သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ရေးထိုးဖို့ RCSS/SSA တောင်ပိုင်းသဘောတူ


၂၀၁၂ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က RCSS ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ် ကတိကဝတ်ရေးထိုးနေစဉ်။ (ဓာတ်ပုံ- ဦးညိုအုန်းမြင့် )
၂၀၁၂ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က RCSS ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ် ကတိကဝတ်ရေးထိုးနေစဉ်။ (ဓာတ်ပုံ- ဦးညိုအုန်းမြင့် )

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအဖွဲ့က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးဖို့ ဒီကနေ့ ပြီးဆုံးသွားတဲ့ ဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ လောလောဆည်မှာတော့ လာမယ့် ၁၅ ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ထားတဲ့ လက်မှတ်ရေးထိုးပွဲကို လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ ပါဝင်မှာဖြစ်ပြီး ဝ၊ မိုင်းလားနဲ့ နာဂအဖွဲ့တွေကတော့ ပါဝင်လက်မှတ်ရေးထိုးဖို့ မသေချာသေးပါဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရန်ကုန်မြိုမှာ တွေ့ဆုံဆွေးနွေးပြီး NCA လက်မှတ်ရေးထိုးရေးအတွက် အချိန်နဲ့ နေရာတွေ သတ်မှတ်ခဲ့ချိန်အထိ RCSS/SSA တောင်ပိုင်းက ပါဝင်လက်မှတ်ရေးထိုးရေးအတွက် အပြီးအပြတ် ဆုံးဖြတ်ချက်မပေးခဲ့ပါဘူး။ဒီဆုံးဖြတ်ချက်ကို RCSS/SSA တောင်ပိုင်း ဗဟိုကေ်ာမတီ အစည်းအဝေးက ဆုံးဖြတ်သွားမှာဖြစ်ကြောင်းသာ သတင်းထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဗဟိုကော်မတီအစည်းအဝေးပြီးဆုံးခဲ့ပြီး NCA လက်မှတ် ရေးထိုးရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီဖြစ်ကြောင်း RCSS/SSA တောင်ပိုင်းက ဗိုလ်မှုးကြီး စိုင်းလှက အခုလို ပြောပါတယ်။

“အခုကျနော်တို့ ဗဟိုကော်မတီဝင်တွေအားလုံးဆုံးဖြတ်ပါတယ်။ လက်မှတ်ထိုးပွဲဖြစ်မြောက်ရေးကော်မတီ စီစဉ်ထားတဲ့ အစီအစဉ်အတိုင်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားကြမှာပါ။”

UPWC နဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ဖွဲ့က ကိုယ်စားလှယ်တွေ ဒီလ ၄ရက်နေ့ ဆွေးနွေးစဉ်က လာမယ့် ၁၅ရက်နေ့မှာ နေပြည်တော် က မြန်မာကွန်ဗင်းရှင်းစင်တာ ၂မှာ လက်မှတ် ရေးထိုးပွဲကျင်းပဖို့ သဘောတူခဲ့ကြသလို တဖက်မှာ ကိုယ်စားလှယ် ၁၀ဦးစီ ပါဝင်တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပရေး ပူးတွဲကော်မတီကိုလည်း ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီလ ၈ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ လက်မှတ်ရေးထိုးပွဲကျင်းပရေးကော်မတီ အစည်းအဝေးရှိနေပြီး ဒီအစည်းဝေးကိုတော့ RCSS/SSA တောင်ပိုင်းအဖွဲ့က ပါဝင်တက်ရောက်နိုင်မှာ မဟုတ်ဘဲ ၉ ရက်နေ့မှာမှ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် NCA ကို လောလောဆည် ကရင်အမျိုးသားအစည်းအရုံး KNU ၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်ဖွဲ့ DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA-PC ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နဲ့ RCSS/SSA တောင်ပိုင်းတို့ ပါဝင်လက်မှတ် ရေးထိုးကြမှာ ဖြစ်ပါတယ်။

NCA စာချုပ်ရေးဆွဲရာမှာ ပါဝင်တဲ့ ကျန် အဖွဲ့ ၁၀ဖွဲ့ အနက်က ၆ဖွဲ့ကို အစိုးရက လက်မှတ်ရေးထိုးဖို့ မကမ်းလှမ်းခဲ့တာကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA မြောက်ပိုင်းအဖွဲ့တွေက လောလောဆည် ပါဝင်လက်မှတ် မရေးထိုးပါဘူး။

NCA စာချုပ်ရေးဆွဲရာမှာ မပါဝင်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP၊ မိုင်းလားခေါ် NDAA အဖွဲ့နဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K တို့ကတော့ ပါဝင်လက်မှတ်ထိုးမယ် မထိုးမယ်ဆိုတာ အခုချိန်ထိ အကြောင်းမပြန်သေးပါဘူး။

လက်ရှိအခြေအနေကို မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ဝန်ကြီးဦးအောင်မင်း ဘက်ကနေပြီးတော့ တဖွဲ့ချင်းကို လက်မှတ်ရေးထိုးမလား မထိုးဘူးလားဆိုတာတော့ အခုထိတော့ မေးတာမျိုးမရှိသေးဘူး။ ဒါပေမယ့် အချိန်တခုမှာတော့ မေးမယ်လို့ထင်တယ်ဗျာ။ ဘာကြောင့်လဲဆိုတော့ ဝန်ကြီးဦးအောင်မင်းအနေနဲ့ အောက်တိုဘာ ၄ ရက်နေ့ဆွေးနွေးပွဲမှာ ရှင်းပြနေတာကတော့ လက်မှတ်မထိုးခင် ၂ ရက်၊ ၃ ရက် အလိုမှာ မတရားအသင်းပယ်ဖျက်ဖို့ကိစ္စတွေရှိတယ်လို့ဆိုတဲ့အတွက် အကြောင်းပြန်ရမယ့်သူတွေကတော့ စာနဲ့ပေနဲ့အကြောင်းပြန်မယ့်သဘောပါပဲ။ သူတို့အနေနဲ့ကတော့ မတရားအသင်းကို လုပ်ဆောင်ရမှာရှိတဲ့အတွက် အခုထိတော့ စာနဲ့ပေနဲ့အကြောင်းပြန်ဖို့ အချိန်အတိုင်းအတာတခုပေးထားပုံပေါ်တယ်ခင်ဗျာ။ အဲဒီအချိန်တခုအထိတော့ စောင့်မယ့်သဘောရှိတယ်။”

အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေချိန်မှာတော့ ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ် အတွင်းမှာ အစိုးရတပ်နဲ့ KIO၊ PSLF ပလောင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့၊ SSA မြောက်ပိုင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေဆဲ ရှိပါတယ်။

XS
SM
MD
LG