သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ


သမ္မတဦးသိန်းစိန်မှ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအသီးသီးမှတာဝန်ရှိသူများကို မိန့်ခွန်းပြောစဉ်။ ( သတင်းမှတ်တမ်း- သမ္မတရုံး)
သမ္မတဦးသိန်းစိန်မှ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအသီးသီးမှတာဝန်ရှိသူများကို မိန့်ခွန်းပြောစဉ်။ ( သတင်းမှတ်တမ်း- သမ္မတရုံး)
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတွေ အခုထိရှိနေသလို ကောင်းမွန်တဲ့ အစိုးရနဲ့ အုပ်ချုပ်ရေး ရဖို့ လိုအပ်ချက်တွေ အများကြီးရှိနေတာမို့ ပြုပြင်ပြောင်းလဲရေးမှာ လူထုတရပ်လုံး ပါဝင်ကြဖို့ ဗုဒ္ဓဟူးနေ့ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူ တွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သမ္မတက ပြုပြင်ပြောင်းလဲရေး အတွက် အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဖို့ အဓိကထားပြောကြားခဲ့ ပေမယ့် နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ ဗျူရိုကရေစီယန္တရားကို ပြင်ဖို့ တော်တော်ခက်ခဲမှာ ဖြစ်တဲ့ အပြင် စစ်အုပ်စုဘက်က အများစုပါဝင်တဲ့ အစိုးရတရပ်အတွက် စစ်အစိုးရလက်ထက်က ကျန်နေတဲ့ အခွင့်ထူးခံတွေပြဿနာ ကို အရင်ရှင်းဖို့ လိုအပ်တယ်လို့ သုံးသပ်သူတချို့က မြင်ပါတယ်။ ဒီမိန့်ခွန်းနဲ့ ပါတ်သက်ပြီး မြန်မာ့ အရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်ခင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာမှာ အခုလို စပြောပါတယ်။

ဦးအောင်ခင်- “မြန်မာပြည်ရဲ့ပြုပြင်ရေးလုပ်တယ်ဆိုတာ အထက်ကလုပ်တာကိုး၊ အောက်ကို ဘယ်လောက်အထိ ရောက်ပြီလည်းဆိုတာ ပြောရတာခက်တယ်။ အရင်တုန်းကလည်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်ဖို့ သန့်ရှင်းတဲ့အစိုးရ အခုလည်းပြောတယ်။ အခုတခါ ထူးခြားတာကတော့ ကော်မတီဖွဲ့တာပေါ့လေ။ ကော်မတီတွေဖွဲ့ပြီး ထိထိရောက်ရောက်လုပ်ဖို့ ရပ်ကွက်၊ကျေးရွာကော်မတီတွေ၊ အထိအောင်ဖွဲ့စည်းပြီးတော့ အထက်ကို တင်ပြနိုင်မယ့် သဘောမျိုး ပြောသွားတာတော့ ထူးခြားတယ်လို့ထင်တယ်။

မိန့်ခွန်းတခုလုံး ကျနော်ဖတ်ကြည့်တဲ့အခါကျတော့ ကျနော်ထင်တယ် ဒါအစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေ ပြင်ဖို့ ပြောတာပေါ့လေ။ ဆိုတော့ ဒီဥစ္စာက လည်း တော်တော်ခက်ခဲတဲ့ အလုပ်ပဲလေ။အစိုးရက နှစ်ပေါင်း ၂၀လောက် အစိုးရဗျူရိုကရေစီယန္တရားကြီးက ခြစားပြီးတော့ ထင်ရာမြင်ရာ စိုင်းလာတဲ့ ယန္တရားကြီးကို ပြင်ဖို့ဆိုတာက ဦးသိန်းစိန်အစိုးရက ၂၁လပဲရှိသေးတယ်။ ၂၁လထဲမှာ ဒီလောက် ယိုယွင်းပျက်စီး ခြစားနေတဲ့ ဗျူရိုကရေစီယန္တရားကြီးနဲ့ သန့်ရှင်းတဲ့အစိုးရ လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ အလုပ်ပဲ။ အဲ့တော့ သူတို့ပြောတာတွေက ဘယ်လောက် အထိအောင် အောက်ခြေကို ရောက်လာလည်း၊ ပြည်သူလူထုဘဝနဲ့ ဘယ်လောက်အထိအောင် နီးစပ်လာလည်း၊ လက်တွေ့မှာ သိရဖို့ တော်တော်ခက်ခဲတယ်လေ။”

ဒေါ်ခင်မျိုးသက်- “ဟုတ်ကဲ့ရှင်။ အခုလိုမျိုး နှစ်ပေါင်းများစွာ ခြစားပြီး အရိုးစွဲနေတဲ့ဒီမူဝါဒနဲ့ နေလာတဲ့ လူထုတွေပေါ့နော်။ ဒီလူထုတွေအတွက် သမ္မတရဲ့မိန့်ခွန်းဟာ ဘယ်အတိုင်းအတာအထိ လိုက်နာနိုင်မယ်လို့ရော ဆရာယူဆပါသလဲဆရာ။”

ဦးအောင်ခင်- “အဲ့တာလည်း ပြောရခက်တယ်။ ဟိုတနေ့ကတောင် ကျနော်တွေ့လိုက်သေးတယ်။ ရပ်ကွက်ကော်မတီ ရွေးကောက်ပွဲလုပ်တဲ့အခါမှာ လုပ်ထုံးလုပ်နည်းနဲ့ တယောက်နဲ့တယောက်အဆင်မပြေဖြစ်ပြီး လက်သီးနဲ့ ဆွဲထိုးတာတို့ ဘာတို့ပေါေ့လ။ ဆိုတော့ ဒီမိုကရေစီဆိုတာ အကျင့်ပေါ့ဗျာ။ အလေ့အကျင့်ပေါ့။ အမေရိကန်မှာ ဒီမိုကရေစီထွန်းကားတယ်ဆိုတာ လူတိုင်းက နိုင်ငံရေးကို စိတ်ဝင်စားပြီး အစည်းအဝေးခေါ်ရင် တအိမ်တယောက်ဆို တအိမ်တယောက်သွားတယ်။ စိတ်ဝင်စားတယ်။ ဆွေးနွေးတယ်။ အလေ့အထပေါ့ဗျာ။ အလေ့အထက မြန်မာပြည်မှာ မရှိဘူး။ ဘယ်ရှိနိုင်မလဲဗျာ။ စစ်တပ်က အုပ်ချုပ်နေတဲ့တိုင်းပြည်ဘဲ။ အခုလည်းပဲ သူပြောသွားတဲ့အထဲမှာ စစ်တပ်က မပါဘူး။ ဒါတွေ ဘယ်လောက်ပဲလုပ်လုပ် စစ်တပ်က ဝင်လုပ်လိုက်ရင် ပျက်ဦးမှာဘဲ။ ဘယ်ဘက်မှာကျတော့ သေနတ်ရှိတဲ့ စစ်ဗိုလ်က ကြီးစိုးနေတာကိုး။”

ဒေါ်ခင်မျိုးသက်- “ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာပေါ့နော်။ အုပ်ချုပ်ရေးမှာ သမ္မတအနေနဲ့ ဘယ်အတိုင်းအတာအထိ သက်ရောက်မှုရှိတယ်။ ဥပမာ လွှတ်တော်ထဲမှာဆိုရင်လည်း တချို့ဆုံးဖြတ်ချက်တွေက အကြာကြီး ဆိုင်းငံ့ထားရတာရှိတယ်ပေါ့နော်။ ဥပမာ မီဒီယာဥပဒေလိုမျိုးပေါ့။ နောက် ရခိုင်ပြည်နယ်ထဲမှာဖြစ်တဲ့ အဓိကရုဏ်းတွေ၊ တိုင်းရင်းသားအရေးမှာလည်း ကချင်ဒေသမှာ သမ္မတက အပစ်ရပ်ဖို့ပြောတယ်။ ဒါပေမဲ့ အခုထက်ထိ စစ်တပ်ဘက်က မရပ်ဘူး။ ဒါတွေမဖြစ်အောင် သမ္မတအနေနဲ့ အကောင်းဆုံးဖြစ်အောင် ဘာလုပ်ဖို့လိုတယ်လို့ ဆရာအနေနဲ့ မြင်ပါသလဲ။”

ဦးအောင်ခင်-“သူကတော့ သူတတ်နိုင်သလောက် လုပ်နေတဲ့ပုံစံပဲပေါ့လေ။ အစိုးရစနစ်ကို ပထမဆုံး သူကောင်းအောင်လုပ်မယ်။ အစိုးရစနစ်ကောင်းသွားရင် ကျန်တဲ့ဟာတွေလည်း သူကောင်းအောင် လုပ်လို့ရမယ်လို့ သူထင်တာပေါ့လေ။ ကျနော်တို့ တချို့ မြင်ကြတာကျတော့ ဦးသိန်းစိန်အစိုးရကလည်း စစ်အုပ်စုက ဖွဲ့ထားတဲ့အစိုးရပဲလေ။ သူအစိုးရစနစ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ပေမယ့် စစ်အုပ်စုရဲ့အခွင့်ထူးခံတွေ၊ အခွင့်ထူးခံဘဝကနေပြီးတော့ ဘယ်လိုလုပ်ပြီး အားလုံးတန်းတူညီတူဖြစ်အောင် လုပ်မလည်းဆိုတာတွေတော့ မပါဘူးပေါ့ဗျာ။ ဥပမာ စစ်အုပ်စုက ရောင်းစားတဲ့ ဓာတ်ငွေ့ကရထားတဲ့ ဒေါ်လာတွေ၊ အစိုးရကနေပြီးတော့ တိုင်းပြည်အတွက် ဘယ်နေရာမှာ သုံးမလဲဆိုတာ ပြောသံ တခါမှ ကျနော်တို့မကြားရဘူး။ သဘာဝသယံဇာတရောင်းစားတယ်ဆိုတာ တိုင်းပြည်ရဲ့ ပိုက်ဆံပဲ။ ဦးပိုင်ကုမ္ပဏီရဲ့ပိုက်ဆံမဟုတ်ဘူး။ စစ်အုပ်စုရဲ့ ပိုက်ဆံမဟုတ်ဘူး။ တိုင်းပြည်ကရတဲ့ ဒေါ်လာတွေကို တိုင်းပြည်အတွက် ဘယ်လိုသုံးမယ်ဆိုတာ ပြောရင် တိုင်းသူပြည်သား ထောက်ခံမှု ပိုရမှာပေါ့လေ။”

ဒေါ်ခင်မျိုးသက်- “ အခုအချိန်မှာ လူထုထက်ကို နိုင်ငံရပ်ခြားကနေ လာပြီးတော့ ရင်းနှီးမြုတ်နှံမယ့်သူတွေကို ဆွဲဆောင်ဖို့အတွက် ဦးစားပေးနေတယ်လို့ သုံးသပ်နေသူတွေလည်းရှိနေပါတယ် ဆရာ။ ဆရာ့အမြင်ကို သိပါရစေ။”

ဦးအောင်ခင်-“ဘယ်လောက်ပဲဆွဲဆောင်၊ ဆွဲဆောင်လေ။ မြန်မာပြည်မှာ နိုင်ငံခြားကလာပြီး ရင်းနှီးမြုတ်နှံတဲ့သူတွေက ဒီတိုင်းပြည်မှာ လုပ်ရင် သူတို့အတွက် အကျိုးရှိမရှိဆိုတာ သူတို့ကပိုသိတာပေါ့။ ဘယ်လောက်ပဲဆွဲဆောင် ဆွဲဆောင် သူတို့လာချင်မှ လာမှာပေါ့။ အခုကတော့ လာပြီးတော့ လေ့လာနေတဲ့အဆင့်ပဲ ရှိသေးတာကိုး။”

ဒေါ်ခင်မျိုးသက်- “ဟုတ်ကဲ့ဆရာ။ လုပ်ဖို့တော့ အများကြီးလိုသေးတယ်ပေါ့နော်။”

ဦးအောင်ခင်- “ဟုတ်ပါတယ်ခင်ဗျ။ ကြည့်ရတာ ဦးသိန်းစိန်အစိုးရ က စစ်အုပ်စုရဲ့ သြဇာခံ၊ စစ်အုပ်စု အခွင့်ထူးခံ၊ ဘယ်လောက်အထိအောင် သူလုပ်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။”

ဒေါ်ခင်မျိုးသက်- “ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။”
XS
SM
MD
LG