သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်မိန့်ခွန်းအပေါ် မတူကွဲပြားအမြင်


မြန်မာသမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝပ်ဆိုဒ်)
မြန်မာသမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝပ်ဆိုဒ်)
ရခိုင်ပြည်နယ် ပဋိပက္ခကို နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး စတဲ့ ရှုထောင့်ပေါင်းစုံကနေ အရေးယူ ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန် က ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တနင်္လာနေ့ညဘက်က ရေဒီယိုနဲ့ ရုပ်မြင်သံကြားတို့ကနေတဆင့် လူထုကို ရှင်းလင်း ပြောဆိုတာမှာ သမ္မတက အဲ့ဒီလို ပြောသွားတာပါ။ သမ္မတရဲ့မိန့်ခွန်းပါ အချက်တချို့နဲ့အတူ မိန့်ခွန်းအပေါ် အမြင်သဘောထားတွေကို စုစည်းပြီး ရန်ကုန်-ဗွီအိုအေရုံးခွဲကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ခဲ့ပါတယ်။

ဧပြီလ ၂၉ ရက်နေ့က ထွက်တဲ့ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြု တင်ပြချက်တွေ အပါအဝင် ပဋိပက္ခအပေါ် အမြင်သဘောထားတွေကို သမ္မတ က ရှင်းလင်းပြောဆိုခဲ့တာပါ။ ရခိုင်ပြည်နယ် ပဋိပက္ခအပေါ် အစိုးရအဖွဲ့ရဲ့ သဘောထားနဲ့ ရပ်တည်ချက်ကို သမ္မတ ဦးသိန်းစိန် က အခုလို ပြောခဲ့ပါတယ်။

“ရခိုင်ပြည်နယ် ပဋိပက္ခများနဲ့ပတ်သက်ပြီး ကျနော်တို့ အစိုးရရဲ့ ရပ်တည်ချက်ဟာ လက်ရှိအခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မယ့် လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာရေး ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်သွားမှာဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။”

မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အတွက် အခြေခံ အနှစ်သာရဟာ ဘာသာတရား အချင်းချင်း အပြန်အလှန် လေးစားမှု
ဖြစ်ပါတယ်လို့ သမ္မတကဆိုပြီး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ် ပေးသွားမယ်ဆိုတာ အာမခံပြောခဲ့သလို လွတ်လပ်စွာ ပြောဆိုခွင့်ကို တလွဲ အသုံးမပြုဖို့လည်း သတိပေးခဲ့ပါတယ်။

“ဒီအခွင့်အရေးကို အလွဲသုံးစားလုပ်ပြီး အမုန်းတရားကို တိုးပွားစေတဲ့ ပြောဆိုမှုများ လုပ်ဆောင်မှုများဟာ ပဋိပက္ခများကို ပိုမို ကြီးထွားစေခဲ့ပါတယ်။ ဒီနေရာမှာ ကျနော်တို့ သတိပြုရမယ့် အချက်တခုက အခွင့်အရေးတခုကို လွဲမှားစွာ အသုံးချခြင်းဟာ တခြား အခွင့်အရေးများကို ဆုံးရှုံးစေတယ်ဆိုတာကို သတိပြုရမှာ ဖြစ်ပါတယ်။”

ရခိုင်တိုင်းရင်းသားများနဲ့ အစ္စလာမ် ဘာသာကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုလုံးရဲ့ ပဋိပက္ခကို ဗုဒ္ဓဘာသာဝင်များနဲ့ မူဆလင်များ ကြားမှာဖြစ်တဲ့ ပဋိပက္ခအဖြစ် သူ့အဆိုအားဖြင့် ကျဉ်းမြောင်းတဲ့အမြင်နဲ့ လွဲမှားစွာ ပုံဖော်နေတာမျိုးဟာ
ပြဿနာကို ဖြေရှင်းဖို့ ပိုပြီး ခက်ခဲစေမယ်လို့ သမ္မတက သတိပေးပါတယ်။ ရခိုင်ပဋိပက္ခကို ဘယ်လိုအခြေခံတွေနဲ့ ကိုင်တွယ်ဖြေရှင်းသွားမယ် ဆိုတာကိုလည်း သမ္မတက ချပြခဲ့ပါတယ်။

“ရခိုင်ပဋိပက္ခကို နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးစတဲ့ ရှုထောင့်ပေါင်းစုံကနေ အစိုးရတရပ်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုပေးပြီး တိကျပြတ်သားစွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။”

သမ္မတရဲ့ပြောဆိုချက်တွေကို မူအားဖြင့် ကြိုဆိုပေမဲ့လည်း ဘဝင်မကျတာမျိုး ရှိတယ်လို့ ပြောသူကတော့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ NDPD ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးလှသိန်းပါ။

“သမ္မတကြီးရဲ့ မိန့်ခွန်းကိုတော့ ကျနော် ကြိုဆိုပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည်ဖော်မှုကိုတော့ ကျနော်တို့ စောင့်ကြည့်ရမှာပါပဲ။ နောက်ပြီးတော့ ဒီအထဲမှာ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ
ပြည့်စုံလုံလောက်တယ်လို့ ပြောတာကတော့ ကျနော်တို့အနေနဲ့ သိပ်ဘဝင်မကျဘူးခင်ဗျ။”

ကော်မရှင်ရဲ့ လေ့လာတွေ့ရှိချက်နဲ့ အကြံပြုချက်ထဲမှာ အဓိကအချက်တွေအနေနဲ့ ပါဝင်သလို သမ္မတအပါအဝင် အများစု ထောက်ပြနေကြတာကတော့ အဆမတန် များပြားတဲ့ လူဦးရေကိစ္စနဲ့ နိုင်ငံသားဖြစ်မှု ကိစ္စတွေပါပဲ။ ဒါ့အပြင် ပင်လယ်ပြင် လုံခြုံရေးနဲ့ နယ်စပ်ဒေသ လုံခြုံရေးကိစ္စတွေ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတွေဟာလည်း အဓိကအချက်တွေထဲမှာ ပါဝင်ပါတယ်။

တရားဥပဒေ စိုးမိုးရေးကို သမ္မတရဲ့ အခွင့်အာဏာ အသုံးပြု လုပ်ဆောင်သွားမယ်လို့ သမ္မတက ပြောခဲ့သလို၊ တရားဥပဒေ စိုးမိုးရေး တာဝန်ယူလုပ်ဆောင်တဲ့ ဝန်ထမ်းတွေ အနေနဲ့လည်း ဥပဒေအရ လုပ်ဆောင်ဖို့ ညွှန်ကြား အမိန့်ပေးထားပြီးဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

သမ္မတရဲ့ ပြောဆိုချက်တွေကို လက်ခံနိုင်စရာ ရှိပါတယ်လို့ဆိုပြီး နိုင်ငံသားကိစ္စမှာ အကျင့်ပျက် ခြစားမှုရှိခဲ့တာတွေကို အရေးယူ လုပ်ဆောင်ဖို့ တိုက်တွန်းသူကတော့ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ပါ။

“ခြုံပြီးတော့ ပြောသွားတာပါပဲ။ အကုန်လုံးကတော့ လက်ခံနိုင်စရာပါပဲ။ ကျနော်တို့ ရခိုင်ပဋိပက္ခ ကော်မရှင်နဲ့ပတ်သက်လို့တော့ သူတို့ဘက်က လုပ်ရမယ့်ဟာတွေကို ရည်ညွှန်းတာဖြစ်မှာပေ့ါ။ ဒါပေမဲ့ တခုတော့ရှိတာပေါ့နော်။ ဒီအစီရင်ခံစာမှာပါတဲ့ တချို့အချက်တွေအပေါ်မှာ အလေးအနက် ထားရမှာဖြစ်သလို၊ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်လို့ တကယ်လို့ နိုင်ငံသားဖြစ်ခဲ့ရင် နိုင်ငံသား မူလအခွင့်အရေးအရ
ပြည့်ပြည့်၀၀ ပေးရမှာဖြစ်တယ်ဆိုတာကို ကျနော်တို့ လက်ခံတယ်။ ပြီးခဲ့တဲ့ကာလတလျှောက်လုံးမှာ နိုင်ငံသားဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရှိသလို၊ မဖြစ်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း တချို့ ငွေရေးကြေးရေးအရ လာဘ်ပေးလာဘ်ယူ လုပ်ပြီးကာမှ နိုင်ငံသား ရအောင် လုပ်ပေးတာတွေရှိတယ်။ အဲ့ဒါတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အဲ့လိုမျိုး ငွေပေးပြီးကာမှ ရခဲ့တဲ့ပုဂ္ဂိုလ်တွေ ဒါတွေကို အရေးယူပေးဖို့ လိုပါလိမ့်မယ်။”

ပဋိပက္ခတွင်း ဘေးဒဏ်သင့်သူတွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးဆိုင်ရာတွေမှာ နိုင်ငံတကာ အကူအညီ ရယူမှာဖြစ်ပေမဲ့ နိုင်ငံတကာ အကူအညီပေး အဖွဲ့တွေအနေနဲ့လည်း ပိုရှုပ်ထွေးစေမယ့် အခြေအနေမဖြစ်အောင် သတိထားလုပ်ကြဖို့ သမ္မတက တိုက်တွန်းခဲ့ပါတယ်။

အရင်မူဝါဒတွေကြောင့် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွင်း ပြဿနာတွေ
ဖြစ်ရတာကို သင်ခန်းစာယူဖို့ သမ္မတက ပြောခဲ့သလို၊ ရခိုင်ပြည်နယ်တွင်းမှာ မူလရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေနဲ့ အခွင့်အရေးတွေကို လက်တွေ့အကျဆုံး နည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးသွား မှာဖြစ်ပြီး၊ ရခိုင် တိုင်းရင်းသားတွေရဲ့ ခံစားမှုနဲ့ လိုလားချက်တွေကိုလည်း လုံး၀ လျစ်လျူရှုမှာ မဟုတ်ပါဘူးလို့ သမ္မတက အလေးအနက် ပြောဆိုသွားပါတယ်။
XS
SM
MD
LG