှိပါဘူး။ အဲ့တော့ ဒီပြဿနာတွေကို ကျနော်တို့ လက်တွေ့ အောက်ခြေမှာ ဘယ်လို တဖြေးဖြေးချင်း ဖြေရှင်းသွားမလဲ ဆိုတာပဲ အရေးကြီးပါတယ်။ နိုင်ငံတကာအနေနဲ့ကတော့ သူတို့အမြင်ကို သူတို့
ပြောမှာပေါ့နော်။ ဒီအမြင်နဲ့ ကျနော်တို့ လက်တွေ့ ဖြစ်နေတာနဲ့တော့ ကွာခြား တတ်တဲ့ သဘာဝလေးတွေလည်း ရှိပါတယ်။”

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်ဟာ ပဋိပက္ခ ဖြစ်ပွားရာဒေသကို သွားရောက်ပြီး ပဋိပက္ခ ဖြစ်ပွားရာ ဘက်နှစ်ဘက်က လူထု လူတန်းစား အသီးသီးကို တွေ့ဆုံ
မေးမြန်းခဲ့သလို၊ ဘာသာရေးအဖွဲ့အစည်း၊ လုံခြုံရေးတပ်ဖွဲ့နဲ့ အာဏာပိုင်တွေကို ပါ တွေ့ဆုံမေးမြန်းပြီးနောက် အစီရင်ခံစာကို ပြုစုခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်ပေါင်း ၁ သိန်းနီးပါးလောက် ရှိနေပြီး သူတို့ကို ထောက် ပံ့ရေးနဲ့ ပြန်လည် နေရာချထားရေးအတွက် အစိုးရနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက စီစဉ်ဆောင်ရွက်နေ ပါတယ်။

လောလောဆယ်မှာတော့ ဒုက္ခသည် အများစုအတွက် မိုးတွင်းကာလအတွက် အရေးပေါ် ရန်ပုံငွေ လိုအပ်နေပါတယ်။
XS
SM
MD
LG