သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Magsaysay ဆု ကိုကျော်သူ ချီးမြှင့်ခံရ


အသက်ရှင်သူတွေသာမက ကွယ်လွန်ခဲ့သူတွေအတွက်ပါ ကူညီဆောင်ရွက်ပေးနေသူ ဦးကျော်သူကို အခုနှစ်အတွက် Ramon Magsaysay ဆုရှင်အဖြစ် ရွေးချယ်လိုက်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၆ ဦးမြောက် Ramon Magsaysay ဆုရှင်ဖြစ်လာတဲ့ အကယ်ဒမီ ဦးကျော်သူကတော့ ဒီဆုရွေးချယ်ခံရတဲ့အတွက် သူ့ရဲ့ လူမှုကူညီရေးလုပ်ငန်းတွေကို ပိုပြီး လုပ်ဆောင်ဖို့ တွန်းအားဖြစ်စေတယ်လို့ ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို မသိင်္ဂီထိုက် က တင်ပြထားပါတယ်။

နာရေးကူညီမှု အပါအဝင် လူမှုရေးလုပ်ငန်းတွေနဲ့ ကျော်ကြားသူ အကယ်ဒမီ ရုပ်ရှင်မင်းသား ကျော်သူကို ၂၀၁၅ ခုနှစ်အတွက် Ramon Magsaysay ဆုရှင်အဖြစ် ရွေးချယ်လိုက်ကြောင်း ဖိလစ်ပိုင်အခြေစိုက် Ramon Magsaysay Award Foundation ရဲ့ Board အဖွဲ့က ကြေညာလိုက်ပါတယ်။ အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့တောင် တင်စားခံရတဲ့ Ramon Magsaysay ဆု ချီးမြှင့်ခံရတဲ့အတွက် လက်ရှိ လူမှုကူညီရေးလုပ်ငန်းတွေအတွက် ပိုပြီး တွန်းအားဖြစ်စေပါတယ်လို့ အကယ်ဒမီ ရုပ်ရှင်မင်းသား ကျော်သူက ပြောပါတယ်။

“ဒီဟာက ကျနော်တို့ ရုပ်ရှင်လောကမှာဆို အကယ်ဒမီဆုလိုပေါ့ဗျာ ကိုယ်တွေက တကယ် အကယ်ဒမီရတဲ့နောက်ပိုင်း ကိုယ်ရိုက်တဲ့ကားတိုင်းကို အကောင်းဆုံးဖြစ်အောင် လုပ်သလို၊ ဒီလူမှုရေးဆုကျတော့ ဒီဟာလည်း ကိုယ်ကပိုပြီးတော့ အများအတွက် ပိုလုပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်လေးကို ဖြစ်လာတယ်။ ပြီးတော့ ကိုယ်လုပ်ထားတဲ့ ပင်ပန်းတဲ့ဟာတွေကလည်း ဒါ ကိုယ့်အတွက် ဟိုဟာ အင်အားတွေ ရစေပါတယ်။ ဒီဆုရမယ်ဆိုတာလည်း မထင်ထားဘူး။ ဒါ သူတို့ကလည်း သေချာလေ့လာပြီးတော့မှ ပေးလိုက်တဲ့ဆုဖြစ်တော့ ဒါ ကျနော်လည်း တန်ဖိုးထားရမှာပေါ့။ ”

သက်ရှိထင်ရှားရှိနေသူတွေ သာမက ကွယ်လွန်သူတွေအတွက်ပါ နာရေးကူညီမှုအသင်း ထူထောင်ပြီး ဖြည့်ဆည်ပေးနေတဲ့ ဦးကျော်သူရဲ့ လူမှုရေးလုပ်ငန်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့လည်း အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့ တင်စားခေါ်ဝေါ်ကြတဲ့ Magsaysay ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ လူမှုအကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်တာကြောင့် အာဏာပိုင်တွေရဲ့ အနှောင့်အယှက်ပေးတာတွေနဲ့ ရင်ဆိုင်ခဲ့ရသူတဦးလို့လည်း ကြေညာချက်က ဖော်ပြခဲ့တာပါ။ ဦးကျော်သူကတော့ အခက်အခဲ အတားအဆီးတွေဟာ အခုချိန်ထိလည်း တချို့နေရာတွေမှာ ရှိနေဆဲ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

၂၀၀၂ ခုနှစ်ရဲ့ Ramon Magsaysay ဆုရှင် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးသူ ဒေါက်တာ စင်သီယာမောင်ကတော့ အခုလို နာရေးကူညီမှုအသင်းရဲ့ အကြီးအကဲ ဦးကျော်သူကို ဆုချီးမြှင့်လိုက်တာဟာဆိုရင် နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်သလို လူငယ်ထုအတွက်လည်း အတုယူစရာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

“အဲဒီဆုနဲ့ ပတ်သက်လို့ကတော့ ကျမတို့ အထူးသဖြင့်တော့ ဒီလို ဒီမိုကရေစီ တည်ဆောက်တဲ့အချိန်မှာ လွတ်လပ်တဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်မှုမှာပေါ့နော် ဦးကျော်သူအနေနဲ့က တည်ဆောက်ခဲ့တယ်ပေါ့နော်။ တည်ဆောက်ခဲ့တယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ လူထုတွေအများကြီးထဲကိုက လူမှုရေးစိတ်ဓာတ် မြှင့်တင်မှုတွေ၊ အနစ်နာခံမှုတွေ၊ နောက်တော့ ဒီ ပူးပေါင်းဆောင်ရွက်မှုတွေပေါ့ အများကြီးဆောင်ရွက်နိုင်တဲ့ လူတယောက်၊ အထူးသဖြင့်တော့ လက်ရှိ ကျမတို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့အချိန်မှာနဲ့ နောက်တော့ ကျမတို့ လက်ရှိ အာဏာရှင်အောက်မှာ ကြီးပြင်းလာတဲ့ လူငယ်လူရွယ်တွေ၊ ကျမတို့ ပြည်သူလူထုတွေအတွက်တော့ လွတ်လပ်တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးတော့ နားလည်သဘောပေါက်လာပြီးတော့ ပံ့ပိုးမှုတွေလည်း ပိုပြီး များလာတဲ့အတွက်ကြောင့် ကျမတို့ မြန်မာပြည်အတွက်ရော အထူးသဖြင့်တော့ အာရှနိုင်ငံတွေမှာလည်း အရေးကြီးတဲ့ ခေါင်းဆောင်ကောင်းပေါ့ ဖြစ်တဲ့အတွက်ကြောင့် အများကြီး ကျမတို့ နိုင်ငံအတွက်လည်း ဂုဏ်ယူစရာ ကောင်းပါတယ်။”

ဖိလစ်ပိုင်နိုင်ငံရဲ့ တတိယမြောက်သမ္မတ Ramon Magsaysay ရဲ့ ခေါင်းဆောင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၅၈ ခုနှစ်ကစလို့ အာရှဒေသတလွှားက လူမှုအကျိုးစီးပွားကို ထမ်းဆောင်ကြသူတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး ရှေးရှုဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ရွေးချယ်ပြီး နှစ်စဉ် ချီးမြှင့်လာခဲ့တာ အခုဆိုရင် ၅၇ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

Ramon Magsaysay ဆု ချီးမြှင့်ခံရသူ မြန်မာနိုင်ငံသား ၆ ဦးထိ ရှိလာပြီဖြစ်ပြီး၊ ၁၉၅၉ ခုနှစ်က Tee Tee Luce၊ နဲ့ Eeward Law Yone တို့ ပထမဆုံး ရွေးချယ်ချီးမြှင့်ခံရပြီးနောက်ပိုင်း ဒေါက်တာ စင်သီယာမောင်၊ ကစောဝါး၊ ဆိုင်းရော်လဖိုင်နဲ့ ဒီနှစ်မှာ ဦးကျော်သူတို့ ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ ဆုချီးမြှင့်ပွဲကိုတော့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး ဦးကျော်သူကတော့ စက်တင်ဘာလ ၁ ရက်နေ့မှာ ဆုကို လက်ခံရယူဖို့ ရှိပါတယ်။

သာယာဝပြောတဲ့ အာရှတိုက်ဖြစ်လာစေဖို့ မျှော်လင့်ချက်တွေအဖြစ် ရည်ညွှန်းပြီး ချီးမြှင့်ခဲ့တဲ့ ၂၀၁၅ ခုနှစ် Magsaysay ဆုရှင်တွေထဲမှာတော့ မြန်မာနိုင်ငံက ဦးကျော်သူအပြင်၊ လာအိုနိုင်ငံက ရိုးရာအမွေအနှစ် ပိုးထည်လုပ်ငန်းကို ထိန်းသိမ်းရင်း အမျိုးသမီးအခွင့်အရေးတွေကို ကာကွယ်ဖို့ ကြိုးပမ်းခဲ့သူ Kommaly Chanthavong ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ရိုးရာအနုပညာ မပျောက်ပျက်အောင် ကြိုးပမ်းခဲ့သူ Ligaya Fernando-Amilbangsa၊ အိန္ဒိယနိုင်ငံမှာ ဆင်းရဲသားတွေအတွက် ရေရှည်ဖွံ့ဖြိုးရေး ကူညီပေးခဲ့တဲ့ Anshu Gupta၊ အိန္ဒိယနိုင်ငံက အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်ဖို့ ကြိုးပမ်းခဲ့သူ Sanjiv Chaturvedi တို့လည်း ပါဝင်ကြပါတယ်။

XS
SM
MD
LG