သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဒုတိယသက်တမ်း အလားအလာ ဦးသိန်းစိန်ပြောဆို


သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်အတွင်း မီဒီယာနဲ့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ ဦးရဲထွဋ်၊ ပြန်ကြားရေးဝန်ကြီး)
သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်အတွင်း မီဒီယာနဲ့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ ဦးရဲထွဋ်၊ ပြန်ကြားရေးဝန်ကြီး)

သမ္မတဦးသိန်းစိန်က သူ့အနေနဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ထပ်ပြီး အရွေးခံမယ် မခံဘူးဆိုတာ ပြည်သူ့ဆန္ဒကိုကြည့်ပြီး ဆုံးဖြတ်မယ်လို့ လက်ရှိသွားနေတဲ့ ဥရောပခရီးစဉ်အတွင်း ပြောလိုက်တဲ့အပေါ် မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ပြီး သမ္မတအဖြစ် ဒုတိယအကြိမ် ဆက်ပြီး ထမ်းဆောင်ဖို့ ရှိမရှိ ဥရောပခရီးစဉ်အတွင်း မေးခဲ့တာကို ဦးသိန်းစိန်က အဲဒီလိုဖြေကြားခဲ့တာပါ။ ဒီအပေါ် တုံ့ပြန်ချက်တွေကို မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်က သူ့ကို ပြည်သူက လိုလားတယ်ဆိုရင် ၂၀၁၅ မှာ သမ္မတဆက်လုပ်ဖို့ ရှိမရှိ ဆုံးဖြတ်မှာဖြစ်တယ်လို့ ဥရောပခရီးစဉ်အတွင်း ဥရောပ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ဖြေကြားခဲ့တဲ့အကြောင်း သမ္မတပြောခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ပြည်တွင်းထုတ် 7 Days နေ့စဉ်သတင်းစာကို ပြောဆိုလိုက်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို သမ္မတဦးသိန်းစိန်က ပြည်သူ့ဆန္ဒ သဘောထားအရ သမ္မတ ဆက်လုပ်မယ်မလုပ်ဘူးလို့ ဆုံးဖြတ်ထားတဲ့အကြောင်း ပြောဆိုမှုအပေါ်မှာ မြန်မာ့နိုင်ငံရေးအင်အားစုတွေအကြား အမြင်အမျိုးမျိုး ရှိနေကြပါတယ်။

မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအရ ခွင့်ပြုထားတဲ့ ရွေးကောက်ပွဲစနစ်နဲ့ သမ္မတရွေးချယ်ပုံတွေအရ ပြည်သူ့သဘောဆန္ဒအရ နိုင်ငံတော်သမ္မတဖြစ်ဖို့ မဖြစ်ဖို့ဆိုတာ ပြည်သူ့ဆန္ဒ သဘောထားပေါ်မှာ မူတည်တာမဟုတ်တဲ့အတွက် သမ္မတဦးသိန်းစိန်ရဲ့ ပြောဆိုပုံဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ အတိုက်အခံပါတီ NLD ရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ထောက်ပြလိုက်ပါတယ်။

“သူကပြောတာ ပြည်သူ့ဆန္ဒအရပဲဆိုတော့ တော်တော်တော့ ခက်တာပဲ။ သမ္မတရွေးချယ်ရေးစနစ်က Indirect ရွေးတာလေ။ ပြည်သူ့ဆန္ဒ တိုက်ရိုက်မှ မဟုတ်ဘဲ၊ သူက ဘယ်လို ဆိုလိုတာလဲတော့ မပြောတတ်ဘူးဗျ။ ဒီအဖြေကတော့ အမှန်တော့- တည့်တည့်ဆိုရင်တော့ သမ္မတဆက်လုပ်မယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။”

ဦးဉာဏ်ဝင်းလိုပဲ နောက်ထပ် မေးခွန်းထုတ်တဲ့သူတစ်ဦးကတော့ မြန်မာအရေး လေ့လာအကဲဖြတ်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ရန်မျိုးသိန်းဖြစ်ပါတယ်။ ပြည်သူတွေကသာ ဆန္ဒရှိရင် သမ္မတ ဆက်လုပ်မယ် မလုပ်ဘူးလို့ ပြောဆိုပေမဲ့ ပြည်သူတွေရဲ့ဆန္ဒကို ဘာနဲ့တိုင်းတာမလဲလို့ သူက အခုလို ဆန်းစစ်လိုက်ပါတယ်။

“သမ္မတအနေနဲ့ ပြည်သူတွေက ဆန္ဒရှိရင်ဆက်ပြီးလုပ်မယ်လို့ ပြောတဲ့သဘောက အဲဒီပြည်သူတွေရဲ့ဆန္ဒ ရှိတယ်၊ မရှိဘူးဆိုတာကို ဘယ်လို တိုင်းတာမလဲလို့ မေးခွန်းထုတ်စရာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတကို ပြည်သူကနေ တိုက်ရိုက် elected ၊ ဒါရိုက် election လုပ်ပြီးတော့ တက်တဲ့လူမဟုတ်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ပြည်သူတွေရဲ့ဆန္ဒကို သမ္မတက ဘယ်လို တိုင်းတာမလဲ၊ အဲဒီလို သမ္မတပြောသလို ဖြစ်ဖို့ဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဌာန်းထားတဲ့ သမ္မတရွေးကောက်တဲ့ပုံစံကို ပြင်ဆင်ပြောင်းလဲနိုင်မှ ဖြစ်မယ်။ ပြည်သူလူထုကနေ တိုက်ရိုက် ရွေးကောက်တဲ့ပုံစံမျိုးကို ပြောင်းလဲနိုင်မှသာလျှင် သမ္မတပြောတဲ့စကားနဲ့ ဆီလျော်မှုရှိမယ်လို့ မြင်တယ်။”

လာမယ့်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက မဟုတ်ဘဲ လူထုကြိုက်လို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိဝန်ကြီးများဟာ နိုင်ငံရေးပါတီ တစ်ခု ထောင်ပြီး ရွေးကောက်ပွဲဝင်လာနိုင်တဲ့ သဘောရှိတယ်လို့လည်း ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယခေါင်းဆောင်လည်းဖြစ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာအေးမောင်က ပြောပါတယ်။

“အခု ပြည်ခိုင်ဖြိုးပါတီအနေနဲ့က သူ့ကို သမ္မတလောင်း ရွေးမရွေးဆိုတာ တပိုင်းဖြစ်သွားပြီပေါ့နော်။ လူထုဆန္ဒအပေါ်မှာဆိုရင် ဒီကြားထဲမှာ သီးသန့်၊ တနည်းအားဖြင့် သူ ပါတီတခုခွဲထောင်လာနိုင်တာပေါ့။ ဟုတ်ပြီနော်- လူထုကချစ်လို့၊ တနည်းအားဖြင့် သူ့ကို ဝိုင်းရံနေတဲ့ ဝန်ကြီးအဖွဲ့ ရှိမှာပေါ့။ အကြံပေးအဖွဲ့ ရှိမှာပေါ့ဗျာ-နော်။ သမ္မတနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တော်တော်များများဟာ သမ္မတကြောင့် ဖြစ်နေကြတာကိုး။ အဲဒီတော့ သမ္မတဟာ သူ့ကို ဝိုင်းရံနေတဲ့ဝန်ကြီးအဖွဲ့အပါအဝင် တခြားပုဂ္ဂိုလ်တွေရဲ့ အကြံပြုချက်၊ လူထုရဲ့ အကြံပြုချက်ဆိုတာမျိုးနဲ့ ပါတီလေး ထောင်လာမှာပေါ့။ ဒါက သူ့ဘက်ကလေ။”

အခုလို သမ္မတဦးသိန်စိန်ရဲ့ ပြောဆိုချက်ဟာ လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ နောက်တစ်ကြိမ် ပြန်လည် ရွေးကောက်ခံဖို့ရှိတယ် ဆိုတာကို ပြသလိုတဲ့ သဘောဖြစ်တယ်လို့ ရှုမြင်နိုင်တဲ့အကြောင်း Generation Wave အဖွဲ့ ခေါင်းဆောင် ကိုမိုးသွေးက ပြောပါတယ်။

သမ္မတဦးသိန်းစိန်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး နောက်ပိုင်းကာလမှာ ဘယ်သူပဲ သမ္မတဖြစ်လာဖြစ်လာ တိုင်းပြည်တိုင်းငြိမ်အေးချမ်းရေးကိုပဲ လိုလားတယ်လို့ ဆွစ်ဇာလန်နိုင်ငံမှာတုန်းက ပြောဆိုခဲ့ထာကို တွေ့ရတယ်လို့ သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။

“သူပြောတာက တိုင်းပြည် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်မယ်၊ ပြည်သူတွေကလည်း သဘောကျတယ်ဆိုရင် ဘယ်သူပဲတက်တက် တက်စေချင်တဲ့သဘောထားကို ပြောပါတယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းတယ်၊ ပြည်သူလူထုကလည်း သဘောကျတယ်၊ ထောက်ခံတယ်ဆိုရင် ဘယ်သူပဲ တက်တက် တက်စေချင်တယ်-အဲဒါပဲ။”

အစောပိုင်းကာလတွေတုန်းကတော့ သမ္မတဦးသိန်းစိန်က သူ့အနေနဲ့ လာမယ့် ၂၀၁၅ မှာ ရွေးကောက်ပွဲ ဝင်မဝင်ပြောဖို့ စောသေးတယ်လို့ သမ္မတပြောခွင့်ရှိသူက တစ်ဆင့် ပြောခဲ့ဖူးသလို ၂၀၁၅ ရွေးကောက်ပွဲတွေပြီးရင် သူ့အနေနဲ့ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ပြီး အေးအေးဆေးဆေး နေမယ်လို့လည်း ဒီနှစ်ထဲမှာ ပြောခဲ့ဖူး ပါတယ်။

လက်ရှိအချိန်မှာတော့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲပြီးရင် ပြည်သူတွေအတွက် လုပ်ပိုင်ခွင့်အပြည့်အဝနဲ့ လိုအပ်တာတွေလုပ်ပေးနိုင်ဖို့ သမ္မတ ဖြစ်ချင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသလို လက်ရှိ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းကလည်း သမ္မတဖြစ်ချင်တယ်လို့ ဝန်ခံ ပြောဆိုထားတာပါခင်ဗျား။

XS
SM
MD
LG