သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတသစ်အပေါ် အမေရိကန်ရောက် မြန်မာတချို့အမြင်


မြန်မာနိုင်ငံမှာ သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရသစ် တက်လာပါပြီ။ တက်လာတဲ့ အစိုးရသစ် အနေနဲ့ လိုအပ်ချက်တွေ အများကြီးရှိနေတဲ့ မြန်မာနိုင်ငံမှာ ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဘယ်လို မြင်ကြပါသလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတသစ် ဦးထင်ကျော် တက်လာပြီး အပြောင်းအလဲတွေ ဖြစ်လာပြီ ဆိုပေမဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ စစ်တပ်ရဲ့ လွှမ်းမိုးမှုတွေ ရှိနေသေးတာမို့ နိုင်ငံတကာမှာလို သမ္မတအနေနဲ့ နိုင်ငံအတွက် သူလုပ်ချင်တာတွေကို အပြည့်အဝ လုပ်ခွင့်ရှိအောင် စစ်တပ်ကို အရပ်ဘက်အုပ်ချုပ်ရေး လက်အောက်မှာ ရှိစေချင်တယ်လို့ ရေဇင်းစိုက်ပျိုးရေး တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဆရာ ဆလိုင်းထွန်းသန်းက ပြောပါတယ်။

“ကျနော်မြင်ချင်တာတော့ နိုင်ငံတကာမှာလိုပဲ စစ်တပ်သည် အရပ်သားအောက်မှာ ရှိစေချင်တယ်။ အဓိပ္ပါယ်ကတော့ သမ္မတသည် အလုံးစုံကိုပိုင်တဲ့ အာဏာပိုင်တယောက် ဖြစ်စေချင်တယ်။ ဒါကတော့ တစ်အချက်။ တရားဥပဒေစိုးမိုးရေးဆိုတာက ပါးစပ်နဲ့ စာပေါ်မှာပဲ ရှိတယ်။ တကယ်မှ မကျင့်ဘဲ။ အဲဒါတော့ ကျင့်စေချင်တယ်။ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ဥစ္စာကတော့ ဒါ တော်တော့်ကို လိုအပ်တယ်။ နောက်ဆုံးအချက်က ဒေါ်စုက ပြောတယ်လို့ပြောတယ် အဲဒါတော့ ထောက်ခံတယ်။ အဲဒါ ဘာလဲဆိုတော့ ကျနော်တို့ လူမျိုးရေး ပယ်ရမယ်။ ဘာသာရေး ပယ်ရမယ်။ အရပ်တကာ စွဲလန်းမှုတွေကို ကျနော်တို့ ပယ်ရမယ်။ လူတော်လူကောင်း တက်ဖို့ လိုနေပြီ ကျနော်တို့။ လူတော်လူကောင်းမတက်လို့ ကျနော်တို့ အကုန်လုံး အဖတ်ဆယ်လို့ကို မရတော့ဘူး။ အဲ့သလိုဖြစ်နေတယ်။”

မေး - အခု ဦးထင်ကျော် တက်လာတော့ရော ဆရာ။

ဖြေ - “ဝမ်းတော့သာတယ်။ သူ ဘယ်လိုလုပ်မလဲဆိုတာတော့ ကျနော် မသိဘူး။ သို့သော်လည်းပဲ မျှော်တော့မျှော်လင့်တယ်။ ကောင်းတာတွေ သူလုပ်လိမ့်မယ်လို့။ ဘယ်လောက်ပဲ ကောင်းတာတွေ သူလုပ်လိမ့်မယ်လို့ ပြောပေမဲ့လို့ သူ့မှာ အာဏာက အပြည့်မရှိဘူးဆိုတော့ ကျနော်တို့ သိနေပြီးသား ဖြစ်နေပြီ။ အဲဒါတော့ ကျနော် စိုးရိမ်တယ်။”

နှစ်ပေါင်း ၅၀ ကျော် စစ်တပ်အုပ်ချုပ်ရာကနေ အရပ်သားအစိုးရစစ်စစ် တက်လာတာမို့ အပြောင်းအလဲတွေတော့ နေ့ချင်းညချင်း မြင်ရအောင် မျှော်လင့်လို့ မရနိုင်ဘူးလို့ မှတ်ချက်ပေးသူကတော့ အနောက် Illinois တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ရန်နိုင်လွင်ပါ။

“ကြားရတာ တွေ့ရတာတော့ ဝမ်းသာတာပေါ့။ မျှော်မှန်းကြည့်တာပေါ့ ရှေ့ကို ကောင်းလာဖို့အတွက်။ အားလုံးအတွက် ကောင်းလာမယ်လို့ ထင်တာပဲလေ။ ဒါပေမဲ့ အချိန်ကတော့ ယူရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်း ဒီလောက်အကြာကြီး ဖြစ်ခဲ့ပြီးတော့ အခုကျမှ ပြောင်းရတော့ လုပ်ရမယ့် ဟိုဒင်းတွေက အများကြီးကိုး။ အဲတော့ လူတိုင်းလူတိုင်းက အကုန်လုံး တာဝန်ရှိကြတာပေါ့။ အဲဒါကို ဒီလိုပြောင်းလိုက်တာနဲ့ ချက်ခြင်း နောက်တနေ့ကောင်းသွားမယ်လို့ ဆိုပြီးတော့ တွေးလို့မရဘူး။ နဲနဲ သည်းညည်းခံရမှာပေါ့။”

အခု မြန်မာနိုင်ငံရဲ့ အနေအထားဟာ ပြည်သူတွေ လိုလားတဲ့ အနေအထား အသင့်အတင့် ရောက်နေပြီလို့ အမေရိကန်နိုင်ငံကို ရောက်နေတဲ့ အနုပညာရှင် ကာတွန်း ဝင်းထွန်းက သုံးသပ်ပါတယ်။

“အခု ဗမာပြည်မှာ အာဏာလွှဲပြောင်းမှုပဲ ဆိုဆို၊ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲပဲ ပြောပြော၊ ဒုတိယလွတ်လပ်ရေးလို့လည်း ဆိုဆို၊ ကျနော်တို့ ပြည်သူတွေ လိုချင်တဲ့အနေအထား အသင့်အတင့်ရောက်ပြီလို့ ပြောလို့ရပါတယ်။ ဒီအတွက် ဝမ်းသာစရာလည်း ကောင်းပါတယ်။ နှစ်ရှည်လများ စောင့်ခဲ့ရတဲ့ ကိစ္စတခုအတွက် ဝမ်းသာအားရ ဖြစ်မိပါတယ်။ ဒါပေမဲ့လို့ ကိုယ်လိုချင်သလိုတော့ ဖြစ်မလာသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနေအထားတွေ အားလုံးကို ပြည်သူတွေလည်း သိပါပြီလေ။ ဘာဖြစ်လို့လဲဆိုတော့ တဘက်ကလည်း လုံးဝဥဿုံ လျှော့ပေးတာမျိုးမှ မဟုတ်ဘဲဟာ။”

ဒီလို အနေထားမှာ တက်လာတဲ့ အစိုးရသစ်အနေနဲ့ လိုအပ်ချက်တွေ အများကြီး ရှိနေတဲ့ မြန်မာနိုင်ငံအတွက် လုပ်စရာတွေ အများကြီး ရှိနေသလို ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေလည်း အများကြီး ရှိနေတယ်လို့ ထောက်ပြပါတယ်။

“ဆင်းရဲချမ်းသာကွာဟမှုက အရမ်းကို လွန်လွန်းတော့ ငတ်ပြတ်နေတဲ့သူတွေ တပုံကြီးပါပဲ။ အဲတော့ ဒီလူတွေကို ကိုယ်တိုင် ထမင်းမကျွေးနိုင်ရင်တောင် သူတို့ ချောင်လည်နိုင်အောင် ဘာစီစဉ်ပေးနိုင်မလဲ။ နောက်တချက်က သန့်ရှင်းမှုနဲ့ ကျန်းမာရေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်မှာ ဘာမှမလုပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာတဲ့အတွက် မြို့ကြီးမြို့ငယ်တွေ အားလုံးဟာ လူတွေအတွက် သန့်ရှင်းမှုမရှိဘူး။ ကျန်းမာရေးဟာ ထိခိုက်ပြီးတော့ အရာရာ ချို့ယွင်းနေကြမှာပဲ။ နောက်တခုက အဓိက ပညာရေးပဲ။ ကျနော်တို့ ခေတ်ကတည်းက ရတဲ့ဘွဲ့ဟာ ဘာမှမှ သုံးမရတာပဲ။ အခုလည်း မထူးပါဘူး။ ရရာ အလုပ်ကလေးတွေ နိုင်ငံခြားကပဲ လာလာ၊ ပြည်တွင်းကပဲ ဖွင့်ဖွင့် ကုမ္ပဏီလေးတွေမှာ သင့်ရာသင့်ရာ ဝင်နေကြပြီး ဘာမှ ဒီလောက် အလုပ်မဖြစ်ကြဘူး။ အဓိကကတော့ အတတ်ပညာ အများကြီး လိုအပ်နေတာ။ နောက်တခုက တိုင်းပြည်ပွင့်လင်းလာရင် ဝင်လာကြတော့မယ်။ ဝင်လာကြလို့ရှိရင် ခုနကပြောတဲ့ အတတ်ပညာဟာ မရှိမဖြစ် လိုအပ်လာပြီ။ အဲဒါတွေကို နားလည်ပြီးတော့ နောက်မျိုးဆက်သစ်ဖြစ်ဖြစ်၊ လက်ရှိပဲဖြစ်ဖြစ်၊ ကိုယ်လိုအပ်တာကို ကိုယ်လုပ်ဖို့ပဲ လိုတယ်။ နောက်တခုက အရာရာကို အားကိုးနေလို့ မရဘူး။ အစိုးရက ပွင့်လင်းအောင်၊ လမ်းဖြောင့်အောင် ဖွင့်ပေးရုံပဲ တတ်နိုင်တယ်။ လူတိုင်း ကိုယ့်ဟာကိုယ် လျှောက်ရမှာ။ လူ တော်တော်များများရဲ့အသံက အားကိုးလွန်းတယ်။ မျှော်လင့်လွန်းတယ်။ အဲဒါဟာ အစိုးရအသစ်လည်း ဒုက္ခရောက်မယ်။ လူတွေလည်း ဘာမှဖြစ်မှာမဟုတ်ဘူး။”

အစိုးရသစ်အဖွဲ့ဟာ ဧပြီလ ၁ ရက်နေ့မှာ တာဝန်စတင် ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG