သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုင်းရင်းသူ လဖိုင်စိုင်းရော် ၂၀၁၃ Magsaysay ဆု ချီးမြှင့်ခံရ


ဒေါ်လဖိုင်စိုင်းရော်အပါအဝင် ၂၀၁၃ ခုနှစ် Magsaysay ဆုရရှိသူများ (ဓာတ်ပုံ - http://www.rmaf.org.ph/newrmaf/main/community/announcement/1)
ဒေါ်လဖိုင်စိုင်းရော်အပါအဝင် ၂၀၁၃ ခုနှစ် Magsaysay ဆုရရှိသူများ (ဓာတ်ပုံ - http://www.rmaf.org.ph/newrmaf/main/community/announcement/1)
မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ ဖြစ်နေတဲ့ ဒေသတွေမှာ လူမှု ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူ ကချင်တိုင်းရင်းသူ လဖိုင်စိုင်းရော်ကို ဖိလစ်ပိုင်နိုင်ငံက ၂၀၁၃ ခုနှစ်အတွက် Magsaysay ဆုကို ချီးမြင့်လိုက်ပါတယ်။ ဒီဆုဟာ အာရှတိုက်အတွင်း အတုယူ အားကျဖွယ် ကောင်းလောက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် စွမ်းဆောင်ရာမှာ ခေါင်းဆောင်မှုကို ဂုဏ်ပြု ချီးမြှင့်တဲ့ ဆုလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေကို ခံစားနေရသူတွေ ပြန်လည် ပြုစု ပျိုးထောင်နိုင်ရေးအတွက် အကူအညီတွေ ပေးနေတဲ့ လူထုအခြေပြု မေတ္တာဖောင်ဒေးရှင်းကို စတင်တည်ထောင်သူ တဦးလည်းဖြစ်တဲ့ လဖိုင်စိုင်းရော်ကို ၂၀၁၃ ခုနှစ်အတွက် Ramon Magsaysay ဆု ချီးမြှင့်ဖို့ ရွေးချယ်ရခြင်းနဲ့ ပတ်သက်ပြီး ဆုချီးမြှင့်ရေး ဖောင်ဒေးရှင်းက ဆက်သွယ်ရေးအရာရှိ မန်နျူရယ် ဟီဇွန် (Manuel Hizon) က ဗွီအိုအေကို ရှင်းပြပါတယ်။

“သူပြောသွားတာကာတော့ - ကာလကြာရှည် လက်နက်စွဲကိုင် ပဋိပက္ခနဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြား အားလုံး ပူးပေါင်း ပါဝင်နိုင် ခေါင်းဆောင်မှုကို အေးအေးဆေးဆေးနဲ့ အားကျ အတုယူဖွယ်ရာ ပြသနိုင်ခဲ့တဲ့အတွက်ကြောင့် အခုလို သူ့ကို အသိအမှတ်ပြု ဆုချီးမြှင့်တာ ဖြစ်ပါတယ်။ ဒုက္ခကြုံတွေ့နေရတဲ့ လူ့အဖွဲ့အစည်းတွေ ပြန်လည် ထူထောင်ရေးနဲ့ အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာနဲ့ ဒေသခံ NGO တွေရဲ့ လုပ်ဆောင်မှုကို အားဖြည့်ပေးရာ ရောက်တဲ့အပြင် မြန်မာနိုင်ငံရဲ့ အနာဂတ် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ် ဖြစ်စေမယ့် အချေအတင် ဆွေးနွေးမှုကိုလည်း သူ့ရဲ့ လုပ်ဆောင်ချက်က အားဖြည့်ပေးရာ ရောက်ခဲ့ပါတယ်။”

အခုလို ဖိလစ်ပိုင်နိုင်ငံက Magsaysay ဆုချီးမြှင့်တဲ့အတွက် ဝမ်းသာဂုဏ်ယူမိကြောင်းနဲ့ ဒီဆုဟာ တစ်ဦးတစ်ယောက်ထဲကို ချီးမြှင့်တာ မဟုတ်ဘဲ သူပါဝင် လုပ်ဆောင်ခဲ့တဲ့ မေတ္တာဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေနဲ့ ဖောင်ဒေးရှင်းအဖွဲ့ဝင်တွေ အားလုံးကို ချီးမြှင့်တာဖြစ်တယ်လို့ လဖိုင်စိုင်းရော်က ပြောပါတယ်။

“ကျမလည်း အတိုင်းမသိ ဝမ်းသာတယ်။ အံ့လည်းအံ့သြတယ်။ ဒါပေမဲ့ ကျမတစ်ယောက်တည်း အောင်မြင်မှုတော့ မဟုတ်ဘူးပေါ့နော်။ ကျမတို့အားလုံးရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ ဂုဏ်ပြုတယ်လို့ သဘောပေါက်ပြီးတော့ ကျမ အားလုံးကိုယ်စား ဝမ်းသာအားရ ရယူခြင်းဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။”


မေး။ ။ သူတို့က ဆရာမကို ဘယ်တုန်းက အကြောင်းကြားတာပါလဲ ဆရာမ ဆုရတဲ့အကြောင်းကို။ သူတို့ကတော့ သူတို့ဟာသူတို့ ဘုတ်အဖွဲ့နဲ့ လျှို့ဝှက် လုပ်ကြတာဆိုတော့လေ။ သူတို့က ရွေးချယ်ပြီးတော့မှပဲ ချက်ခြင်း ရုတ်တရက်ကြီး အကြောင်းကြားတယ်ဆိုတော့ များသောအားဖြင့်က အတော် အံ့အားသင့် သွားကြတာလေးတွေ ရှိတယ်လို့ သူတို့က ပြောတယ်။ ဆရာမကိုရော ဘယ်လို အကြောင်းကြားလဲ။

“ညကတော့ သူတို့လေ ကျမ လားရှိုးမှာရောက်နေတုန်းပေါ့ ဇူလိုင် ၁၂ ရက်နေ့ကထင်တယ်။ ကျမကို ဖုန်းနဲ့ လှမ်းအကြောင်းကြားတာ။”

မေး။ ။ အဲ့ဒီဆုကို ဆရာမ ကိုယ်တိုင် သွားယူမှာလား။ ၃၁ ရက်နေ့ ဆုပေးပွဲလုပ်မယ်လို့ ပြောပါတယ်။

“ဟုတ်ကဲ့ပါရှင့်။ ကျမကိုယ်တိုင်ပဲ သွားယူပါမယ်။ ကျမရယ်၊ ကျမကတော့ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက အနားယူလိုက်ပါပြီ။ ကျမရယ်၊ ကျမရဲ့ အခု ဒီ လက်ရှိပေါ့နော် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာပေါ့နော် Dr. Saboi Jum ရယ်၊ ကျမတို့နှစ်ယောက် အတူတကွ သွားယူဖို့တော့ စီစဉ်နေပါတယ်ရှင့်။”

မေး။ ။ ဆိုတော့ ကျမ ဟိုက်လိုက်လေး နည်းနည်း ပြောပြပါလား ဆရာမ။ ဆရာမတို့ လုပ်နေတာလေးတွေကို အကြမ်းမျဉ်းပဲပေ့ါ။ ဘာတွေ ဘယ်လိုနေရာတွေမှာ လုပ်တယ်။ မေတ္တာဖောင်ဒေးရှင်းအနေနဲ့ ဘာတွေ လုပ်တယ်ဆိုတာလေးကို ပြောပြလို့ ရမလားဆရာမ။

“ဟုတ်ကဲ့ရှင့်။ ကျမတို့ ၁၉၉၈ ခုနှစ် ကျမတို့ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း စတင်တည်ထောင်ကတည်းကကို ကျမတို့က နေရာမရွေး ဒေသမရွေး လူမျိုးမရွေး အတိဒုက္ခရောက်နေတဲ့ တိုင်းရင်းသားတွေရဲ့ ဒေသတွေမှာ လုပ်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီအချိန်မှာပေါ့နော် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေဟာ ဒေသရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီးတော့ လုပ်ဆောင်သွားတာ ဖြစ်ပြီးတော့ ကဏ္ဍတွေ တော်တော်များပါတယ်။ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သစ်တော စသည်ဖြင့်ပေါ့။ အားလုံးလိုလို ဒေသအလိုက် လိုအပ်ချက်တွေကို လုပ်နေတာဆိုတော့ တော်တော်များများ ဟိုဟာပေါ့ ကဏ္ဍတွေ များပြားပါတယ်လို့။ ဆိုတော့ ခုအချိန်မှာဆိုလို့ရှိရင် အားလုံးရဲ့ ယုံကြည်ပံ့ပိုး ကူညီမှုတွေကြောင့် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ ဒေသလုပ်ငန်းတွေဟာ ပြည်နယ် ၅ ခုနဲ့ တိုင်းဒေသကြီး ၄ ခုမှာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျမလေ ကျေးဇူးတင်တယ်။ ဟိုဟာပေါ့ ၁၉၉၄ ခုနှစ် KIO နဲ့ နိုင်ငံတော်ရဲ့ အပစ်အခတ်ရပ်စဲရေး ရရှိပြီးတဲ့နောက် ကျမတို့ ဒီ ဒေသတွေမှာပေါ့နော် ပြည်တွင်း မငြိမ်သက်မှုရဲ့ ဆိုးကျိုးတွေကို ခံစားနေရတဲ့ ဒေသတွေကို အကူအညီပေးနိုင်မယ့် ကိစ္စတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ပေးဖို့ တံခါးဖွင့်ပေးတဲ့ နိုင်ငံ့အကြီးအကဲတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးကို ကျမ ကျေးဇူးတင်ကြောင်းကို ဒီနေရာကနေ ပြောချင်ပါတယ်။ ပြီးတော့ ကျမကို အမှတ်မထင်ပေါ့နော် ၁၉၈၉ ခုနှစ်မှာ ကျမကို ဒီ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လုပ်ဆောင်နိုင်ဖို့ပေါ့လေ လမ်းညွှန်ပေးခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ KIO ဒုဥက္ကဌကြီး ဦးဘရန်ဆိုင်း ဒီနောက်ပိုင်းမှာလည်း တောက်လျှောက် ကျမကို KIO ခေါင်းဆောင်များကလည်း အမြဲပဲ ကျမကို ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အားပေးကူညီခဲ့တဲ့အတွက်ကြောင့်မို့ သူတို့ကိုလည်း ကျမ ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောချင်ပါတယ်။”

ဒီဆုကိုတော့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ သြဂုတ်လ ၃၁ ရက်နေ့မှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။

ဒီ Magsaysay ဆုကို မြန်မာနိုင်ငံသား ၄ ဦး လက်ခံရရှိဖူးတာမှာ ၁၉၅၉ ခုနှစ်က The Nation သတင်းစာကို စတင်တည်ထောင်သူ သတင်းစာ ဆရာကြီး ဦးလောရုံ (Edward Law Yone) ၊ ပရဟိတအကျိုး သယ်ပိုးသူ တီတီလု့စ် (Tee Tee Luce) ၊ ၂၀၀၂ ခုနှစ်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မယ်တော်ဆေးခန်းဖွင့်ပြီး စေတနာ့ဝန်ထမ်း ဆေးကုသပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်နဲ့ ၂၀၀၉ ခုနှစ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Earth Rights International က ကစောဝါး တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG