သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်မူကြမ်းသဘောတူညီမှု ကုလနဲ့ အမေရိကန်ကြိုဆို


ဆယ်စုနှစ်ပေါင်းများစွာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် NCA မူကြမ်းကို မတ်လ ၃၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုဆိုလိုက်ပါတယ်။

မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၆၀ လောက် လက်နက်ကိုင်တိုက်ပွဲဝင်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့နဲ့ မြန်မာအစိုးရအကြား တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်း လက်မှတ်ရေးထိုးလိုက်နိုင်တာဟာ သမိုင်းဝင် ထူးခြားတဲ့ သဘောတူညီချက်ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ကပြောကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ နေ့စဉ် ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း အင်္ဂါနေ့က ပြောပါတယ်။

“မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့အကြား ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းဟာ သမိုင်းဝင် ထူးခြားတဲ့ သဘောတူညီဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က ပြောတဲ့အကြောင်း၊ အခုလို သဘောတူညီချက် ရလိုက်တာဟာ သာယာဝပြောတဲ့ အနာဂတ် မြန်မာနိုင်ငံ တည်ထောင်ရေးအတွက် အရေးပါတဲ့ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ညှိနှိုင်း ဆွေးနွေးဖို့အတွက် ပထမခြေလှမ်းဖြစ်ကြောင်း၊ ဒီ သဘောတူညီချက်ဟာ အရင်က ရန်သူဟောင်းတွေအကြား ယုံကြည်မှု တည်ဆောက်ပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာစေမယ့် သင်္ကေတဖြစ်ကြောင်း၊ Vijay Nambiar ထုတ်ပြန်တဲ့ ကြေညာချက်ကို အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Farhan Haq က ပြောသွားတာပါ။”

အခုရရှိလိုက်တဲ့ သဘောတူညီချက် မူကြမ်းဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ဆိတ်သုဉ်းနေတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ရေးကို ဦးတည်မယ့် သမိုင်းဝင် ခြေလှမ်းတရပ်ဖြစ်ကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကလည်း ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

နှစ်ပေါင်းများစွာ တည်ရှိနေခဲ့တဲ့ သဘောထား ကွဲပြားမှုတွေကို ဖြေရှင်းနိုင်ရေးအတွက် နှစ်ဘက်စလုံးက စေ့စပ်ညှိနှိုင်း အဖြေရှာရေး လမ်းစဉ်ကို ရွေးချယ်လိုက်ကြတဲ့အတွက် ချီးကျူး ဂုဏ်ပြုကြောင်းလည်း အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့လည်း ရှိပြီးသားဖြစ်တဲ့ ဒီမိုကရေစီအရေး၊ တရားမျှတရေးနဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ အချက်တွေအပေါ် ဒေသခံ မြန်မာနိုင်ငံသားတွေက ဒီသဘောတူညီချက်အပေါ် ထောက်ခံကြသလိုပဲ အမေရိကန် ပြည်ထောင်စုအနေနဲ့ ထောက်ခံမြဲ ဆက်လက် ထောက်ခံသွားမှာတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အင်္ဂါနေ့က ရရှိလိုက်တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်း လက်မှတ်ထိုးပွဲကို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အခု ရရှိလိုက်တဲ့ သဘောတူညီချက် စာချုပ်မူကြမ်းပါ အချက်တွေကို နိုင်ငံတော်သမ္မတ၊ ကာကယ်ရေးဦးစီးချုပ်တို့ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ UPCC ရဲ့ အတည်ပြုချက် ရယူရမှာ ဖြစ်သလို၊ NCCT ခေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်ကလည်း ဒီစာချုပ်မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီး ခေါင်းဆောင်တွေရဲ့ သဘောတူညီမှု ထပ်မံရယူဖို့ ရှိနေပါတယ်။ ဒီလို အတည်ပြုချက် ရပြီးတဲ့နောက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အပြီးသတ် လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG